CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 16, 2017
ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်တွေဖတ်စေချင်သည်
Public Policy ဗဟုသုတအဖြစ်ပြန်လည်မျှဝေပါသည်
ချင်းပြည်နယ်ဖွံ့ဖြိုးရေး
(40-60 Window)
ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက်ဆိုလျင် နိုင်ငံတော်အစိုးရမှ နှစ်စဉ်ခွဲဝေ ချထားပေးသော (တနည်း) ပြည်ထောင်စု+ပြည်နယ် ဟူသော ခေါင်းစဉ်နှစ်ခုဖြင့် ချင်းပြည်နယ်မှ နှစ်စဉ်ခွဲဝေရရှိသော ဘတ်ဂျတ်နှင့် လုံလောက်ခြင်း မရှိပါ။ နှစ်စဉ် နိုင်ငံတော်မှ ခွဲဝေ ချထားပေးသော ဘတ်ဂျတ်ကို အဓိကအားဖြင့် လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ရုံး အဆောက်အဦအစရှိသော အခြေခံအဆောက်အအုံ များ (infrastructure) တည်ဆောက်ရေးအတွက် အသုံးပြုပါသည်။ ထို့ကြောင့် အစိုးရဘတ်ဂျတ် အများဆုံးကို တည်ဆောက်ရေးလုပ်ငန်းများအတွက် အသုံးပြုခြင်းဖြစ်ပါသည်။
လူတစ်ဦးချင်း၊ မိသားစု တစ်စုချင်းအတွက် လူမှုစီးပွားဖွံ့ဖြိုးရေး (တနည်း) ဝင်ငွေတိုးရေးနှင့် နေထိုင်မှုအဆင့်အတန်းတိုးတက်လာ ရေးအတွက် ပြည်သူလူထုများကိုယ်တိုင် သုံးစွဲရပါသည်။ လူတစ်ဦး ချင်း၊ မိသားစု တစ်စုချင်း ဖွံ့ဖြိုးလာနိုင်ဖို့ ၎င်းတို့ကိုယ်တိုင် ရင်းနှီး မြှပ်နှံရန် သို့မဟုတ် တစ်စုံတဦးက ရင်းနှီးမြှပ်နှံပေးရန် လိုအပ် ပါသည်။ နိုင်ငံတော်မှ ခွဲဝေချထားပေးသော နှစ်စဉ် ဘတ်ဂျတ်မှ သုံးစွဲနိုင်ခြင်း မရှိပါ။ ထို့ကြောင့် လူတစ်ဦးချင်း၊ မိသားစု တစ်စုချင်း အတွက် အစိုးရဘတ်ဂျတ်မဟုတ်သော ရင်းနှီးမြှပ်နှံမှု လိုအပ်ပါ သည်။
ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် နှစ်စဉ် ငွေကျပ် ၁၀၀ လိုအပ်သည် ဟု ဆိုပါစို့။ နိုင်ငံတော်မှ ယခုလက်ရှိပေးနိုင်သော ပမာဏသည် ၄၀ ကျပ်သာရှိပြီး၊ နောက်ထပ် ၆၀ ကျပ် လိုအပ်သေးသည်ဟူသော အယူအဆကို ၄၀-၆၀ ပြတင်းပေါက် (40-60 window) ဟူ၍ ခေါ်ဝေါ်ကြည့်ပါသည်။ ဤအယူအဆအရ ချင်းပြည်နယ် ဖွံ့ဖြိုးရေး အတွက် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက်ဆိုလျင် ပြင်ပ/ပုဂလိက ရင်းနှီးမြှပ်နှံမှု မဖြစ်မနေလိုအပ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ချင်းပြည်နယ်အတွက် လိုအပ်သည်မှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှပ်နှံမှုများများ ဝင်ရောက်လာဖို့ဖြစ်ပါသည်။ 40-60 Window ယူဆချက်အရ လုံလောက်သော ပြည်တွင်း/ပြည်ပ ရင်းနှီးမြှပ်နှံမှု မရှိဘဲ ချင်းပြည်နယ် မဖွံ့ဖြိုးနိုင်ပါကြောင်း။ ။
၄၀-၆၀ ပြတင်းပေါက် (40-60 Window) အယူအဆဆိုတာ နိုင်ငံတော် အစိုးရက ချင်းပြည်နယ်အတွက် နှစ်စဉ်ခွဲဝေချထား ပေးတဲ့ ရန်ပုံငွေ တစ်ခုတည်းကိုပဲ အသုံးပြုပြီး ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ဖို့ ရန်ပုံငွေ မလုံလောက်ဘူးဆိုတဲ့ စဉ်းစားချက်မှာ အခြေခံတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် လုပ်ကြရင် အစိုးရရဲ့အား တစ်ခုတည်းနဲ့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း မီးမောင်းထိုးချင်တာ ဖြစ်ပါတယ်။
