Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 1, 2017

အာဏာရှင်နှင့်ခရိုနီများချမ်းသာလာသောအခါ



သရ၀ဏ်(ပြည်)

မြန်မာနိုင်ငံသို့လာရောက်လည်ပါတ်သော နိုင်ငံခြားသားခရီးသည်များထဲတွင် တရုတ်တိုးရစ်များမှာ အပြုအမူရိုင်းပျမှုကြောင့်နာမည်ကြီးသည် ။ သူတို့ သည် အေးချမ်းတိတ်ဆိတ်သော ပါတ်ဝန်းကျင်တွင် အုပ်စုလိုက် အော်ကြီးဟစ်ကျယ်စကားပြောချင်လည်းပြောမည် ။ သန့်ရှင်းသောနေရာတစ်ခုတွင်တံတွေးထွေးချင်လည်းထွေးမည် ။ ဆေးလိပ်မသောက်ရသောအများပိုင်နေရာတွင် ဆေးလိပ်သောက်ချင်လည်းသောက်မည် ။ သူအများစားသောက်နေသောအချိန်တွင် အသံကျယ်လောင်စွာ သလိပ်ဟပ်ချင်ဟပ်မည် ၊လည်ချောင်းရှင်းချင်ရှင်းမည် ။တန်းစီပြီးစောင့်ဆိုင်းနေသော နေရာတွင် ခပ်တည်တည်ပဲ ကြားဖြတ်၍၀င်ချင်လဲဝင်မည် ။ မတတ်သာ၍လက်ခံရသော်လည်း ဟိုတယ်များသည် တရုတ်ခရီးသွားဧည့်သည်တွေကိုမနှစ်သက် ။ သူတို့ထက်အပြောအဆိုအပြုအမူတွင် အဆင့်အတန်းရှိသော အနောက်တိုင်းသားကမ္ဘာလှည့်ခရီးသည်များကိုသာ ဖြစ်နိုင်လျှင် ထားချင်ကြသည် ။ သို့ သော် တရုတ်များမှာကြီးမားသောဈေးကွက်ဖြစ်သဖြင့် ကြိတ်မှိတ်သည်းခံနေကြရသည် ။ အင်းလေးမှလက်တောင်ပစ္စည်းရောင်းသောဆိုင်တစ်ဆိုင်ကပြောပြသည်မှာ တရုတ်ဧည့်သည်များသည် လက်ဆောင်ပစ္စည်းတစ်ခုကိုကိုင်ကြည့်၍ ဈေးမေးကြောင်း ၊ ဈေးသယ်က ရောင်းဈေးကိုပြောလျှင် များသည်ထင်ပါက ဈေးဆစ်ရမည့်အစား ပစ္စည်းကို ကြမ်းပြင်ပေါ်သို့ ပစ်ချပြီး ထွက်သွားကြကြောင်း ။ တရုတ်များလာလျှင် မရောင်းချင်ကြောင်းစသည်ဖြင့်ပြောပြပါသည် ။ ကမ္ဘာမှာလည်းထိုနည်းနှင်နှင်ဖြစ်သည် ။ တရုတ်တိုးရစ်များ နာမည်ပျက်နေသည်မှာကြာပေပြီ ။ ယဉ်ကျေးမှုကိုရှေ့ တန်းတင်သော ပြင်သစ်လိုနိုင်ငံမျိုးတွင် ကိုယ်အမူအရာ နှုတ်အမူအရာရိုင်းပျလွန်းသောကြောင့် တရုတ်တိုးရစ်များကို မြို့ခံပြင်သစ်များကသာမက အခြားနိုင်ငံခြားဧည့်သည်များကပါ နှုတ်ခေါင်းရှုံ့ လာကြသည် ။ နိုင်ငံခြားသို့ မလာမီ ထိုနိုင်ငံတွင်ဆောင်ရန်ရှောင်ရန်အချက်များကိုအသိပေးသင်ကြားပေးဖို့ တရုတ်အစိုးရကို အိမ်ရှင်နိုင်ငံများကတောင်းဆိုလာကြသည် ။ထို့ ကြောင့် ယခုနောက်ပိုင်းတွင် ဥရောပသို့ သွားရောက်လည်ပါတ်မည့် တရုတ်လူမျိုးများကို သူတပါးနိုင်ငံ၌ ဆောင်ရန်ရှောင်ရန်အချက်များ၊လောကကျင့်ဝတ်များကို တရုတ်ခရီးသွားလာရေးဌာနက သင်ကြားပေးလာရသည် ။

