Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 13, 2017

တပ်မတော် သွေးသစ်လောင်းချိန်

မြန်မာ့တပ်မတော်တွင် ထိပ်တန်းရာထူးအချို့ ပြောင်းရွှေ့ခဲ့သည်။ ပြောစမှတ်တွင်မည့် အပြာင်းအရွှေ့လည်း ပါသည်။ ယခုမြင်တွေ့ရသည့် တပ်တွင်းရာထူးအပြောင်းအလဲက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စီမံကိန်းကို မီးမောင်းထိုးပြနေသည်။

ယင်းမှာ တပ်မတော်ကို သွေးသစ်လောင်းမည့် စီမံကိန်း ဖြစ်သည်။

တပ်တွင်းရာထူး အပြောင်းအရွှေ့ကို မေလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး အပြောင်းအရွှေ့စာရင်း၏ ထိပ်တန်းရာထူးများတွင် ဗိုလ်ချုပ်အဆင့် သုံးဦး၊ ဗိုလ်မှူးချုပ်အဆင့် ရှစ်ဦးနှင့် ဗိုလ်မှူးကြီးအဆင့် ငါးဦး ပါဝင်နေသည်။

ဗိုလ်ချုပ်နှစ်ဦးကို ရာထူးတာဝန် တိုးမြှင့်ပေးအပ်သည်။ အခြားဗိုလ်ချုပ်တစ်ဦးကို စစ်တိုင်းမှူးနေရာ ပြောင်းရွှေ့သည်။ ဗိုလ်ချုပ်မျိုးဇော်သိန်း၊ ဗိုလ်ချုပ်မင်းနိုင်နှင့် ဗိုလ်ချုပ်ဖုန်းမြတ်တို့ ဖြစ်သည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းကို နေပြည်တော်သို့ ပြောင်းရွှေ့၍ အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူးတာဝန်ကို ပေးအပ်လိုက်သည်။ တွဲဖက်စစ်ထောက်ချုပ်ဖြစ်သူ ဗိုလ်ချုပ်မင်းနိုင်ကို စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ) တာဝန်သို့ ပြောင်းရွှေ့သည်။

နှစ်ဦးလုံးမှာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ရရှိမည် ဖြစ်သည်။

စစ်တက္ကသိုလ် အပတ်စဉ် (၂၈) ကျောင်းဆင်းတစ်ဦးဖြစ်သူ ဗိုလ်ချုပ်မျိုးဇော်သိန်းမှာ ၂၀၁၅ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးတာဝန်ကို ထမ်းဆောင်နေရာမှ ရန်ကုန်တိုင်းမှူး ဖြစ်လာသူ ဖြစ်သည်။

ရန်ကုန်တိုင်းမှူး တာဝန်ထမ်းဆောင်စဉ် ဗိုလ်ချုပ်ဖြစ်လာပြီး ယခု အချိန် ၂ နှစ်ခန့်အတွင်း ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကို ရရှိမည်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အသက်ဆယ်နှစ်ခန့် ကွာပြီး အသက် ၅၀ ဝန်းကျင်တွင် ဒုတိယဗိုလ်ချုပ်ကြီး တာဝန်ကို ထမ်းဆောင်ရခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မျိုးဇော်သိန်းထက် အသက်ငယ်သူ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးသာ ရှိသည်။

သူမှာ နေပြည်တော်တိုင်းမှူး တာဝန်မှ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဖြစ်သည်။ ဇန်နဝါရီလက ပြုလုပ်သည့် တပ်တွင်းရာထူး အပြောင်းအလဲတွင် စစ်တက္ကသိုလ် အပတ်စဉ် (၃၀) ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည်  အသက်အငယ်ဆုံး ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။

သူက ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

တွဲဖက်စစ်ထောက်ချုပ်အဖြစ်မှ စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ဖြစ်လာသူ ဗိုလ်ချုပ်မင်းနိုင်မှာ တပ်မတော်၏ မြေယာသိမ်းဆည်းမှုများကို အဓိက ကိုင်တွယ်နေသူ အဖြစ် လူသိများသည်။ ယခုတာဝန်အသစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာမည့် သူ၏ ထူးခြားချက်က စစ်တိုင်းမှူး တာဝန် မထမ်းဆောင်ခဲ့ဖူးခြင်း ဖြစ်သည်။

နေပြည်တော်တွင် ထိပ်တန်းရာထူး တာဝန်များ ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီးများမှာ စစ်တိုင်းမှူး တာဝန်ကို ထမ်းဆောင်ခဲ့ကြဖူးသည်။ ဗိုလ်ချုပ် မင်းနိုင်ကမူ ခြွင်းချက်ဖြစ်နေသည်။ တွဲဖက်စစ်ထောက်ချုပ်အဖြစ် နှစ်အနည်းငယ်ကြာအောင် ထမ်းဆောင်ခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်းထံမှ တာဝန်များ လွှဲပြောင်းယူရမည် ဖြစ်သည်။

တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းမှာ စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ) တာဝန်များကို ပူးတွဲထမ်းဆောင်နေရသူ ဖြစ်သည်။ ယခု သူ၏ပူးတွဲတာဝန်ကို ဗိုလ်ချုပ်မင်းနိုင်က လွှဲပြောင်းထမ်းဆောင်မည် ဖြစ်သည်။

မေလ ၉ ရက်နေ့ စာရင်းတွင် ပြောစမှတ်တွင်သည့် အပြောင်းအရွှေ့တစ်ခု ပါသည်။

တပ်မတော်သမိုင်းတွင် မှတ်တမ်းသစ်လည်း ဖြစ်သည်။

ယင်းမှာ တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ်ခင်လှိုင်ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် ပေးအပ်လိုက်ခြင်း ဖြစ်သည်။

တပ်မမှူးမှ တိုင်းမှူးဖြစ်လာခြင်းက တပ်မတော်တွင် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ သို့သော် ဗိုလ်မှူးချုပ် ခင်လှိုင်ကမူ တစ်မူထူးခြားသည်။ တေဇဟု ခေါ်တွင်သော အလုပ်သင် ဗိုလ်လောင်းသင်တန်းမှ ဆင်းသက်လာသူများတွင် ဗိုလ်မှူးချုပ် ခင်လှိုင်က ပထမဆုံးတိုင်းမှူး ဖြစ်သည်။

တေဇကျောင်းဆင်းများ ဗိုလ်မှူးချုပ်အဆင့် ရရှိခဲ့ကြသော်လည်း တပ်မမှူး တာဝန်ကိုသာ အမြင့်ဆုံး ထမ်းဆောင်သည့် မှတ်တမ်းရှိသည်။ တစ်ဦးတလေမျှ တိုင်းမှူးမဖြစ်ခဲ့ဖူး။ ယင်းအတွက် ယခု ဗိုလ်မှူးချုပ်ခင်လှိုင်၏ ရာထူးအပြောင်းအရွှေ့က သမိုင်းမှတ်တမ်းသစ် ဖြစ်လာရခြင်း ဖြစ်သည်။

တေဇသင်တန်းကို ၁၉၇၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၄၀ ကျော်မှ ပထမဆုံး ပေါ်ထွက်လာသည့် တိုင်းမှူးဖြစ်သည်။ ယခင် တပ်မတော်ခေါင်းဆောင်များ လက်ထက်တွင် တေဇ ကျောင်းဆင်းများကို ထိပ်တန်းတာဝန်များ မပေးခြင်းမှာ တပ်တွင်းခွဲခြားဆက်ဆံမှုအဖြစ် ယူဆကြသူအချို့ ရှိသည်။

ယခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါ သံသယများကို ဖျောက်ဖျက်လိုက်ခြင်း ဖြစ်သည်။
“ရာဇဝင်မှာ မရှိခဲ့ဘူး” ဟု တပ်မတော်နှင့် နီးစပ်သူ လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

တေဇဆောင်ပုဒ် ဖြစ်သော ‘We are Able’ ဆိုသည့်အတိုင်း တေဇများလည်း အဆင့်မြင့် တာဝန်များကို ထမ်းဆောင်နိုင်စွမ်း ရှိသည်ကို သက်သေပြနိုင်ပြီ ဖြစ်ကြောင်း တပ်မတော် အသိုင်းအဝိုင်းက မှတ်ချက်ပြုကြသည်။

နေပြည်တော်သို့ တစ်ဆင့်မြင့် ရာထူးတာဝန်ဖြင့် ပြောင်းရွှေ့ရသည့် ဗိုလ်ချုပ်မျိုးဇော်သိန်း၏ နေရာသို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံ ရောက်ရှိလာမည် ဖြစ်သည်။ ဗိုလ်မှူးချုပ်သက်ပုံမှာ ၂၀၁၆ ခုနှစ် သြဂုတ်လက အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသူ ဖြစ်ပြီး တစ်နှစ်မပြည့်မီ ပြောင်းရွှေ့ရခြင်း ဖြစ်သည်။

တပ်မတော်တွင် အရေးပါသည့် စစ်တိုင်းတစ်ခု ဖြစ်သော ရန်ကုန်သို့ ရောက်ရှိလာပြီဖြစ်၍ ရှေ့က နောင်တော်ကြီးများအတိုင်း ရာထူးတာဝန်များ ဆက်လက်တိုးမြင့် ရရှိမည့်သူများတွင် ဗိုလ်မှူးချုပ်သက်ပုံကို ထည့်သွင်းနိုင်ပေတော့မည်။

စီနီယာတိုင်းမှူးများ ဖြစ်သော ဗိုလ်ချုပ်မျိုးဇော်သိန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းနောင်တို့မှာ ရန်ကုန်တိုင်းမှူးဘဝမှ အချိန်တိုအတွင်း နေပြည်တော်သို့ ပြောင်းရွှေ့ကာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် တပ်တော်မှူး တာဝန်များကို ထမ်းဆောင်နေကြပြီ ဖြစ်သည်။

ကစထမှူးကို တပ်တော်မှူးဟုလည်း ခေါ်ဝေါ်ကြသည်။

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တာဝန်ကို ဗိုလ်ချုပ်ကြီးရာထူးဖြင့် ၂၀၁၅ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သော ဦးလှဌေးဝင်းသည်လည်း ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ရန်ကုန်တိုင်းမှူးမှသည် တပ်မတော်၏ နံပါတ်သုံးနေရာ ဖြစ်သော ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်ခဲ့သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေသည်ပင် ရန်ကုန်တိုင်းမှူးဘဝမှ ကစထမှူးအဖြစ် တာဝန်ထမ်းခဲ့သေးသည်။

မကြာမီ ဗိုလ်ချုပ်ဖြစ်လာမည့် ဗိုလ်မှူးချုပ်သက်ပုံ၊ ရန်ကုန်တိုင်းမှူးအဖြစ်မှ တပ်တော်မှူး တာဝန် ထမ်းဆောင်နေကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းတို့အနက် မည်သူက ပို၍ ကြီးမားသော ရာထူးတာဝန်များ ထမ်းဆောင်ခွင့်ရမည်နည်း။

သုံးဦးလုံးမှာ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင်မှ တိုင်းမှူး ဖြစ်လာကြသူချည်း ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ယင်းမှတစ်ဆင့် ရန်ကုန်စစ်တိုင်းမှူး ဖြစ်ခဲ့သည်။

ထို့နောက် ကစထမှူးအဖြစ် နေပြည်တော်သို့ ပြောင်းရွှေ့ရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းမှူး တာဝန်ထမ်းဆောင်စဉ်က အဆင့်တူ အခြားတိုင်းမှူး အားလုံးလိုလို တပ်မတော်၏ ရာထူးတာဝန်များမှ အနားယူသွားကြပြီ ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ တစ်ဦးတည်းသာ ပြည်ထဲရေးဝန်ကြီးအဖြစ် ကျန်ရစ်သည်။

လက်ရှိ တပ်မတော်၏ နံပါတ်သုံး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မြထွန်းဦးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်တက္ကသိုလ် အပတ်စဉ် ခြောက်ခု ကွာသဖြင့် အသက်ခြောက်နှစ်ခန့် ငယ်သည်ဟု အကြမ်းဖျင်း မှတ်ယူနိုင်သည်။ တပ်မတော်၏ နံပါတ်လေးအဆင့်ဟု ယူဆကြသော စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဆယ်နှစ်ကျော် ငယ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် ခေါင်းဆောင်မှု အစုအဖွဲ့ကို မျိုးဆက်သစ်ဖြင့် ဖွဲ့စည်းတည်ဆောက်နေပြီ ဖြစ်သည်။ တေဇကျောင်းဆင်းတစ်ဦးကို စစ်တိုင်းမှူးအဖြစ် တာဝန်ပေးခြင်းဖြင့် တပ်တွင်းစည်းလုံးမှုကိုလည်း တည်ဆောက်နေကြောင်း သက်သေပြသည်။

တပ်မတော်ကို ကာလတာရှည် လေ့လာနေသူ လုပ်ငန်းရှင်တစ်ဦးက တပ်တွင်းရာထူး အပြောင်းအလဲကို အောက်ပါအတိုင်း မှတ်ချက်ပြုသည်။ ယင်းလုပ်ငန်းရှင်မှာ တပ်မတော် မိသားစုဝင် တစ်ဦးလည်း ဖြစ်၍ တပ်မတော်၏ အလေ့အထများကို ရင်းနှီးကျွမ်းဝင်သူလည်း ဖြစ်သည်။
“တပ်ချုပ်က လမ်းကြောင်းအားလုံးအတွက် ပြင်နေတယ်လို့ ပြောနိုင်ပါတယ်” ဟု သူက ဆိုသည်။

မတည်ငြိမ်နိုင်သေးသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် အစည်းပြေနေသော လူမှုအဖွဲ့အစည်းဝန်းကျင်တွင် မည်သို့ကြုံတွေ့လာမည် မခန့်မှန်းနိုင်သော နိုင်ငံ့အနာဂတ်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသင့်ပြင်နေပြီလော။

နော်ကိုကို

No comments:

Post a Comment