အရေးကြီးတာက ၄၀ ဘက်ခြမ်းကိုအခြေခံပြီး ၆၀ ဘက်ခြမ်းကို အားထည့် ဖို့ဖြစ်ပါတယ်။ လောလောဆယ် ၆၀ ဘက်ခြမ်းက ပျောက်နေပါ သေး တယ်။ ၂၀၁၅-၁၆ ဘတ်ဂျတ်နှစ်အထိ ချင်းပြည်နယ်က အစိုးရ မဟုတ်တဲ့ ပြင်ပ ရင်းနှီးမြှပ်နှံမှု သုည (Zero Investment) အခြေအနေ ဖြစ်ခဲ့ပါ တယ်။ ယခုအစိုးရရဲ့ ၅ နှစ်သက်တမ်းအတွင်း ဘဲဥကွဲ ရုံမက ၆၀ ဘက်ခြမ်းရဲ့ တစ်ဝက် လောက်အထိ ရလာအောင် ဖိတ်ခေါ်နိုင်ပါမှ ချင်းပြည်နယ်အတွက် အလားအလာ ကောင်းပါလိမ့်မယ်။
၆၀ ဘက်ခြမ်း ပြည့်မီလာအောင်ဆိုရင် ပုဂလိက ရင်းနှီးမြှပ်နှံမှုတွေ ကို အထူးအားပေးဖိတ်ခေါ်ရမှာဖြစ်ပါတယ်။ ပုဂလိက ရင်းနှီးမြှပ်နှံသူ တွေ အားကောင်းလာမှ မလိုအပ်တဲ့ ဘဏာငွေ အလေအလွင့် မဖြစ် အောင်၊ လုပ်ငန်းနှင့် ဝန်ထမ်းများရဲ့ အရည်အသွေး မပြည့်မီမှုတွေ မဖြစ်အောင်... ထိန်းသိမ်းသွားနိုင်မှာဖြစ်ပါတယ်။ ၄၀ ဘက်ခြမ်းကို အားပြုနေသရွေ့ အခုနက စိန်ခေါ်မှုတွေက ကြီးစိုးနေအုံးမှာပါ။ လက်ရှိအစိုးရလက်ထက်မှာတော့ ချင်းပြည်နယ်ကို ရင်းနှီးမြှပ်နှံမှု ဝင်ရောက်လာဖို့ အခြေအနေကောင်းတွေ ရှိနေပါတယ်။
အဲဒီအတွက် ပုဂလိက ကဏ(private sector) အားကောင်း လာဖို့၊ ကော်ပိုရိတ် ရင်းနှီးမြှပ်နှံမှုတွေ (corporate investment) တွေ ဝင်ရောက်လာနိုင်ဖို့ အားကြိုးမာန်တက် ဆောင်ရွက်ကြရမှာပါ။ အစိုးရရဲ့တာဝန်ကတော့ ၆၀ ဘက်ခြမ်းမှာ ပိုက်ဆံတွေ စည်းကမ်းတကျ... ပွင့်လင်းမြင်သာမှုရှိရှိ... ပြည်နယ်သူ၊ ပြည်နယ်သားတွေကို ထိခိုက်နစ်နာမှု မရှိစေဘဲ... ဝင်ရောက်လာနိုင် ဖို့ ၄၀ ဘက်ခြမ်းကနေ စနစ်တကျ မှန်မှန်ကန်ကန် စီမံခန့်ခွဲပေးဖို့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာမှာလို နောက်ထပ် စီမံခန့်ခွဲမှု အလွဲတွေ ထပ်မံ မဖြစ်ပေါ်ဖို့ အားလုံးဝိုင်းဝန်း ကြိုးစားရမှာပါ။ ။
Micro, Small and Medium Enterprises
ချင်းပြည်နယ် လူဦးရေ၏ ၇၄ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြောင်း ကုလသမဂအဖွဲ့အစည်းတစ်ခု၏ စစ်တမ်းတွင် ဖော်ပြ ထားပါသည်။ ထို့ကြောင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးဟုဆိုလျင် ယင်း ၇၄ ရာခိုင်နှုန်းသော လူများစုကြီးကို အခြေခံ၍ စဉ်းစားသော ဖွံ့ဖြိုးရေးဖြစ်ရပါမည်။ ထို့ကြောင့် ချင်းပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒသည် ဆင်းရဲနွမ်းပါးသူများကို ဦးတည်စဉ်းစားသော၊ ဆင်းရဲနွမ်းပါးသူများအတွက် အပြောင်းအလဲ ကို ဖော်ဆောင်ပေးနိုင်သော မူဝါဒမျိုး (Pro-poor policy) ဖြစ်ရပါမည်။