မြန်မာနိုင်ငံသားများသည် ယခင်က ကမ္ဘာသို့ လှည့်လည်သွားလာသော အလေ့အထနည်းပါးကြသည် ။ ကမ္ဘာလှည့်တင်တင်စိန်နှင့်ခင်ပွန်းဖြစ်သူကိုဘတုတ်တို့လိုဆိုင်ကယ်တစ်စီးဖြင့်ကမ္ဘာပါတ်ခဲ့သူများပေါ်ပေါက်ခဲ့ဖူးသော်လည်း မြန်မာတို့သည် ခရီးသွားလာရာတွင်သိပ်ဝါသနာထုံသူများမဟုတ်ကြ ။ ပိုက်ဆံရှိလျှင် ရွှေတွေညွှတ်အောင်ဝတ်မည် ၊ ပြည်တွင်းဘုရားဖူးထွက်မည် ၊ ဘုရားဒကာကျောင်းဒကာ အမည်ခံမည် ၊တတ်နိုင်လျှင် ဗုဒ္စဂါယာသို့ ဘုရားဖူးခရီးထွက်မည် စသည်ဖြင့် သာနေတတ်ကြသည် ။ သို့ သော် ၂၀၁၀ နောက်ပိုင်းတွင် ပွင့်လင်းလာသော ခေတ်စနစ်နှင့်အတူ မြန်မာများ နိုင်ငံခြားသို့  လေ့လာရေး အလည်အပါတ်သွားသော ခရီးစဉ်များခေတ်စားလာသည် ။ ယခင်က နိုင်ငံခြားသားများကိုသာမြန်မာပြည်တွင်းခရီးစဉ်စီစဉ်ပေးရာမှာ ခရီးသွားကုမ္မဏီများသည် Out Bound ခေါ်နိုင်ငံခြားသို့ မြန်မာများကိုပို့ ဆောင်စီစဉ်ပေးသောခရီးများကိုလုပ်ကိုင်လာကြသည် ။သို သော်ထိုခရီးစဉ်များမှာ မြန်မာနိုင်ငံသား အများစုက သွားနိုင်ကြသည်မဟုတ် ။ တစ်ခေါက်လျှင်ဒေါ်လာခြောက်ထောင် ၊ ခုနစ်ထောင် (မြန်မာငွေသိန်းရှစ်ဆယ်ခန့် )ကုန်ကျစားရိတ်ရှိသည် ။ လက်ဆောင်ပစ္စည်းဝယ်တာနှင့်အသေးသုံးပါထည့်တွင်လျှင် လူတစ်ယောက် သိန်းတစ်ရာမရှိပဲ ထိုဥရောပနိုင်ငံများသို့အပျော်ခ၇ီးမထွက်နိုင် ။ ပိုက်ဆံအရမ်းချမ်းသာသောမြန်မာများသာထိုခရီးမျိုးကိုသွားနိုင်ကြသည် ။

