Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 12, 2017

How to stock pricing စ တော့ ဈေးနှုန်း ဘယ်လို ဖတ် ရမလဲ . .


စတော့ရှယ်ယာဈေးနှုန်းကို ဘယ်လိုဖတ်ရမလဲ။
စတော့ဈေးနှုန်းနှင့် ၄င်းဘေးတွင်ပါပါလာတတ်သည့် ကိန်းဂဏန်းများကို သဘောပေါက်ရန် အလွန် လွယ်ကူပါသည်။ ဥပမာပြ၍ရှင်းလင်းလိုသဖြင့် အောက်မှာ အများပိုင်ကုမ္ပဏီအချို့တို့၏ ဈေးနှုန်း ဇယားပုံလေးကို ရေးစွဲပေးထားပါသည်။ စတော့ ဈေးနှုန်းနှင့် အညွှန်းကိန်းများကို ထုတ်ပြန်သည့် Website များ သတင်းဌာနများတွင် ဖော်ပြလေ့ရှိ သည့် အတိုင်း စတော့ဈေးနှုန်းဆိုင်ရာ အခြေခံ အချက်အလက်တို့ကိုတွေ့ရပါမည်။ ဇယားပုံလေးကို မြန်မာပြည်အနေအထားနှင့် ကိုက်ညီအောင် မြန်မာပြည်ရှိကုမ္ပဏီအဖွဲ့အစည်းတစ်ချို့တို့၏ စတော့ဈေးနှုန်းညွှန်းကိန်းများ သကဲ့သို့ ဖြစ်အောင် ဖန်တီးပုံဖော်ထားသည်။ ဥပမာပြထားခြင်းဖြစ်၍ ဇယားအတွင်းရှိကိန်းဂဏန်းများသည် လက်တွေ့ ရလဒ်များ မဟုတ်သည်ကိုသိရပါမည်။ ဇယားပုံ သည် ဧပြီလ ၁၀ရက်နေ့ စတော့အိပ်ချိန်းပိတ်ချိန် ညနေ ၄နာရီတွင် ရရှိသည့် အများပိုင်ကုမ္ပဏီ အချို့၏ စတော့ဈေးနှုန်းနှင့် ဆက်စပ်ညွှန်းကိန်းများ ကို ဖော်ပြထားသည်။
Column 1 & 2: 52 W High and Low
Col 1 နှင့် Col 2 ကို ကြည့်လိုက်ပါ။ ထို Column နှစ်ခုတွင် ဖော်ပြထားသည့် ကိန်းဂဏန်းများသည် အစုရှယ်ယာတစ်ခု၏ လွန်ခဲ့သည့် ၅၂ပတ် သို့ တစ်နှစ်ကာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည် ဈေးနှုန်းများအနက် အမြင့်ဆုံးဈေးနှုန်း High နှင့် အနိမ့်ဆုံးဈေးနှုန်း Low များဖြစ်သည်။ ဥပမာ FMI ရှယ်ယာ၏ လွန်ခဲ့သည့် ၅၂ပတ် အတွင်းအမြင့်ဆုံးဈေးနှုန်းမှာ ၁၀၅၀၀ကျပ် ဖြစ်ပြီး AGD ဘဏ် ရှယ်ယာ၏ အနိမ့်ဆုံး အရောင်းအဝယ် ဖြစ်ခဲ့သော ဈေးနှုန်းမှာ ၉၆၀၀ကျပ်ဖြစ်သည်။
Column 3: ကုမ္ပဏီစတော့အမည်နှင့် စတော့အမျိုးအစား
ဤ Column တွင် ရောင်းဝယ်သည့်အစုရှယ်ယာ၏ အများပိုင်ကုမ္ပဏီအမည်ကိုဖော်ပြထားသည်။ ကုမ္ပဏီအမည်၏နောက်တွင်အထူးစကားလုံးတို သို့ အက္ခရာတစ်ခုခု မပါလျှင် ၄င်းအစုရှယ်ယာသည် သာမန်အစုရှယ်ယာဖြစ်သည်။ ပါခဲ့လျှင် အခြား အစုရှယ်ယာအမျိုးအစားဖြစ်သည်။ ဥပမာအနေဖြင့် ဇယားပုံတွင်ပါရှိသည့် မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာသည် PF ဟုပါရှိ၍ ဦးစားပေးရှယ်ယာ Preferred အမျိုးအစားဖြစ်သည်။
Column 4: Ticker Symbol စတော့အက္ခရာ
