Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 27, 2017

YBS မအောင်မြင်စေချင်သည့် နိုင်ငံရေး ပယောဂ များရှိဟု တိုင်း အစိုးရ လွှတ်တော် တွင်ပြော


ရန်ကုန် အများပိုင် ဘတ်စ်ကားလိုင်း (YBS) စနစ် ပြောင်းလဲမှုများနှင့်ပတ်သက်၍ မအောင်မြင်စေချင်သည့် နိုင်ငံရေး ပယောဂများ၊ နှောင့်ယှက်မှုများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က လွှတ်တော် တွင် ပြောကြားခဲ့သည်။

ဧပြီလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် YBS သယ်ယူပို့ဆောင်ရေး စနစ်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် လာရောက် ရှင်းလင်းရာတွင် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ရက်နေ့က YBS အများပိုင် ယာဉ်လိုင်းနှင့် ပတ်သက်၍ လွှတ်တော်တွင် ကိုယ်စားလှယ် ၂၆ ဦးထိ စံချိန်တင် ဆွေးနွေးခဲ့ပြီးနောက် ဒေါ်နီလာကျော်က ၂၇ ရက်နေ့ လွှတ်တော်တွင် လာရောက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၄ ရက်က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမှုများ၌ YBS စနစ်ကို ပြည်သူများ စိတ်ပျက်နေပြီး YBS စနစ် ပြောင်းလဲမှုမှာ ကျဆုံး၍ မအောင်မမြင် ဖြစ်နေကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ဝေဖန် ဆွေးနွေးခဲ့ကြသည်။

YBS အများပိုင်ယာဉ်လိုင်း ပြောင်းလဲမှု အခက်အခဲများတွင် ရိုးရိုးသားသား အခက်အခဲများ ရှိသကဲ့သို့ YBS စနစ် မအောင်မြင်စေချင်သည့် ပယောဂများနှင့် ဖန်တီးနေသော ကိစ္စရပ်များကိုလည်း အစိုးရ အဖွဲ့မှ ရင်ဆိုင် ဖြေရှင်းနေရကြောင်း ဒေါ်နီလာကျော်က ပြောဆိုသည်။

နှောင့်ယှက်မှု ပယောဂများတွင် နိုင်ငံရေး ပယောဂ များ ပါဝင်သကဲ့သို့ ယခင် မထသ စနစ်ဟောင်းက ကိုယ်ရကိုယ်ယူ စနစ်နှင့် တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ ဒရိုင်ဘာ၊ စပယ်ယာများကို ပုတ်ပြတ်ပေးပြီး လုပ်ကိုင်ခဲ့သည့် သူများကလည်း YBS စနစ် မအောင်မြင်စေချင်သည့်သူများဖြစ်ကြောင်း ၎င်းကဆိုသည်။

READ  နိုင်ငံတော် ပုန်ကန် မှုဖြင့် တစ်သက်တစ်ကျွန်းကျခံရသူများကို အခြားစွဲချက်များဖြင့် ထပ်မံရုံးထုတ်
ထို့ပြင် YBS စနစ်ပြောင်းလဲမှု အောင်မြင်ခြင်းမရှိဟု ဝေဖန်ပြောဆိုမှုများကိုလည်း ဝန်ကြီးက ကာကွယ်ပြောကြားခဲ့ပြီး YBS စနစ် မအောင်မြင်ဟု ပြောဆိုမှုများကို လက်မခံနိုင်ကြောင်း “ပြည်သူစိတ်ပျက် YBS” ဟူသည့် နိမိတ်ပြစကားလုံးကဲ့သို့ ရည်ရွယ်ချက် ဆန့်ကျင်ဘက် ရောက်သွားသည့် စကားလုံးမျိုးကို အစိုးရအဖွဲ့က လက်မခံနိုင်ကြောင်း ၎င်းက လွှတ်တော်တွင် ပြောဆိုသည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က တစ်နှစ်တာ စီမံချက်နဲ့ ဆောင်ရွက်နေတာ အခုက သုံးလပဲ ရှိပါသေးတယ်။ အဲဒီလို ဆောင်ရွက်ဆဲ ကာလမှာ ဒီလိုမျိုး ဆုံးဖြတ်ချက်စောတဲ့ စကားလုံးမျိုးတွေကို မသုံးစေချင်ပါဘူး။ ကျွန်မတို့အနေနဲ့ ကျန်တဲ့ ဥပဒေနဲ့ ညီညွတ်တာကိုပဲ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လာရောက် ဆွေးနွေးနိုင်ပါတယ်”ဟု ဒေါ်နီလာကျော်က ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက YBS စနစ်၏ ဆောင်ပုဒ်သည် “ပြည်သူ့အတွက် YBS” မဟုတ်တော့ဘဲ “ပြည်သူစိတ်ပျက် YBS” ဖြစ်သွားပြီဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒေါ်နီလာကျော်က YBS စနစ်နှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်သွားမည့် ယာဉ်အစီးရေ တိုးချဲ့သွားမည့် အစီအစဉ်များ၊ ဥပဒေ ရေးဆွဲနေမှုများ၊ စည်းကမ်းမဲ့ယာဉ်များ အရေးယူ ဆောင်ရွက်မှု အခြေအနေများ၊ ကားအသစ်များ ထပ်မံ ထည့်သွင်းသွားမည့် အခြေအနေများ စသည်တို့ကို လွှတ်တော်တွင် ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ အစိုးရအဖွဲ့၏ ရှင်းလင်းချက်များ ဖြစ်ပွားစေခဲ့သည့် ရန်ကုန် တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ပိုမိုကောင်းမွန်စေရေး အဆိုကို တင်သွင်းခဲ့သူ အင်းစိန်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အစိုးရကို ဝေဖန်တိုက်ခိုက်ရန် အဆိုတင်သွင်းခဲ့ခြင်း မဟုတ်ဘဲ ဝေဖန် ထောက်ပြခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားသည်။

READ  ကန်ထရိုက်တိုက်ခန်းဥပဒေ ယခုနှစ်အတွင်း အတည်ပြုနိုင်ရေး ဆောင်ရွက်နေဟုဆို
“အဆိုတွေ မေးခွန်းတွေနဲ့ မေးနေတာက အစိုးရ ကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ အစိုးရရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို လွဲနေရင်တည့်အောင် ယိုင်နေရင် မတ်သွားအောင် အပြန်အလှန် ထိန်းကျောင်းနေတဲ့ စနစ်နဲ့ လုပ်ဆောင်နေတာပါ”ဟု ဦးဝေဖြိုးဟန် က ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မထသ ယာဉ်လိုင်းကို ဖျက်သိမ်း၍ YBS အများပိုင် ယာဉ်လိုင်းများဖြင့် ပြောင်းလဲ ပြေးဆွဲမှုကို ပြီးခဲ့သည့် ဇန်နဝါရီလက စတင်ခဲ့ခြင်းဖြစ်သည်။

Credit : the voice myanmar

No comments:

Post a Comment