လက်ရှိတွင် ချင်းပြည်နယ်အစိုးရအနေဖြင့် ချင်းပြည်နယ်အတွင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SMEs) ဖွံ့ဖြိုးရေးကို ဆင်းရဲနွမ်းပါးသူများကို အခြေခံစဉ်းစားသော မဟာဗျုဟာ (Pro-poor strategy) တစ်ရပ်အဖြစ် အသုံးပြုနိုင်ရန် ကြိုးစားလျှက် ရှိပါသည်။ သို့သော် လက်ရှိအသုံးပြုနေသည့် အသေးစားနှင့် အလတ်စား လုပ်ငန်း (Small and Medium Enterprise) နှင့် ပတ်သက်သော အဓိပါယ် သတ်မှတ်ချက်အရ ချင်းပြည်နယ်ရှိ လူအများစုအတွက် တကယ် အလုပ်ဖြစ်မည့်အနေအထားမှာ အိမ်တွင်း/မိသားစုအခြေပြု တစ်ပိုင်တနိုင် လုပ်ငန်းများ (Micro Enterprise) အဆင့်ဖြင့် စတင်ဆောင်ရွက်ရန်ဖြစ်ပါသည်။
တစ်ပိုင်တနိုင်လုပ်ငန်းများကို အခြေပြု၍ SME အားကောင်း အောင် ပံ့ပိုးကူညီနိုင်လျင် လူတစ်ဦးချင်း/မိသားစု ဝင်ငွေ ပိုမို တိုးတက်လာ နိုင်မည်ဖြစ်သလို၊ ပြည်နယ်တွင်း အလုပ်လက်မဲ့ ပြသနာကိုလည်း အတိုင်းအတာတစ်ခုထိ ဖြေရှင်းလာနိုင်မည် ဖြစ် ပါသည်။ ချင်းပြည်နယ်အတွင်း တစ်ပိုင်တနိုင်လုပ်ငန်းများ အဆင့် ဖြင့် အစပြု သော SME လုပ်ငန်းများ အားကောင်းလာနိုင်ရေး အတွက် အရေး တကြီး လိုအပ်သည်မှာ နည်းပညာ (technology)၊ အရင်းအနှီး (capital)နှင့် ဈေးကွက် ချိတ်ဆက်ခြင်း (market accesibility) တို့ဖြစ်ပါသည်။
ထို့ကြောင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးဟုဆိုလျင် ချင်းပြည်နယ် အတွင်း လူတစ်ဦးချင်း/မိသားစုတစ်စုချင်း ထုတ်ကုန် ထုတ်လုပ် နိုင်ရေးကို အလေးထားရမည် ဖြစ်ပါသည်။ ထိုအတွက် ချင်း ပြည်နယ်အတွင်း private sector အားကောင်းလာအောင် အားပေးဆောင်ရွက်ဖို့ လိုအပ်ပါသည်။ ထို့အတူ အစိုးရအနေဖြင့် လည်း ရှုပ်ထွေးကြန့်ကြာသော လုပ်ထုံးလုပ်နည်းအဆင့်များကို ဖြေလျှော့ ပေး နိုင်ဖို့ ဆောင်ရွက်ရပါမည်။ ကြိုးနီစနစ်များလေလေ ဆင်းရဲနွမ်းပါးသော မိသားစုများအနေဖြင့် နိုင်ငံတော်၏ အကူအညီ အထောက်အမ ရနိုင်ခြေ နည်းလေလေ ဖြစ်တတ်ပါသည်။ ။
Branded Local Products
ချင်းပြည်နယ်မှ ဈေးကွက်ရောင်းတန်းဝင် ထွက်ကုန်မရှိဘူးဟု ပြောလျင် မိမိအနေဖြင့် လက်မခံနိုင်ပါ။ ချင်းပြည်နယ်တွင် မြန်မာပြည်တွင်းမှာသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည့် ထွက်ကုန်များရှိပါသည်။ အရည်အသွေးရော၊ အရေအတွက်ပါ လုံလောက်စွာထုတ်လုပ်နိုင်သောထွက်ကုန်များ ဖြစ်ပါသည်။ အောက်တွင် ဥပမာအချို့ကို ဖော်ပြပါမည်။
တီးတိန်ဘက်တွင် စိုက်ပျိုးထုတ်လုပ်သော ချင်းတောင် ကော်ဖီ သည် မြန်မာနိုင်ငံတွင်သာမက အရှေ့တောင် အာရှဈေးကွက်သို့ပါ အသာတကြည် ထိုးဖောက်နိုင်သော ထွက်ကုန်တစ်ခုဖြစ်ပါသည်။ အရည်အသွေးမှာ နိုင်ငံတကာ စံချိန်စံညွန်းပြည့်မီသည်သာမက၊ အနံ့ အရသာမှာလည်း ပြည်တွင်း၊ ပြည်ပ ကော်ဖီသောက်သုံးသူ များ အကြိုက်ဖြစ်ပါသည်။ ယခုအချိန်သည် မြန်မာနိုင်ငံတွင် သာမက အရှေ့တောင်အာရှတခွင်တွင်ပါ ကော်ဖီသောက်သုံးသူ အရေ အတွက်မှာ တစ်နေ့တခြား တိုးတက် များပြားလာနေချိန် ဖြစ်သဖြင့် ချင်းတောင်ကော်ဖီ၏ ဈေးကွက်သည် ကြီးထွားကျယ်ပြန့် နေသော ဈေးကွက် (expanding market) ဖြစ်ပါသည်။
