NCA လမ်းကြောင်းအတိုင်း လိုက်ပါဖို့ UNFC သဘောတူပြီ
မြန်မာအစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် - NCA (Nationwide Ceasefire Agreement) လက်မှတ်ထိုးနိုင်ခြင်း မရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၄ ဖွဲ့က NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ အတူတကွကြိုးပမ်းသွားမယ် လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ - UNFC က ဧပြီ ၉ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မကြာခင် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အားလုံး တန်းတူရည်တူ ဂုဏ်သိက္ခာရှိစွာ ပါဝင် တက်ရောက်နိုင်ရေးကိုလည်း UNFC ရဲ့ ကြေညာချက်ထဲ ဖော်ပြထားပါတယ်။
မြန်မာပြည် မြောက်ပိုင်း ကချင်နဲ့ ရှမ်းပြည်နယ်တွေက ထိုးစစ်တွေ အမြန်ဆုံးရပ်ဖို့ အတွက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကြား ညှိနှိုင်းဆွေးနွေး အဖြေရှာရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတူတကွ ပူးပေါင်းနိုင်ရန် ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီ ၈ နဲ့ ၉ ရက်တွေမှာကျင်းပတဲ့ ၂ ရက်ကြာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၄ ဖွဲ့ရဲ့ ထိပ်သီး အစည်းအဝေးမှာ သဘောတူညီခဲ့တယ် လို့ ဆိုပါတယ်။
မိုင်ဂျာယန်မှာ ကျင်းပခဲ့တဲ့ မျက်နှာစုံညီ အစည်းအဝေး ရလဒ်တွေအပေါ် အခြေခံပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာ အခြေခံရမယ့် လမ်းညွှန် အခြေခံမူတွေနဲ့ ပင်လုံလက်စွဲစာတမ်းတို့ကို ဒီ ၂ ရက်ကြာ အစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့ကြောင်း၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒကိစ္စတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ JCB ဆိုင်ရာ ကိစ္စတွေ၊ ကြားကာလ အစီအစဉ်များဆိုင်ရာ မူဝါဒနဲ့ အစီအစဉ်တွေ ရေးဆွဲရေးတို့ အတွက် ပူးတွဲအလုပ်အဖွဲ့တွေ ဖွဲ့စည်းဖို့ကို သဘောတူ ဆုံးဖြတ်ခဲ့တယ် လို့ ဆိုပါတယ်။
Kamayut Media
No comments:
Post a Comment