မြန်မာနိုင်ငံတွင် သူဌေးဟုခေါ်သော ပိုက်ဆံအရမ်းချမ်းသာလာကြသူများမှာ အများအားဖြင့် နှစ်မျိုးနှစ်စားပဲရှိသည် ။ စစ်အာဏာရှင်ခေတ်တွင် အာဏာနှင့်လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်၍ချမ်းသာလာကြသူ အာဏာရှင် အသိုင်းအ၀ိုင်းမှလူများ ၊ အာဏာရှိသူနှင့်ပေါင်းကာ စီးပွားရေးလုပ်ပိုင်ခွင့်ရလာကြသော ခရိုနီများ ဤနှစ်မျိုးပဲရှိသည် ။ ကိုယ့်အားကိုယ်ကိုးကာ ရိုးရိုးသားသားချမ်းသာလာကြသူအချို့ရှိသော်လည်း အချိန်တိုအတွင်းအလျှင်အမြန်ချမ်းသာလာကြသူများမှာ ဖော်ပြခဲ့သော လူတန်းစားနှစ်မျိုးသာဖြစ်သည် ။မြန်မာပြည်တွင်စစ်အာဏာရှင်ဟောင်းများနှင့်ခရိုနီများသာထားစရာမရှိအောင်ကျိကျိတက်ချမ်းသာကြသည် ။ ချမ်းသာလာကြသောအခါ ပိုက်ဆံရှိကြောင်း ၀ါကြွားသည့်အနေနှင့်ရော မိမိရောက်ဖူးလည်ဖူးသည်ဟုဂုဏ်ခံချင်ကြတာကြောင့်ရော ငွေကိုရေလိုသုံး၍ နိုင်ငံခြားတိုင်းပြည်များကိုသွားကြသည် ။ ။မြန်မာတိုးရစ်များနိုင်ငံတကာသို့ ထွက်ကြ လည်ကြတာ ကို ကြိုဆိုပါသည် ။ အမြင်ကျယ်လာဖို့ အတွက်ပြည်ပထွက်တာထောက်ခံပေသည် ။ သို့ သော် လူ၏အဆင့်အတန်းသည် ပိုက်ဆံနှင့်နိုင်ငံတကာတွင်တိုင်းတာကြသည်မဟုတ် ။ အာဏာဖြင့် တိုင်းတာကြသည်မဟုတ် ။ လောကလူ့ ရွာတွင်စည်းကမ်း ကျင့်ဝတ်နှင့်တိုင်းတာကြစမြဲဖြစ်သည် ။ မြန်မာပြည်မှသူဌေးဟုခေါ်သူများနိုင်ငံခြားတိုင်းပြည်များသို့ သွားကြလည်ကြရာတွင် အရှက်ရစရာကိစ္စတွေများလှသည် ။ ပထမဆုံးရှက်ရမည့်ကိစ္စမှာ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းဖြစ်သည် ။ ဥရောပနိုင်ငံတစ်ခုသို့ လာရောက်လည်ပါတ်သော(အလွန်ချမ်းသာပါသည်ဟုဆိုသော) မြန်မာတိုးရစ်များ ကားပေါ်တွင်အမှိုက်စါန့် ပစ်သွားသောဓာတ်ပုံတစ်ပုံကိုတွေ့ ရပါသည် ။ ကားပေါ်တွင် တစ်ရှူးစက္ကူတွေ ရေသန့်ဘူးခွံတွေ ။မုန့် ဘူးအခွံ အမှိုက်တွေ မြင်မကောင်းအောင် ထားသွားကြပါသည် ။ ကျွန်တော်သည် နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံတွင် ဧည့်လမ်းညွှန် နှစ်ပေါင်းများစွာလုပ်ဖူးရာ တစ်ကားလုံးရှုပ်ပွနေအောင်အမှိုက်များချသွားသော ခရီးသည်များကိုမတွေ့ ဖူးပါ ။ ကားထဲမှာရှိသောအမှိုက်ပုံးထဲသို့ သာစနစ်တကျပစ်သွားကြစမြဲဖြစ်သည် ။ အမှိုက်ပုံးမတွေ့ လျှင်ထိုအမှိုက်များကိုသေသေချာချာ ပလပ်စတစ်အိပ်ထဲတွင်စွန့် ပစ်ပြီး အမှိုက်ပုံးတွေ့ မှစွန့် ပစ်ကြစမြဲဖြစ်သည် ။ တွေ့ ကရာနေရာတွင်အမှိုက်ပစ်ချခြင်းအတွက် မြန်မာများသည် ရှက်ရကောင်းမှန်းမသိတတ်သေးချေ ။ ရန်ကုန်တွင် ဇိမ်ခံကားတစ်စီးပေါ်မှ လမ်းပေါ်သို့  စည်းကမ်းမဲ့အမှိုက်ပစ်ချသွားကိုမကြာခနတွေ့ ရဖူးသည် ။ စည်းကမ်းမဲ့အမှိုက်ပစ်ချသောကားတစ်စီးကို တိုးရစ်တစ်ဦးက စက်ဘီးဖြင့်လိုက်ပြီး သူ့ အမှိုက်သူ့ ပြန်ပေးသော ဗီဒီယိုဖိုင်တစ်ခုမှာလည်းဖေ.စ်ဘွတ်တွင်ခေတ်စားသည် ။ နိုင်ငံတကာဆန်ချင်သည်ဆိုလျှင် ပထမဆုံးလုပ်ရမည်မှာ အမှိုက်ကိုစည်းကမ်းတကျစွန့် ပစ်ဖို့ဖြစ်သည် ။