မင်းတပ်၊ ကန်ပက်လက်ဘက်တွင် စိုက်ပျိုးထွက်ရှိသော ထောပတ် သီးသည်လည်း ပြည်တွင်းတွင်သာမက ထိုင်းနှင့်ဟောင်ကောင် ဈေးကွက်အထိပါ တင်ပို့ရောင်းချနိုင်သောဈေးကွက်ရောင်းတန်း ဝင် ထွက်ကုန်တစ်ခု ဖြစ်ပါသည်။ ယခင်က ချင်းတောင် ထောပတ်သီး အကြောင်း လူသိမများခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံရှိ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူ များ အသိုင်းအဝိုင်းတွင် ချင်းတောင်ထောပတ်သီး ကို Chinogado အဖြစ် တဖြည်းဖြည်း လူသိများလာပြီး၊ ဈေးကွက် အလားအလာ ကောင်းများရှိနေသည့်ထွက်ကုန် (a promising product) တစ်ခု ဖြစ်ပါသည်။
ဟားခါးတဝိုက်တွင် ယက်လုပ်ရောင်းချသော ချင်းရိုးရာ ဂျပ်ခုတ် ထည် များသည် နောက်ထပ် ဈေးကွက်ရောင်းတန်းဝင် ထုတ်ကုန် တစ်ခုဖြစ်ပါသည်။ ဝတ်ဆင်သူအမျိုးသမီး အမျိုးသားများ (လူကြီး၊ လူငယ်မရွေး) အတွက် စတိုင်ရှိခြင်း၊ အဆင်လှပခြင်း၊ လက်ရာ ကောင်းမွန်ခြင်း စသည်တို့ကြောင့် ထိုင်း ဇင်းမယ်ထည်များကို ဈေးကွက်၌ ကောင်းကောင်း ယှဉ်ပြိုင်နိုင်သော အရည်အသွေးရှိပါ သည်။ အထူးသဖြင့် ဒေသခံအမျိုးသမီးများ ယက်လုပ်ခြင်းဖြစ်သ ဖြင့် women economic empowerment အဖြစ် ပိုလို့ပင် ဈေးကွက်ဆွဲဆောင်မှုရှိပါသည်။
ကန်ပက်လက်၊ ပလက်ဝဘက်တွင် စိုက်ပျိုးထွက်ရှိသော ဝဥသည် တရုတ်ဈေးကွက်တွင် ရောင်းတန်းဝင် ထွက်ကုန်တစ်ခုဖြစ်ပါသည်။
စိုက်ပျိုးရာတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အင်မတန် နည်းပြီး၊ ရွှေ့ပြောင်းတောင်ယာစနစ်ကို အစားထိုးနိုင်သော အခြေအနေလည်းရှိပါသည်။ အခြောက်လှမ်းစနစ်ကို အဆင့်မြှင့် တင် ဆောင်ရွက်နိုင်လျင် ချင်းတောင် ဝဥသည် အော်ဂင်းနစ် ဝဥ အဖြစ် ဈေးကွက်ရောင်းတန်းဝင်နေမည် ဖြစ်ပါသည်။
အထက်တွင် ဖော်ပြသောထွက်ကုန်များမှာ ဥပမာအချို့သာ ဖြစ်ပါ သည်။ ချင်းပြည်နယ်မှ ဈေးကွက်ဝင်ဒေသထွက်ကုန်များအတွက် စိုက်ပျိုးထုတ်လုပ်/ထုပ်ပိုးမှုနည်းပညာ၊ ဈေးကွက်သို့ အရည်အသွေး ပြည့်မီစွာဖြင့်တင်ပို့ ရောင်းချခြင်း နှင့် သုတေသန လုပ်ငန်းများတွင် ငွေကြေးရင်းနှီးမြှပ်နှံမှုပြုလုပ်ရန် လိုအပ်ပါသည်။ ကနဦး ရင်းနှီး မြှပ်နှံမှု (initial investment cost) ပမာဏ အတန်ငယ်များ နိုင်သည့်တိုင် ရေရှည်တွင် အမြတ်ငွေပေါ်နိုင်မှု (return rate) လျင်မြန်သေချာမည့်နယ်ပယ်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
Development Geography
ချင်းပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ချင်းပြည်နယ်ကိုဖွံ့ဖြိုးရေးဇုန်လေးခုဖြင့် စဉ်းစား ကြည့်သင့်ပါသည်။ ပထဝီအနေအထားနှင့် မြေနေရာ အကျယ် အဝန်း၊ လူဦးရေ အချိုးအဆ၊ ဒေသ ထွက်ကုန် အမျိုးအစားနှင့် ကုန်စည်စီးဆင်းမှု လမ်းကြောင်း တူညီ နီးစပ်မှု၊ ဆက်သွယ်ပြောဆို သည့် စကားအုပ်စု တူညီနီးစပ်မှုအစရှိသည်တို့ကို အခြေခံ၍ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းနှင့် တောင်ဘက်စွန်းဟူ၍ ဇုန်လေးခု ပိုင်းခြားစဉ်းစားနိုင်ပါသည်။