စတော့သင်္ကေတ Ticker သည် စတော့ရှယ်ယာ ၏ အက္ခရာအမည်ဖြစ်သည်။ Bloomberg စသည့် စီးပွားရေးသတင်းရုပ်သံလိုင်းများကို ကြည့်လျှင် စတော့အက္ခရာများပြေးနေပြီး စတော့ဈေးနှုန်းနှင့် အတက်အကျကို ဘေးတွင်ဖော်ပြသည်ကို တွေ့ရမည်။ ထို့ကြောင့် Ticker Symbol သည် အစုရှယ်ယာ၏ အတိုကောက်အက္ခရာအမည် ဖြစ်သည်။ AAPL သည် Apple အစုရှယ်ယာ၏ Ticker Symbol ဖြစ်ပြီး အောက်တွင် ဥပမာပြသည့် အတိုင်း First Myanmar Investment အစုရှယ်ယာ၏ Ticker Symbol မှာ FMI ဖြစ်သည်။
Column 5: Dividend per Share အစုရှယ်ယာ တစ်ခုလျှင်ပေးသည့် အမြတ်ဝေစုပမာဏ
ဤ Column တွင် ဖော်ပြပါအများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာတစ်ခုလျှင် နှစ်စဉ်ရမည့် အမြတ်ဝေစု ပမာဏကိုပြထားသည်။ Div သည် Dividend အမြတ်ဝေစု၏ အတိုကောက်ဖြစ်သည်။ ဤ Column အောက်တွင် ဘာမှမဖော်ပြထားသော ကုမ္ပဏီသည် အမြတ်ဝေစု ပေးဝေခြင်းမရှိသေးပေ။ ထို့ကြောင့် FMI ၏ နှစ်စဉ်ငွေသား အမြတ်ဝေစု သည် ၂၀၀ကျပ် ဖြစ်ပြီး AGD ကတော့ အမြတ်ဝေစု မပေးသေးဟု ဇယားပုံမှာတွေ့ နိုင်သည်။
Column 6: Dividend Yield အမြတ်ဝေစုရရှိနှုန်း
အမြတ်ဝေစုပေးဝေမှုပမာဏသည် ယနေ့ရှယ်ယာ ပေါက်ဈေး၏ ရာခိုင်နှုန်းမည်မျှရှိသည်ကို ဖော်ပြထားခြင်းဖြစ်သည်။ အမြတ်ဝေစုကိုတည်ပြီး အစုရှယ်ယာ၏ ပေါက်ဈေးနှင့် စားထားခြင်း ဖြစ်သည်။ အစုရှယ်ယာဈေးတက်သည်ထက် ၄င်းမှနှစ်စဉ်အမြတ်ဝေစုငွေကို မျှော်မှန်းလိုသူများ အတွက်အသုံးဝင်သည့် ရာနှုန်း ဖြစ်သည်။ ဥပမာအားဖြင့်ပုံတွင်ဖော်ပြသည့် အတိုင်း အမြတ်ဝေစုများများလိုချင်လျှင် FMI ထက် MCB ၏ အစုရှယ်ယာကိုရွေးသင့်ပါသည်။ MCB သည် အမြတ်ဝေစုရရှိနှုန်းပိုများ၍ မိမိရင်းနှီးသောငွေ ၁၀၀ကျပ်လျှင် အမြတ်ဝေစု ၁၀ကျပ်ရရှိမည် ဖြစ်ပြီး FMI ကမူ ၁၀၀ကျပ်ရင်းမှ ၁ကျပ် ၅၄ပြားခန့်သာ နှစ်စဉ် အမြတ်ဝေစုခွဲပေးသည့် သဘောဖြစ်သည်။ အမြတ်ဝေစုခွဲပေးမှုများတိုင်း ပိုကောင်းသည့် အစုရှယ်ယာလို့တော့မဆိုနိုင်ပါ။
Column 7: Price/ Earnings Ratio သို့ P/E အချိုးရလဒ်
အစုရှယ်ယာတစ်ခု၏ ပေါက်ဈေးနှင့် ၄င်းအစုရှယ်ယာကို ထုတ်ဝေသည့် ကုမ္ပဏီ၏ အမြတ်ငွေကို မီးမောင်းထိုးပြသော အချိုးဖြစ်သည်။ ရလဒ်နည်းလေကောင်းလေဖြစ်သည်။ ရလဒ်ကြီးနေ သော အစုရှယ်ယာသည်ဈေးမြောက်နေသည်ဟု ဆိုနိုင်သည်။ P/E ကို ယနေ့ ပေါက်ဈေးကို တည်ပြီး Column 9 ရှိ EPS ဖြင့်စားခြင်းမှရရှိ နိုင်သည်။ P/E သဘောတရားကိုသိရန်ကို ဥပမာ ဇယားပုံရှိ AGD ဘဏ်၏ P/E ကို ကြည့်လိုက်ပါ။ P/E ၉ ဆိုသည်မှာ AGD ဘဏ်၏အမြတ်ဝင်ငွေ သည် မနှစ်ကအတိုင်းယခုနှစ်တွင် ရရှိနိုင်မည် ဆိုပါက ဝယ်ဈေး၏ ၉ကျပ်လျှင် AGD ဘဏ်သည် ၁ကျပ် ပြန်ရှာပေးနိုင်သည်ဟူ၍ဖြစ်သည်။ တိုတို ပြောသော် AGD စတော့ပေါက်ဈေး၏ ၉ကျပ်တိုင်း သည် ၁ကျပ်နှစ်စဉ်ရှာပေးနေခြင်းဖြစ်သည်။ FMI ၏ P/E မှာမူ ၈၀ ဖြစ်နေ၍ နှစ်စဉ် ၁ကျပ်ရှာရန် ၈၀ကျပ်ဖိုး ဝယ်ယူထားရမည်ဖြစ်နေသောကြောင့် ဈေးမြောက်နေသည်ဟုဆိုပါသည်။