မြန်မာတိုးရစ်များ သူများကဲ့ရဲ့ခံရသော ဒုတိုယအချက်မှာ အစားအသောက်ဖြုံးတီးမှုဖြစ်သည် ။ ကြိုက်သလောက်ယူစားခွင့်ရှိသော ဘူဖေး စားသောက်ခန်းမများတွင် နိုင်ငံတကာကကျင့်သုံးကြသောစနစ်မှာ ကိုယ်ကုန်နိုင်သလောက်ကိုသာ နည်းနည်းချင်း ခနခနသွားယူစားသောစနစ်ဖြစ်သည် ။ မြန်မာများသည် ဘူဖေးစားသောအခါ မကြာခနတွေ့ ရလေ့ရှိသည်မှာ အစားအသောက်များကို မိမိစားနိုင်တာထက်သုံးဆခန့် ပိုထည့်၍ အပြည့်အမောက် မိမိပန်းကန်ထဲထည့်တတ်ကြသည် ။ထို့ နောက် ကုန်အောင်မစားတော့ပဲ ဘုန်းပေါလအော ပန်းကန်ထဲတွင်အစားအသောက်များ ထားခဲ့ကြပေသည် ။ အချို့ဆိုလျှင် ပန်းကန်ထဲတွင်အစားအသောက်အပြည့်အမောက်ထည့်ပြီးကာမှ တစ်လုပ်မျှပင်မစားပဲ မကြိုက်ဘူးဟု ထားသွားသူများလဲရှိသည် ။ထိအပြုအမူကိုတွေ့ မြင်သော နိုင်ငံခြားသားများက ကဲ့ရဲ့ကြသည် ။ဥရောပနိုင်ငံတစ်နိုင်ငံ၏ ဟိုတယ်တွင် မြန်မာတိုးရစ်ဆိုသူများထိုသို့ လုပ်ရာ ဘေးမှမြင်နေရသူ ဥရောပနိုင်ငံသားများက They have no respect for food (အစားအသောက်ကိုလေးစားမှုမရှိ)ဟုဝေဖန်ကဲ့ရဲ့ကြသည် ။ မြန်မာများက ရှက်ရကောင်းမှန်းမသိ ။ပြည်တွင်းမှာဖြစ်စေ ၊နိုင်ငံခြားသွားလျှင်ဖြစ်စေ အစားအသောက်ကို ကုန်နိုင်ရုံပဲထည့်ယူသော အလေ့အကျင့်ကို မွေးမြူရပါမည် ။

ပြည်ပဟိုတယ် စားသောက်ခန်းတစ်ခုတွင် မြန်မာတစ်ယောက်သည် လူပုံအလည်၌ အသံကျယ်လောင်စွာလေချဉ်တက်နေရာထိုအပြုအမူသည်အင်မတန်ရိုင်းပျသော အပြုအမူဖြစ်မှန်း မြန်မာသူဌေးသည် သတိမပြုမိပေ ။ လူအားလုံးက အထင်သေးသောအကြည့်ဖြင့်ကြည့်ကြသော်လည်း ကိုယ့်ကိုယ်ကိုဘာမှားနေမှန်းမသိကြပေ ။ သဘာဝအလျောက် မထိန်းနိုင်ပဲ သတိလက်လွတ်တစ်ခါတရံဖြစ်ချင်းကို နားလည်ပေး၍ရပါသော်လည်း မြန်မာအချို့သည် စားသောက်ခန်းမ များ ၊စားသောက်ဆိုင်များတွင် သလိပ်ဟပ်ခြင်း၊ တံတွေးထွေးခြင်းများ ၊အာခေါင်ခြစ်၍တံတွေးထွေးခြင်းစသည်တို့ကိုအဆင်အခြင်မဲ့စွာပြုလုပ်လေ့ရှိရာ အများပြည်သူကို အလွန်စိတ်အနှောက်အယှက်ဖြစ်စေပါသည် ။ ပုဂံရှိဟိုတယ်တစ်ခုတွင် တည်းခိုခန်းထဲ၌ ထူးဆန်းသောစာတစ်ခုချိတ်ဆွဲထား၏ ။ စာမှာ “ နံနက်စောစော ခံတွင်းရှင်းလို ၊ အာခေါင်ခြစ်ပြီး အော်လိုလျှင် မြစ်ကမ်းနဖူးဝယ်လွတ်လပ်စွာသွားရောက်လုပ်နိုင်ပါသည် ။ ဘေးခန်းများကိုအနှောက်အယှက်ဖြစ်စေသောကြောင့် မိမိအခန်းထဲဝယ်မလုပ်ကြပါနှင့် “ဟူ၍ဖြစ်သည်။ ထိုစာတမ်းကိုတွေ့ ကာစက ဟိုတယ်မန်နေဂျာ ဂျာမန်နိုင်ငံသားကိုစိတ်ဆိုးမိသည် ။ သို့ သော် သေသေချာချာပြန်စဉ်းစားတော့ အချို့သူများသည် နံနက်စောစော သူများအိပ်နေချိန်တွင် ထိုသို့ သော အာခေါင်ခြစ်သည့်အသံများကိုကျယ်လောင်စွာလုပ်နေပြီး ထိုသို့ လုပ်ခြင်းကိုရိုင်းလို့ရိုင်းမှန်းမသိသဖြင့် ဤသို့စာနှင့်ပေနှင့်ရေးထားရမှန်းသဘောပေါက်မိလေ၏ ။