မြောက်ပိုင်းဇုန်တွင် တီးတိန်နှင့် တွန်းဇန်မြို့နယ်တို့ ပါဝင်ပါသည်။ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိပါသည်။ ကော်ဖီ၊ ပြောင်း စသည် တို့ကို အဓိက စိုက်ပျိုးထုတ်လုပ်နိုင်ပါသည်။ ရိခေါဒါရ်-တီးတိန်-ကလေး လမ်းကြောင်းဖြင့်လည်းကောင်း၊ ကျီခါး-တွန်းဇန်-တီးတိန်-ကလေး လမ်းကြောင်းဖြင့်လည်းကောင်း ချင်းပြည်နယ် ပြင်ပ နှင့် ကုန်စည်စီးဆင်းမှုရှိပါသည်။
အလယ်ပိုင်းဇုန်တွင် ဖလမ်း၊ ဟားခါးနှင့် ထန်တလန် မြို့နယ်များ ပါဝင်ပြီး၊ လူဦးရေ တစ်သိန်းသုံးသောင်းကျော်ရှိပါသည်။ ဖလမ်း မြို့နယ်အတွင်းမှ မီးဖိုချောင်သုံး အော်ဂင်းနစ်ဟင်းသီးဟင်းရွက်များ အပါအဝင် ပန်းသီး၊ စပျစ်၊ ထောပတ်သီးစသည်ဖြင့် လည်းကောင်း၊ ချင်းရိုးရာဂျပ်ခုတ်ထည်များစသည်ဖြင့်လည်းကောင်း ထုတ်လုပ်နိုင် ပါသည်။ စာစီချောက်-ထန်တလန်-ဟားခါး-ကလေး လမ်းကြောင်း ဖြင့်လည်းကောင်း၊ ထန်တလန်-ဟားခါး-ဂန့်ဂေါ လမ်းကြောင်းဖြင့် လည်းကောင်း ချင်းပြည်နယ် ပြင်ပနှင့် ကုန်စည်စီးဆင်းမှုရှိပါသည်။
တောင်ပိုင်းဇုန်တွင် ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီ မြို့နယ်များ ပါဝင်ပါသည်။ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိပါသည်။ ထောပတ်သီး၊ ဝဥ၊ အစရှိသော ထွက်ကုန်များရှိပါသည်။ ဤဇုန် အတွင်း ခေါနူးစုမ် အမျိုးသားဥယျာဉ်နယ်မြေတည်ရှိသဖြင့် သဘာဝ ခရီးသွားလုပ်ငန်းကို အထူးဆောင်ရွက်နိုင်ပါသည်။ လိုင်လင်းပီ-ရေဇွာ-မတူပီ-အိုက်ကား- ဂန့်ဂေါလမ်းကြောင်းဖြင့်လည်းကောင်း၊ မတူပီ-မင်းတပ်-(ကန်ပက်လက်)-ပခုကူ လမ်းကြောင်းဖြင့် လည်းကောင်း ချင်းပြည်နယ် ပြင်ပနှင့် ကုန်စည်စီးဆင်းမှုရှိပါသည်။ ကျောက်ထုလေယာဉ်ကွင်းကို ပြန်လည်အသုံးပြုနိုင်ပါက ပိုမိုအဆင် ပြေသွားမည်ဖြစ်ပါသည်။
တောင်ဘက်စွန်းဇုန်တွင် ပလက်ဝမြို့နယ်ပါဝင်ပါသည်။ လူဦးရေ တစ်သိန်း မပြည့်တပြည့်ဖြစ်ပါသည်။ ဝဥ၊ သရက်၊ လိမ်မော် အပါအဝင် ကုလားတန်မြစ်ဝှမ်းလွင်ပြင် အခြေပြုစိုက်ပျိုးမှုများ ဆောင်ရွက်နိုင်ပါသည်။ အင်ဒီယနိုင်ငံမှတည်ဆောက်နေသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေးစီမံကိန်းတွင် ပါဝင် သည့် ပလက်ဝဆိပ်ကမ်းကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်ပါ သည်။ ပလက်ဝ-ကျောက်တော်-မန်းတလေး လမ်းကြောင်းဖြင့် လည်းကောင်း၊ မတူပီ-ဆမီး-ကျောက်တော်-စစ်တွေ လမ်းကြောင်း ဖြင့်လည်းကောင်း ကူးလူးသွားလာနိုင်ပါသည်။
ချင်းပြည်နယ်အတွင်းရှိ ဒေသအသီးသီးအား အချိုးညီဖွံ့ဖြိုးတိုးတက် အောင် (equitable development) ဆောင်ရွက်မည်ဆိုလျင် ကိုးမြို့နယ်အခြေပြု စဉ်းစားနည်းထက် ဇုန်လေးခုအခြေပြုစဉ်းစား နည်းက နောက်ထပ်ထည့်သွင်းသင့်သော စဉ်းစားပုံနည်းလမ်းတစ်ခု ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။ ။
From Landlocked state to Land linking state