Column 8: Trading Volume အရောင်းအဝယ် ဖြစ်မှုအရေအတွက်
အစုရှယ်ယာတစ်ခု၏ တစ်နေ့တွင် အရောင်း အဝယ်ဖြစ်ခဲ့သည့် အရေအတွက်ပင်ဖြစ်သည်။ ဤ Column အောက်ရှိ ဂဏန်းကို သုညနှစ်လုံး ထပ်တိုး၍ ဖတ်သင့်သည်။ ဥပမာ FMI စတော့ အရောင်းအဝယ်ဖြစ်သည့် အရေအတွက်သည် ၃၀၀ခု မဟုတ်ပဲ ၃၀၀၀၀ခုဖြစ်သည်။
Column 9: Earning Per Share ရှယ်ယာတစ်ခု လျှင် ရရှိသော အမြတ်ငွေ
ဥပမာဆိုပါစို့။ AGD ဘဏ်သည် မနှစ်က အမြတ်ငွေ ကျပ် သိန်း ၁၁၁၁ ဝင်ခဲ့သည်။ AGD ဘဏ်မှထုတ်ဝေထားသော ရှယ်ယာစုစုပေါင်း အရေအတွက်မှာ တစ်သိန်းခုတိတိဖြစ်လျှင် ရှယ်ယာတစ်စောင်ခြင်းစီ၏ အမြတ်ငွေမှာ ၁၁၁၁ကျပ် ဖြစ်သည်။ ထို့ကြောင့် AGD အစုရှယ်ယာ၏ EPS မှာ ၁၁၁၁ကျပ် ဖြစ်လေသည်။ EPS သည် ရှယ်ယာတစ်ခု၏ မနှစ်က ရရှိခဲ့သည့် အမြတ်ဝင်ငွေကိုပြသည်။ ပုံတွင် FMI သည် မနှစ်က ရှယ်ယာတစ်စုလျှင် ၁၆၄ ကျပ်သာ အမြတ်ငွေအဖြစ်ဝင်ခဲ့ပါသည်။
Column 10 & 11: Day High and Low
ယနေ့ အရောင်းအဝယ်ဖြစ်ခဲ့သော အစုရှယ်ယာ ဈေးနှုန်းများ အနက် အမြင့်ဆုံး High နှင့် အနိမ့်ဆုံး Low ဈေးနှုန်းများဖြစ်သည်။ ဇယားပုံတွင် FMI စတော့သည် အများဆုံးဈေးနှုန်း ၁၃၃၀၀ကျပ် နှင့် အနည်းဆုံးဈေးနှုန်း ၁၂၉၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။
Column 12: Previous Close မနေ့ကအပိတ်ဈေး
ဇယားပုံအတိုင်းဆိုလျှင် ယနေ့ ဧပြီလ ၁၀ရက် ဆိုပါက မနေ့ကဧပြီလ ၉ရက်နေ့ အိပ်ချိန်းပိတ်ချိန် မတိုင်မှီ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သော အစုရှယ်ယာဈေးနှုန်းဖြစ်သည်။
Column 13: Close Price အပိတ်ဈေး
အပိတ်ဈေးဆိုသည်မှာ စတော့အိပ်ချိန်းမပိတ်မှီ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သော စတော့ ရှယ်ယာ၏ ဈေးနှုန်းဖြစ်သည်။ အပိတ်ဈေးနှင့် ပတ်သက်၍သိရမည်မှာ အပိတ်ဈေးအတိုင်း နောက်နေ့တွင် အစုရှယ်ယာများကို ဝယ်ယူလို့ ရချင်မှရမည်ဆိုတာပဲဖြစ်သည်။ စတော့ဈေးကွက် တွင် အစုရှယ်ယာများ၏ ဈေးနှုန်းသည် စတော့အိပ်ချိန်း ပိတ်ချိန်များတွင်ပင် အမြဲတစေ ပြောင်းလဲနေနိုင်သည်။ အပိတ်ဈေးသည် သေချာပေါက်ဝယ်လို့ရမည့် ဈေးနှုန်းမဟုတ်သော် လည်း မိမိကမည်မျှပေး၍ အစုရှယ်ယာတစ်ခုကို ဝယ်သင့် ရောင်းသင့်သည်ကို နှိုင်းယှဉ် ညွှန်ပြနိုင်သော ဈေးနှုန်းတန်ဖိုးတစ်ခုသာဖြစ်သည်။
Column 14 & 15: Net Change & Rate အပြောင်း အလဲပမာဏနှင့် ပြောင်းလဲနှုန်း
အစုရှယ်ယာတစ်ခု၏ မနေ့က အပိတ်ဈေးနှုန်းမှ မည်မျှပမာဏ အတက်အကျဖြစ်သွားသည်ကို ပြသည်မှာ Net Change ပင်ဖြစ်သည်။ ဇယားပုံတွင် FMI စတော့သည် ဧပြီလ ၉ ရက်နေ့ အပိတ်ဈေးတွင် ၁၂၈၀၀ကျပ်ရှိရာမှ ဧပြီ ၁၀ရက် တွင် ၁၃၀၀၀ကျပ်ရှိခဲ့သဖြင့် Net Change မှာ ၂၀၀ကျပ် အတက်ပြခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် FMI ၏ စတော့မှာ ဧပြီလ ၉ရက်နေ့က ဈေးနှုန်းမှ ၁ ဒသမ ၅၆ ရာခိုင်နှုန်း အတက်ပြ ခဲ့သည်ဟု ဆိုနိုင်သည်။ ထို အတက်ပြသည့် ရာခိုင်နှုန်းသည် Change Rate ပြောင်းလဲနှုန်းဖြစ်သည်။ သတင်းဌာနများက စတော့ဈေးနှုန်းများကို TV တွင် ဖော်ပြရာတွင် လက်ရှိအရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်း၊ ၄င်း၏ဘေးတွင် မနေ့ကအပိတ်ဈေးမှ မည်မျှပြောင်းလဲသည်ကိုပြသည် ပြောင်းလဲနှုန်း Change Rate ကိုသာအဓိကဖော်ပြလေ့ရှိသည်။ Change Rate သည် စိမ်းနေလျှင် အတက်ပြသည့် စတော့ဈေးနှုန်းဖြစ်ပြီး အနီရောင်ဖြစ်နေပါက မည်မျှကျဆင်းသွားသည်ကို ပြသည့် ရာခိုင်နှုန်းသာ ဖြစ်သည်။
အခုဆိုလျှင်စတော့ဈေးနှုန်းနှင့် ပတ်သက်သည့် ကိန်းဂဏန်းများကို တင်ပြလို့ပြီးပါပြီ။ ၄င်းတို့ကို ကြည့်လျှင် စတော့ဈေးနှုန်းတစ်ခု၏ ပေးသင့်သော တန်ဖိုးကို အနည်းနှင့်အများ သိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် စတော့တစ်ခု၏ ပေါက်ဈေးဆိုသည်ကို ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းများကို ကြည့်၍ ပျှမ်းမျှအားဖြင့် အရောင်း အဝယ်ဖြစ်နိုင်မည့် ဈေးနှုန်းဟုသာ သတ်မှတ် ရပါမည်။
ယခုတင်ပြခဲ့သော အကြောင်းအရာများသည် စတော့ဈေးနှုန်းနှင့်ဆိုင်သော အချက်များသာ ဖြစ်ပြီး စတော့ရှယ်ယာတစ်ခုကို ဝယ်ယူ ရင်းနှီး သင့်မသင့် ဆုံးဖြတ်ရန် ပိုင်းခြားသုံးသပ်ချက် Analysis လုပ်နည်းများ မဟုတ်သေးပါ။ ထို့ကြောင့် စတော့ဈေးနှုန်းနှင့်ဆိုင်သော အချက်အလက်များကို ကြည့်ရုံဖြင့်အစုရှယ်ယာတစ်ခု၏ စစ်မှန်သည့် တန်ဖိုးကို မသုံးသပ်နိုင်ပါဟုပြောလိုပါသည်။ ဈေးကွက်ရှိ ပေါက်ဈေးသည် အစုရှယ်ယာတစ်ခု၏ အစစ်အမှန်တန်ဖိုးနှင့် အမြဲကင်းကွာနေတတ်သည် ကို ရင်းနှီးမြှုပ်နှံသူတိုင်း နှလုံးသွင်းထားရပါမည်။

မူ ရင်း. . . . . .
မြန်မာ့ပထမဆုံးသော စီးပွားရေးနှင့် စီမံခန့်ခွဲမှု

No comments:

Post a Comment