Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 27, 2017

လူငယ်နိုင်ငံရေးသမားများ ခေါင်းဆောင်လုပ်နည်း


လူငယ်နိုင်ငံရေးသမားများ ခေါင်းဆောင်လုပ်နည်း
------ ------ ------ ----- -----
ချစ်စွာသော တူတော်မောင် ကိုဖြိုးနဲ့ တူတော်၊ တူမတော်များ . . .
ဒီစာစုကို တူတော်မောင်တို့ရဲ့ ရိုးသားမှုနဲ့စေတနာကို လုံးဝယုံကြည်လို့ရေးဖြစ်တာပါ။ တိုင်းပြည်ကို ချစ်လို့လည်း ရေးဖြစ်တာပါ။ တူတော်မောင်တို့ရဲ့ စိတ်ရင်းခံရိုးသားမှုနဲ့ စေတနာတရားကို မယုံကြည်ခဲ့ရင် လုံးဝ ရေးဖြစ်မှာမဟုတ်ပါဘူး။ အဲဒါကိုတော့ ဦးလေးကို အကြွင်းမဲ့ယုံပါ။
ကြီးကြီးငယ်ငယ် နိုင်ငံရေးသမားမှန်ရင် သိထားရမယ့် လိုက်နာရမယ့် ကျင့်ဝတ်ဥပဒေသလေးတွေရှိပါတယ်။ အထူးသဖြင့် ပါတီနိုင်ငံရေးလှုပ်ရှားမှုအောင်မြင်ပြီး အာဏာရ၊ ကုလားထိုင်ပေါ်ရောက်တဲ့အခါ လိုက်နာရမယ့် ကျင့်ဝတ်ကလေးတွေပါ။
*ရဟန်းတပါးရဲ့ ၀ါတော်နဲ့သိက္ခာတော်ကို သူ့ရဲ့ လူသက်နဲ့တိုင်းတာလို့မရဘူး။
*နိုင်ငံရေးသမားတယောက်ရဲ့ ၀ါနဲ့သဘာကို သူ့ရဲ့ထောင်သက်နဲ့တိုင်းတာလို့မရဘူး။ (ဗိုလ်ချုပ်အောင်ဆန်း ဟာ ထောင်မကျဖူးပါဘူး)
*နိုင်ငံရေးသမားတယောက် ထောင်ကျတယ်ဆိုတာ နိုင်ငံရေးမွမ်းမံသင်တန်းကျောင်း တကျောင်းသွား တက်ခြင်းပါပဲ။
* *နိုင်ငံရေးသမားဆိုတာ အာဏာရပြီးရင် ခေါင်းဆောင်လုပ်တတ်ရမယ်။ စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေးကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူရမယ်။ တပြိုင်နက်တည်းမှာ လက်တွေ့လုပ်ဆောင်နိုင်ရမယ်။ သူ့မှာ အဓိက ကျန်တော့တဲ့အလုပ်က အဲဒါပါပဲ။
NLD အစိုးရအဖွဲ့တက်လာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ၀န်ကြီးအများစုဟာ လူငယ်တွေဖြစ် နေတာကို တွေ့ရတယ်။ သွေးသစ်လောင်းလိုက်တာပဲ။ ဒီလိုလုပ်သင့်တာကြာပါပြီ။ ဒါပေမဲ့ အဲဒီလူငယ်တွေဟာ အသက်ငယ်ပေမဲ့ ကိုယ့်ရဲ့ဝါနဲ့သဘာကို ကိုယ်တိုင်တည်ဆောက်ယူနိုင်မှသာ ခေါင်းဆောင်တွေ ဖြစ်လာပါလိမ့် မယ်။ ရိုးသားဖြူစင်မှုနဲ့ စေတနာရှိပေမဲ့ ခေါင်းဆောင်မှုမပေးနိုင်ရင် အန္တရာယ်ပါပဲ။
ချစ်စွာသော တူတော်မောင်ကိုဖြိုးနဲ့ တူတော်၊ တူမတော်များ . . .
ဆန်ရင်းနာနာဖွပ်ဆိုသလို တူတော်မောင် ကိုဖြိုးကစပြီး ပြောချင်တယ်။ ရန်ကုန်တိုင်းဟာ မြန်မာတပြည်လုံး စီးပွားရေးရဲ့ ၈၀ ရာခိုင်နှုန်းခန့်ရှိတဲ့အတွက် ဘယ်အစိုးရတက်တက်၊ မျက်ခြည်မပြတ်စောင့်ကြည့်ခဲ့ရတဲ့ တိုင်း ဒေသကြီးပါ။ ဒီတိုင်းဒေသကြီးကို ကိုဖြိုးတို့ တိုင်းအစိုးရအဖွဲ့နဲ့ လွှတ်တော်လက်ထဲကို ထိုးအပ်ထားတာပါ။ အင်မတန် တာဝန်ကြီးပြီး အန္တရာယ်လည်းကြီးပါတယ် ကိုဖြိုးရေ။
လူငယ်တွေ တက်ကြွတာဟာ အားကိုးစရာတခုပါ။ ဒါပေမဲ့ တက်ကြွတာကို ကြွတက်တဲ့အဆင့်အထိမရောက် အောင်တော့ ထိန်းကြရလိမ့်မယ်။ ဒါလည်း ခေါင်းဆောင်မှုပညာတခုပါပဲ။ ခုတလော ဆူညံပွက်လောရိုက်နေတာကတော့ ကိုဖြိုးတို့ရဲ့ YBS ပါပဲ။ ဟော အခုလာပြန်ပြီ။ YSB တဲ့။ YANGON SCHOOL BUS ကို YSB လို့ ဦးလေးထွင်ပြီး နာမည်ပေးလိုက်တာပါ။ နောက်တာ မဟုတ်ပါဘူး။
နောက်ပြီး WATER TAXI တဲ့။ အင်္ဂလိပ်စာမှာ ရှိ၊ မရှိတော့ မသိဘူး။ မရှိသေးဘူးဆိုရင်လည်း အင်္ဂလိပ်တို့ရဲ့ ဝေါဟာရအဘိဓာန်မှာ စာလုံးအသစ်တလုံး တိုးတာပေါ့ကွယ်။
ဘာပဲလုပ်လုပ် မြန်လွန်းရင် ခလုတ်တိုက်ပြီး မှောက်လျက်လဲတတ်တယ်ကွဲ့။ အဲ၊ စကားစပ်ပြီး ပြောရဦးမယ်။ ဦးလေးဟာ ငယ်ငယ်တုန်းက ဘတ်စကက်ဘောကို အရူးအမူးကစားခဲ့ဖူးပါတယ်။ ထူးချွန်အောင်မြင်ခဲ့သလား ဆိုတာကိုတော့ ဦးလေးကစားနေတာကို လာပြီးအားပေးတဲ့ ဘကြီးတယောက်ရဲ့စကားကိုသာ နားထောင် ကြည့်ပါတော့။
''ငါ့တူရယ်၊ မင်းကစားတာကြည့်ရတာ ခေါင်းကိုမူးနေတာပဲ။ တကွင်းလုံးလည်း မင်းမရောက်တဲ့ နေရာမရှိ။ အဲ၊ ပွဲပြီးသည်အထိ တဂိုးမှလည်း မသွင်းနိုင်ဘူး''တဲ့ဗျ။
ခုတော့ တမိုးလုံးဖျောက်ဆိပ်၊ နေရာတကာမှာ ကိုယ်ပါ။ ပေါက်ထွက်လာတော့ 'ဆန်စင်ရာ ကျည်ပွေ့လိုက်' နေရရော။ ကြာတော့ 'မုဆိုးမ ထမင်းခြောက်လှန်းသလို'ပဲ။ စိုတာ တ၀က်ရ၊ ခြောက်တာ တချို့ရပေါ့ကွယ်။
တူတော်မောင် ကိုဖြိုးရေ . . .
အလုပ်တခုလုပ်တော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုက အရေးကြီး ဆုံးမဖြစ်မနေလုပ်ကြရမယ့် ပထမဆုံးအလုပ်ဆိုတာ အားလုံးအသိပါ။ ကြိုတင်ပြင်ဆင်မှုဆိုတဲ့နေရာမှာ တဦးတယောက်က ခေါင်းဆောင်ပြီး ကြိုတင်ပြင်ဆင်မှုနဲ့ အဖွဲ့အစည်းလိုက် ကြိုတင်ပြင်ဆင်မှုဆိုပြီး ရှိကြပါတယ်။ များသောအားဖြင့် ခေါင်းဆောင်တယောက်ဆီက အမိန့်ပေးစီးဆင်းလာပြီး အဖွဲ့အစည်းတခုက ကြိုတင်ပြင်ဆင်ကြတာ များပါတယ်။ ဒီလိုပြင်ဆင်ကြတဲ့အခါမှာ PLAN (A) နဲ့ (B) ဆိုပြီး စီမံချက်နှစ်မျိုးဆွဲကြလေ့ရှိပါ တယ်။ (ကြားဖြတ်ပြီး ရယ်စရာလေးတခုပြောရရင်တော့ နောင်ရိုးတိုက်ပွဲကို တိုက်ခဲ့တဲ့ ဘုရင့်နောင် ကျော်ထင်နော်ရထာမှာ၊ PLAN (B) ပါကို မလာဘူးတဲ့ဗျ။)
တကယ်တော့ Plan (A) ကို မရေးဆွဲခင်ကတည်းက အုပ်စုလိုက် Special Plans တွေဆွဲရမှာပါ။ ဒါကြောင့် ခေါင်းဆောင်တယောက် မှာ ဥပမာ-၀န်ကြီးချုပ်တယောက်မှာ ကိုယ်ပိုင်အတိုင်ပင်ခံ အကြံပေး အဖွဲ့တဖွဲ့စီရှိရ မယ်ဗျ။ အဲဒီအကြံပေးအဖွဲ့ဝင်တွေဟာ ပါတီနဲ့ လွှတ်တော်နဲ့ အစိုးရနဲ့ လုံးဝသက်ဆိုင်ခြင်း၊ ပတ်သက်နှီးနွှယ် ခြင်း မရှိရပါဘူး။ ၀န်ကြီးချုပ်ရဲ့ ပါတီနဲ့ ချစ်ခြင်းမုန်းခြင်း ကင်းရှင်းရပါမယ်။ ဖြစ်နိုင်ရင် ၀န်ကြီးချုပ်မှာ ကိုယ်ပိုင်အတိုင်ပင်ခံ အကြံပေးအဖွဲ့ရှိကြောင်း ထိပ်တန်းလျှို့ဝှက်အဖြစ် ထိန်းသိမ်းထားရမှာပါ။ ကမ္ဘာ့ခေါင်း ဆောင်တိုင်းမှာ သူ့ရဲ့ Cabinet အဖွဲ့တောင်မသိတဲ့ အကြံပေးပုဂ္ဂိုလ်တွေ ရှိပါတယ်။ အင်္ဂလိပ်ဝတ္ထုတွေ ဖတ်ဖြစ်ကြရင်တွေ့မှာပါ။ ကိုယ့်လက်အောက်က အစိုးရအဖွဲ့ဝင်တွေပါ မသိပါစေနဲ့။
PLAN (A) မဆွဲခင်မှာ ၀န်ကြီးချုပ်နဲ့ အကြံပေးအဖွဲ့က အစည်းအဝေးအကြိမ်ကြိမ်ထိုင်ပြီး အကြို Special Plans တွေရေး ဆွဲရပါမယ်။ အဲဒီ Pre plans တွေကနေ စစ်ထုတ်ယူပြီး PLAN (A) ကို ဆွဲကြရမှာပါ။ ဒါဆိုရင် PLAN (B) တောင် နည်းသထက် နည်းသွားပါလိမ့်မယ်။
ချစ်စွာသော တူမောင်များ တူမများခင်ဗျား . . .
စီမံချက် (PLAN) ဆိုတာ စီမံကိန်း (Project) ကြောင့် ရေးကြရတာပါ။ ဒီတော့ ခေါင်းဆောင်တယောက် အရင်ဆုံးလုပ်ရမှာက အဲဒီစီမံကိန်းအကြောင်းကို (၁)ပြည်သူ (၂) အစိုးရအဖွဲ့နဲ့ (၃)လွှတ်တော်ကို ပထမဆုံးကြိုတင်ပြီးတော့ တင်ပြအစီရင်ခံထားဖို့ပါပဲ။
အဓိကအကျဆုံးကတော့ ပြည်သူကို ကြိုတင်ပြီး အစီရင်ခံရှင်းမပြခဲ့ရင် နောင်ဖြစ်လာသမျှ အပြစ်တွေအားလုံး ခေါင်းဆောင်လုပ်တဲ့သူအပေါ်မှာ ပုံကျလာမှာပါပဲ။ ဒါဟာထုံးစံပဲ။ အထူးသဖြင့် ဗမာတွေရဲ့အကျင့်ပဲ။
ချစ်စွာသော တူမောင် ကိုဖြိုးရေ . . .
ဝန်ကြီးချုပ်အတွက် ကိုယ်ပိုင်အကြံပေးအဖွဲ့ကို ဘယ်လိုဖွဲ့မလဲ။
(၁) အဖွဲ့ဝင် ၆ ယောက်နဲ့ ဖွဲ့စည်းပါ။
(၂) လူကြီး ၃၊ လူငယ် ၃ နဲ့ ဖွဲ့စည်းပါ။
(၃) အဖွဲ့ဝင်အားလုံး မြန်မာစာနဲ့ အင်္ဂလိပ်စာပိုင်နိုင်စွာ တတ်ကျွမ်းကြပါစေ။
(၄) ၀ိဇ္ဇာဘာသာရပ်များ အထူးသဖြင့် နိုင်ငံရေးသိပ္ပံ၊ နိုင်ငံရေး ဘောဂဗေဒ၊ ပထ၀ီနိုင်ငံရေးတို့ကို ကျွမ်းကျင်လိမ္မာသူများဖြစ်ပါစေ။
(၅) သဘာဝသိပ္ပံဆိုင်ရာ အခြေခံဗဟုသုတတွေကိုလည်း ယေဘုယျရင်းနှီးသူများဖြစ်ပါစေ။
(၆) ၀န်ကြီးချုပ်(သို့မဟုတ်) မည်သည့်ခေါင်းဆောင်ကိုမဆို လွတ်လပ်စွာ ငြင်းခုံကန့်ကွက်တတ်သော ပုဂ္ဂိုလ်များဖြစ်ပါစေ။ ဆုံးဖြတ်စရာရှိလျှင်၊ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင် ၆ ဦး စုစုပေါင်း ၇ ဦးတို့ဖြင့် မဲခွဲဆုံးဖြတ်ပါ။
ကိုဖြိုးရေ . .
ခေါင်းဆောင်တယောက်မှာ အကြံပေးနိုင်တဲ့ ခေါင်းဆောင်နဲ့ မနီးယိုးစွဲအရည်ချင်းရှိတဲ့သူတွေလိုတဲ့ အကြောင်းကို ၂၉-၄-၂၀၁၇ ထုတ် News Watch မှာ 'တိုင်းပြည်တပြည်နဲ့ သားအဖနှစ်ယောက်'ဆိုတဲ့ ခေါင်းစဉ်နဲ့ ဦးလေးရေးခဲ့ပါတယ်။
ချစ်စွာသော တူတော်၊ တူမတော်တို့ရေ . . .
သားတို့ရဲ့ အမေစုဟာအဖေတူသမီးပါ။ ဒါပေမဲ့ ကံကြမ္မာချင်းကတော့ မတူကြပါဘူး။ သူဟာ သူ့အဖေလောက် ကံမကောင်းခဲ့ရှာပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ဇူလိုင် ၁၉ ရက်မှာ တကြိမ်သာ အသတ်ခံခဲ့ရပါတယ်။ တခါသာသေခဲ့ ရပါတယ်။
သား မင်းတို့ရဲ့အမေစုကတော့ ၁၉၈၈ ကနေ ကနေ့အထိ အကြိမ်ကြိမ်အခါခါ စိတ်ရော၊ ဘ၀ရော အသတ်ခံ ခဲ့ရတာပါ။ အဆိုးတကာ့ အဆိုးဆုံးကတော့ ကနေ့အထိ နိုင်ငံရေး အသတ်ခံနေရခြင်းပါပဲ။ သားတို့ရဲ့ အမေစုဟာ မြန်မာနိုင်ငံရေးဇာတ်ခုံပေါ်မှာ အထီးကျန်တပင်တိုင်စံမင်းသမီးကြီးပါ။ သူ့အဖေကတော့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ တပင်တိုင်မင်းသားကြီး လုပ်ခဲ့တာမဟုတ်ပါဘူး။ တကိုယ်တော် လူစွမ်းကောင်းဝါဒနဲ့ လုပ်ခဲ့တာမဟုတ်ပါဘူး။ သူ့ကိုဝန်းရံထားတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ၊ မိတ်ဆွေရင်းချာတွေ၊ ရဲဘော်ရဲဘက်တွေက အင်အားအပြည့်နဲ့ပါ။
သူ့ရဲ့ ရဲဘော်တွေဟာ သူ့ကိုခေါင်းဆောင်နေရာထားပြီး တပ်ဦးမှာ တင်ထားပေမဲ့ သူနဲ့အရည်အချင်းမတိမ်းရှိတဲ့ လူတော်လူချွန်တွေပါ။ တချို့သူတွေဟာ တချို့နေရာတွေမှာ ဗိုလ်ချုပ်ထက်တောင် တော်ပါသေးတယ်။ (အဲဒီလိုရေးခဲ့လို့ အဲဒီလိုဆောင်းပါးနဲ့ပတ်သက်ပြီး MRTV နဲ့ FM က ကျွန်တော့်ကို အင်တာဗျူးလုပ်တဲ့အခါ ဘယ်လိုနေရာတွေမှာ ဗိုလ်ချုပ်ထက် ပိုတော်တာလဲလို့ မေးခွန်းမေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ပြီးပြေအောင် ဖြေကြားမပေးနိုင်သေးပါဘူး။ သီးသန့်ဖြေချင်ပါသေးတယ် MRTV)။
ဒီလို နောက်လိုက်မဟုတ်တဲ့ နောက်တော်ပါ ရဲဘော်ရဲဘက်တွေကြောင့် ဗိုလ်ချုပ်ဟာ သူတို့ရဲ့အကြံပေးချက်ကို လက်ခံလေ့ရှိပြီး တခါတရံ သူတို့ရဲ့ဆိုဆုံးမမှုကိုတောင် နာခံခဲ့ပါသေးတယ်။
၂၉-၄-၂၀၁၇ ထုတ် News Watch ကို ပြန်ကိုးကားခွင့်ပြုပါဦး။
ဗိုလ်ချုပ်မှာ သေသည်အထိ အင်မတန်အားကိုးရတဲ့ သခင်နု၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်လှဖေ၊ သခင်သိန်းဖေ(သိန်းဖေမြင့်)၊ ကိုကျော်ငြိမ်း၊ ကိုဗဆွေတို့လို ခေတ်ပြိုင်တွေရှိခဲ့သလို သခင်ကိုယ်တော်မှိုင်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဗိုလ်မှူးဖိုးကွန်းတို့လို သူ့ထက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေကလည်း သူ့ကို အကြံပေးဦးဆောင်ခဲ့ကြပါသေးတယ်။ မိုင်းပွန်စော်ဘွား၊ ဆမားဒူးဝါးဆင်ဝါးနောင်၊ မန်းဘခိုင်တို့လို တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဆရာကြီးဦးရာဇတ်၊ စောကြာဒိုး၊ စောစံဖိုးသင်တို့လို ဘာသာခြား နိုင်ငံရေးခေါင်းဆောင်တွေ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ဗထူးတို့လို တပ်မှူးတွေကအစ သူ့ကို ၀န်းရံနေကြတာပါ။ တိုင်ပင်ဆွေးနွေး အကြံပေးနေကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ . . .
ဆက်ဦးမယ်။
မင်းသစ်
News Watch

No comments:

Post a Comment