ချင်းပြည်နယ်၏ ဖွံ့ဖြိုးရေးပထဝီကို ဇုန်လေးခုပိုင်းခြားဆောင်ရွက် လျင် ပြည်နယ်အတွင်း ၄၀ ဘက်ခြမ်းကို စီမံခန့်ခွဲရာတွင် ဘက်မျှ သော အရင်းအမြစ်ခွဲဝေသုံးစွဲမှုဖြစ်ပေါ်နိုင်ရေးအတွက် ဖော်ဆောင်၊ ထိန်းကျောင်းနိုင်မည်ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် ချင်းပြည်နယ် ၏ ဒေသတွင်း ပထဝီအနေအထားတည်ရှိမှုကို အခြေခံ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကို ဖော်ထုတ်ရန်လိုအပ်ပါသည်။
ချင်းပြည်နယ်သည် အနောက်ဘက်ခြမ်းတွင် ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိယ နိုင်ငံတို့တည်ရှိပြီး၊ တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ အရှေ့ဘက်ခြမ်းတွင် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ တည်ရှိ ပြီး၊ တောတောင်ထူထပ်သောပြည်နယ်တစ်ခုဖြစ်သဖြင့် မကြာခဏ ကုန်းတွင်းပိတ်ပြည်နယ် (landlocked state) အဖြစ် တင်စား လေ့ရှိပါ သည်။ ထိုသို့တင်စားရာတွင်လည်း ကုန်သွယ်ရေးအခွင့် အလမ်း နိမ့်ကျနည်းပါးသော၊ မျှော်လင့်နိုင်ဖွယ်အခြေအနေ ရှားပါး သော အဖြစ်အနေမျိုးကို ပုံဖော်လိုဟန်ရှိပါသည်။
အမှန်တွင် ချင်းပြည်နယ်သည် အင်ဒီယနိုင်ငံ၏ အရှေ့ဘက်သို့ ဆန့်ထွက်ခြင်းမူဝါဒ (Act East Policy) (ယခင်က အရှေ့ဘက် သို့ မျှော်ကြည့်ခြင်းမူဝါဒ -Look East Policy ဟုခေါ်သည်) ၏ အချက်အခြာ တံခါးပေါက်တွင်ရှိနေပါသည်။ ချင်းပြည်နယ် မပါဘဲ အင်ဒီယအနေဖြင့် Act East Policy ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပါ။
ထို့အတူ ကုလားတန်မြစ်ကြောင်းဘက်စုံသုံးပို့ဆောင်ရေး စီမံကိန်း ၏လိုရင်းဖြစ်သော ကာလကတား-စစ်တွေ-ပလက်ဝ-ဆိုင်ဟာ လမ်းကြောင်းမှတစ်ဆင့် အင်ဒီယ အရှေ့မြောက်ပိုင်းပြည်နယ် များ၏ ပင်လယ်ထွက်ပေါက်ရရှိရေးသည်လည်းကောင်း၊ မီဇိုရမ်ပြည်နယ် အတွက် အိုင်ဇော- စမ်ဖိုင်-ရိခေါဒါရ်- ကလေး-မန်းတလေး-မြဝတီ လမ်းကြောင်းမှတဆင့် အာဆီယံဒေသတွင်းသို့ ကုန်စည်ကူးသန်း ရောင်းဝယ်ရေးသည် လည်းကောင်း ချင်းပြည်နယ်ကို ဆက်ကြောင်း နယ်မြေ (landlink) အဖြစ် အသုံးမပြုဘဲ မဖြစ်နိုင်ပါ။
ထို့ကြောင့် အင်ဒီယနှင့် အာဆီယံ အသိုက်အဝန်းနှစ်ခုကြား ချိတ်ဆက် လမ်းကြောင်းပေါ်တွင်ရှိသော ချင်းပြည်နယ်အနေဖြင့် အင်ဒီယဘက်ကို ဈေးညှိ (bargain လုပ်) နိုင်ရန်လိုအပ်ပါသည်။
ထို့အတွက် ရေရှည်တွင် မဟာဗျုဟာမြောက် အလုပ်ဖြစ်နိုင်သော နယ်စပ်ဆက်ဆံရေးနှင့် ကုန်သွယ်ရေးမူဝါဒကောင်းကောင်းရှိဖို့နှင့် ရင်းနှီးမြှပ်နှံရေးဆိုင်ရာများကို ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ယူ ဆောင်ရွက်နိုင်မည့် ဖွံ့ဖြိုးရေးဘောဂဗေဒပညာရှင်များ (development economists) လိုအပ်ပါသည်။
Transport Connectivity
ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်
အရာများတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု (basic infrastructure development) သည် ပြင်ပရင်းနှီးမြှပ်နှံမှု ဝင်ရောက်နိုင်ရေးအတွက် အရေးကြီးသကဲ့သို့၊ ပြင်ပရင်းနှီးမြှပ်နှံမှု ကို ဖိတ်ခေါ်ရမည့်ကဏလည်းဖြစ်ပါသည်။ ၎င်းအခြေခံ အဆောက် အအုံများအနက် ပထမအရေးကြီးဆုံးလိုအပ်ချက်မှာ ၁၂ လ စလုံး လုံခြုံချောမွေ့စွာ အသုံးပြုသွားလာနိုင်သည့်လမ်းပန်းဆက်သွယ် ရေး လမ်းကြောင်းပင် ဖြစ်ပါသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ ချင်းပြည်နယ် လမ်းဦးစီးဌာန ၏ စာရင်းအရ ချင်းပြည်နယ်တွင် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲ သည့် လမ်း (၈) လမ်း၊ ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်း (၂၃) လမ်း၊ စုစုပေါင်း (၃၁)လမ်းရှိပြီး၊ လမ်းအရှည်မိုင်ပေါင်း (၁၂၂၄) မိုင် (၃) ဖာလုံဖြစ်ပါသည်။ အမျိုးအစားအလိုက် ပြောရ လျင် ကွန်ကရစ် လမ်း (၆) ဖာလုံ၊ ကတ်တရာလမ်း (၃၈၅) မိုင် (၄) ဖာလုံ၊ ကျောက်ခင်း လမ်း (၂၇၉) မိုင် (၆) ဖာလုံ၊ အမာခံလမ်း (၁၇၉) မိုင် (၁) ဖာလုံ၊ မြေလမ်း (၃၇၉) မိုင် (၂) ဖာလုံဖြစ်ပါသည်။
အထက်ပါစာရင်းသည် လမ်း ဦးစီးဌာနပိုင်လမ်းများဖြစ်ပြီး၊ မြို့တွင်း စည်ပင်ပိုင်လမ်းများ၊ ကျေးလက်ဦးစီးဌာနနှင့် နတလဦးစီးဌာနပိုင် ကျေးရွာချင်းဆက်လမ်းများနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်း များ၊ ရွာသူရွာသားများကိုယ်ထူကိုယ်ထဖောက်လုပ်သည့်လမ်းများ ပါဝင် ခြင်း မရှိသေးပါ။ မြို့နယ်အကျယ် အဝန်းနှင့် လူဦးရေ အချိုးအဆ အရ ကားလမ်းမိုင်အနည်းဆုံးမှာ ပလက်ဝမြို့နယ် ဖြစ်ပါသည်။ ပလက်ဝမြို့နယ်တွင် ကားလမ်းအစား ကုလားတန်နှင့် လေးမြို့မြစ် တို့ကို အသုံးပြုကြသော်လည်း ရေလမ်းသည် လုံခြုံ ချောမွေ့သော လမ်းပန်းဆက်သွယ်အခြေအနေတစ်ခု မဟုတ်ပါ။
လေကြောင်းသွားလာရေးအတွက် မြောက်ပိုင်းနှင့် အလယ်ပိုင်း မြို့နယ်များ (တွန်းဇန်၊ တီးတိန်၊ ဖလမ်း၊ ဟားခါးနှင့် ထန်တလန်) အနေဖြင့် ကလေးမြို့လေယာဉ်ကွင်း၊ တောင်ဘက်စွန်း မြို့နယ် (ပလက်ဝ)အနေဖြင့် စစ်တွေလေယာဉ်ကွင်းတို့ကို အသုံးပြုလျှက်ရှိ ပါသည်။ ကျောက်ထုလေယာဉ်ကွင်းကို ပြန်လည်အသုံးပြုနိုင်ပါက တောင်ပိုင်းမြို့နယ်များ (ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီ) အနေ ဖြင့် သွားလာရေးပိုမို မြန်ဆန်လွယ်ကူသွားမည်ဖြစ်ပါသည်။
လက်ရှိအစိုးရလက်ထက် ဖလမ်းမြို့တွင် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှတာဝန်ယူ၍ လေယာဉ်ကွင်း တည်ဆောက်လျှက်ရှိပါ သည်။ လိုင်လင်းပီနှင့် ပလက်ဝမြို့များတွင်လည်း အသေးစား လေယာဉ်ကွင်းကို ပုဂလိကမှ တည်ဆောက်နိုင်ရန် ခွင့်ပြုထားပြီး ဖြစ်ပါသည်။
အထူးအရေးကြီးသည်မှာ ချင်းပြည်နယ်မြို့အသီးသီးမှ မြို့တော် ဟားခါးသို့ တစ်ရက်အတွင်း ရောက်ရှိနိုင်ရေးဖြစ်ပါသည်။ ထို့အတူ ချင်းပြည်နယ် အတွင်းရှိမြို့များမှ ချင်းပြည်နယ် ပြင်ပသို့ အချိန်တို အတွင်း ကူးလူးဆက်ဆံသွားရောက်နိုင်ရန်လိုအပ်ပါသည်။ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်းသည် ပြင်ပရင်းနှီးမြှပ်နှံမှု ဝင်ရောက် နိုင်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ချင်းပြည်နယ် အတွက် လမ်းပန်းဆက်သွယ်ရေး သည် ဖွံ့ဖြိုးရေး ဆိုင်ရာသာမက နိုင်ငံရေးရာလည်း ဖြစ်ကြောင်း (transport is not only development issue but also political issue) သတိချပ်ရပါမည်။