မြန်မာများနိုင်ငံခြားထွက်သောအခါ နောက်ထပ်အားနည်းချက်တစ်ခုမှာ တန်းစီသောအလေ့အထ မရှိခြင်းဖြစ်သည် ။နိုင်ငံတကာ၌ ဘတ်စ်ကားစီးတာ ၊တက္ကစီစောင့်တာ ၊ လေယာဉ်စီးဖို့ ကောင်တာတွင်စောင့်တာ ၊ယုတ်စွအဆုံးအိမ်သာတက်ဖို့ စောင့်တာကအစ တန်းစီကြပြီးကိုယ့်အလှည့်ကိုစောင့်ကြ၏ ။ မြန်မာများက ဇိုးကနဲဇာတ်ကနဲ လူတန်းထဲကြားဖြတ်ဝင်တတ်ရာ မြန်မာဧည့်လမ်းညွှန်က မျက်နှာဘယ်ထားရမှန်းမသိပဲလိုက်လံတောင်းပန်ရပေါင်းလည်းမနည်းပေ ။ နိုင်ငံတကာထုံးစံ၌ ယဉ်မောင်း၊ Tour Guide ၊ဟိုတယ်ဝန်ထမ်းစသူများကို အပိုဘောက်ဆူး ( Tips )ပေးကြသောထုံးစံရှိသည် ။ မြန်မာသူဌေးဆိုသူများကား သိန်းသုံးလေးဆယ်တန်သောလက်ကိုင်အိပ်ကိုသာ တစ်ယောက်ထဲဆယ်လုံးဝယ်ချင်ဝယ် မည် ၊ မည်သူ့ ကိုမျှ Tip ပေးဖို့ မသထာပါ ။

အဓိကကတော့ ရောမရောက်လျှင်ရောမလိုကျင့်ကြဖို့ ဖြစ်သည် ။ မိမိသည်ကျိကျိတက်အောင်ချမ်းသာသူတစ်ယောက်ဖြစ်၍ ကမ္ဘာပါတ်ချင်ပါတ်မည် ။ သို့ သော် သင်တို့ ကြောင့် ကမ္ဘာတွင်မြန်မာသည် တရုတ်တိုးရစ်များလို အများကအထင်သေးကြသော အဖြစ်သို့ မရောက်ကြဖို့ လိုသည် ။ အာဏာရှင်သူဌေးများ၊ခရိုနီ သူဌေးများ ပြည်ပသို့ ထွက်သောအခါ သူများတွေဘယ်လိုပြူမူကျင့်ကြံနေထိုင်ကြသည်ဆိုခြင်းကို လေ့လာ လိုက်နာကျင့်သုံးခြင်းအားဖြင့် နိုင်ငံတကာတွင် မြန်မာ့သောက်ရှက်ကိုခွဲနေကြသောအဖြစ်မှ ကင်းဝေးကြပါစေ ။

သရ၀ဏ်(ပြည်)

သူရိယနေ၀န်းဂျာနယ်
၂၉.၄.၂၀၁၇

No comments:

Post a Comment