Narrowing the Connectivity Gaps
ချင်းပြည်နယ်အတွင်းရှိ မြို့နယ် (၉)မြို့နယ်အကြား လမ်းပန်းဆက် သွယ်မှုသည် ယခုထက်ပိုမို လွယ်ကူကောင်းမွန်ပြီး၊ အချင်းချင်း ကူးလူး ဆက်ဆံသွားလာမှုလည်း များပြားလာလျင် ချင်းလူမျိုးများ အချင်းချင်းကြားတွင် အပြန်အလှန် နားလည်မှုနှင့် ချစ်ခင်ညီညွတ်မှု ပိုမိုဖြစ်ထွန်းလာနိုင်မည်ဖြစ်သည်။ တောင်ပိုင်း၊ မြောက်ပိုင်းဆိုသည့် ပြောဆိုသုံးနှုံးမှုများမှသည် ဒေသစွဲ၊ မြို့နယ်စွဲစိတ်များပေါ်ပေါက် ကာ အချင်းချင်း တစ်စိတ်တဝမ်းတည်း မဖြစ်ရသည့်အကြောင်း ချင်းရာ များအနက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် အချင်းချင်း ထိတွေ့မှု နည်းရခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။
ဖွံ့ဖြိုးမှုနိမ့်ကျသောဒေသများမှာ သာမန်အားဖြင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲလေ့ရှိသကဲ့သို့၊ လမ်းပန်းဆက်သွယ်မှုခက်ခဲသော နေရာဒေသများမှာ ဖွံ့ဖြိုးမှု နောက်ကျလေ့ရှိပါသည်။ လမ်းပန်း ဆက်သွယ်မှု ခက်ခဲသဖြင့် ကုန်စည်ဝင်ထွက်စီးဆင်းမှုနည်းပါးလေ့ ရှိသကဲ့သို့၊ ဒေသတွင်းရှိ လူမှုအသိုင်းအဝိုင်းတစ်ခုနှင့်တစ်ခုကြား တွင်လည်း ကုန်သွယ်မှု အကြောင်းပြုကူးလူးဆက်ဆံမှု နည်းပါးလေ့ ရှိပါသည်။ ထိုအခါ လူမှုအသိုင်းအဝိုင်းများကြားတွင် ဆက်သွယ် ဆက်ဆံမှု လေဟာနယ် (communication vaccum) များ ပေါ်ပေါက်လာကာ ခံယူချက်နှင့် ရှုမြင်သုံးသပ်မှု ကွဲပြားခြင်းများ ကြီးစိုးအားကောင်းလာတတ်ပါသည်။
ကောင်းမွန်သောလမ်းများသည် လူမှုအသိုင်းအဝိုင်းများကြား ရင်းနှီး နွေးထွေးသော ဆက်သွယ်ဆက်ဆံမှုတည်ဆောက်ဖို့ ကူညီအားပေး ပါသည်။ အပြန်အလှန်ကူးလူးဆက်ဆံမှုများက ဘုံနားလည်သော ပြောဆိုဆက်ဆံမှုကို ဦးတည်ဖြစ်ပွားစေပါသည်။ လေ့လာချက်များ အရ ချင်းပြည်နယ်အတွင်းမှာပင် ကောင်းမွန်သော လမ်းများရှိပြီး၊ ဘုံနားလည်သော ဘာသာစကားသုံးစွဲမှုရှိသည့် မြို့နယ်များက လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဘုံနားလည်သော ဘာသာစကား ပြောဆိုသုံးစွဲနိုင်မှုနည်းပါးသောမြို့နယ်များထက် ပို၍ ဖွံ့ဖြိုး တိုးတက် ကြောင်းတွေ့ရပါသည်။
ထို့ကြောင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက်ဆိုလျင် ချင်းပြည်နယ် အတွင်း မြို့နယ်များအားလုံးနှင့် ချိတ်ဆက်သော ကောင်းမွန်သည့် လမ်းများရှိဖို့ လိုအပ်ပါသည်။
Credit ဆလိုင်းအိုက်ဇက်ခင်
ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်တွေဖတ်စေချင်သည်
Reviewed by MP4 YoU
on
May 16, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment