Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 29, 2017

မြန်မာပြည်မှ ရောဂါဆိုးကြီး

ကျနော် ဟိုတစ်နေ့က ပြင်သစ် သမ္မတလောင်းက ကိုယ်ထက် အသက် ၂၅ နှစ်ကြီးတဲ့ မိန်းမကို ယူထားတယ်ဆိုတဲ့ ပိုစ့်ကို ရေးလိုက်တယ်။ အဲဒီမှာ ရှယ်တဲ့ တစ်ယောက်က သူတို့သာ မြန်မာပြည်က ဆိုရင် ပိုးဆိုးပက်စက် အပြောခံရမှာဆိုပြီး ရေးပြီး ရှယ်လိုက်တယ်။

လာမန့်တဲ့ အကို တစ်ယောက်ကလဲလည်း ဒီလိုမန့်ထားတယ်
"....မြန်မာနိုင်ငံလာကြည့်ပါလား
တစ်ခုလပ် တစ်လင်ကွာလို့ ပြောခံရမှာ ဟား
ဟိုကောင်ကကြောင်ခံတွင်းပျက်

ကိုယ့်ဆာမကို ပြန်ကြိုက်ရတယ်လို့ ကျက်သရေမရှိဘူးပြောခံရမှာ
😂ဒါများသမ္မတ လုပ်မှာတက်
လိတောင်မဲမပေးဘူး သူလုပ်မှ ယဉ်ကျေးမူ့ တွေပါပျောက်ကုန်မှာ

၉၆၉ ကဒါမျိုး တွေလက်မခံနိုင်ပါဘူး
နိုင်ငံနာတယ် ထွီး ဘာညာ ဘာညာပေါ့
ပြောခံရတဲ့သူခမျှာ ကိုယ်ကိုယ်ကိုစောင်သုံးမကျ ဆန်ကုန်မြေလေးလို့ ကွကိုယ်ထင်ပီး ကွကိုယ်သတ်သေသွားနိုင်တယ် မြန်မာပါးစပ်
...." ဆိုပြီး လာမန့်ထားတယ်။ သူပြောတာ အများကြီးလက်ခံတယ်ဗျ...။

ကိုစိုင်းမင်းထိုက် ဆိုတဲ့ အကိုတစ်ယောက်ကလည်း သူ့ပိုစ့်ထဲမှာ ဒီလိုရေးထားတယ်။

"..အင်ဂျလီနာဂျိုလီ သာ… မြန်မာနိုင်ငံမှာ… မွေးကြည့်…သူ့ရုပ်ဘယ်လောက်လှလှ Sexy ဘယ်လောက်ဖြစ်ဖြစ်…
"အဲဒီကောင်မက ဆေးသုံးတာ" "လင်ခိုးမ"" သူများလင် ကြောင်တောင်နှိုက်တာ""ငယ်ငယ်ကတည်းက အဖေကပစ်သွားတာလေ… စာရိတ္တလည်း မကောင်းဘူး" စတဲ့ အပြစ်တင် အနိုင်ကျင့်စကားလုံးတွေကြားမှာ ကုလသမဂ္ဂ သံတမန်ဖြစ်လာဖို့ မပြောနဲ့…စိတ်ဓာတ်တွေ အကြိမ်ကြိမ် ရိုက်ချိုးခံရပြီး ဆေးသမားဘဝနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်…

အော်ပရာဝင်းဖရေး…သာ… မြန်မာနိုင်ငံမှာ…မွေးကြည့်… ကမ္ဘာကျော်ရုပ်သံ တင်ဆက်သူဖြစ်လာဖို့ဝေးစွ…"သူက အသက် ၁၃ နှစ်လောက်ကတည်းက အကြိမ်ကြိမ် မုဒိန်းကျင့်ခံရတာလေ""မသန့်ရှင်းတော့ဘူး…သူနဲ့မပတ်သတ်နဲ့"" သူ့ကို မယူနဲ့နော်…ဘယ်လိုအနေအထိုင်မတတ်လို့ ငယ်ငယ်က မုဒိန်းကျင့်ခံရလဲမှ မသိတာ"…စတဲ့ မစာမနာ အထင်သေးကဲ့ရဲ့တဲ့ စကားတွေကြားမှာ လူမွေးသူမွေးတောင် ပြောင် မှာမဟုတ်ဘူး…" ဆိုပြီးရေးထား တာ ဖတ်လိုက်ရတယ်။ သူတို့ပြောတာတွေကို ထောက်ခံတယ်။ ကျနော်တို့ လူမျိုး အများစုက သူများကို ပိုးစိုးပက်စက် ကဲ့ရဲ့ အပစ်ပြောလိုက်တာကို သိပ်ခံတွင်းတွေ့တယ်။

ဆရာကြီး ရွှေဥဒေါင်းကလည်း
“ဗမာလုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ”၊ “ဗမာတွေကိုက ဘယ်နေရာမှမကောင်းပါဘူး”၊ “ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ် တာကိုး”၊ “ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင်လုပ်နိုင်တာမရှိပါဘူး” အစရှိသော နှိပ်နယ်စကား၊ ချိုးဖဲ့စကား၊ ကဲ့ရဲ့စကား၊ ရှုတ်ချစကားများသည် မကြာခဏဖြစ်ပေါ်လျက်ရှိသည်ကို ကြားမိကြပေလိမ့်မည်။

ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ ထိုစကားကို သုံးနှုန်းပြောဆိုနေကြသော သူများသည် တရုတ်လူများ လည်းမဟုတ်။ ကုလားလူမျိုးများလည်းမဟုတ်။ တရုတ်နှင့် ကုလားကပြားများလည်းမဟုတ်။ မြန်မာစစ်စစ်ဆိုသော လူများ၏ပါးစပ်မှ ထွက်လာလေ့ရှိသည်အတွက်ကြောင့် သာ၍ ၀မ်းနည်းဖို့ကောင်းလှ၏။

အချို့သောသူတို့သည် ထို စကားမျိုးကို သုံးနှုန်းကြသောအခါတွင် ၀မ်းနည်းသောလေသံမျိုးလည်းမပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ရခြင်းကိုပင် အရ သာရှိဟန်လက္ခဏာနှင့် လေးလေးနက်နက်ပက်ပက်စက်စက် ချိုးဖဲ့ပြောဆိုရက်သည်ကိုတွေ့ရပကား မြန်မာအစစ်ပင် ဟုတ်ပါလေ၏လောဟု ယုံမှားခြင်းပင် ဖြစ်ရလောက်ပေ၏။

မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် ‘မှိုးချိုးမျှစ်ချိုး’ တစ်တစ်ခွခွ လူမျိုးလိုက်ချီ၍ သိမ်းကျုံးရှုတ်ချပြောဆိုနေကြ သည်ဖြစ်ရာ ထိုကဲ့သို့ ရှုတ်ချပြောဆိုနေကြခြင်း၏ အကြောင်းရင်းမှာကား မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် အထင်အမြင်သေးသိမ်နေကြသောကြောင့် ဖြစ်ချေ၏။...." ဆိုပြီး သူ့က မြန်မာလူမျိုးနှင့် အကျင့်ဆိုး ဆောင်းပါး တွင်ထည့်ရေးခဲ့ဖူး ပါတယ်။

ဆရာကြီး ရွှေဥဒေါင်းတို့ ခေတ်ကတည်းကရှိသော ထိုအကျင့်ဆိုးသည် ကျနော်တို့ခေတ်ထိရှိနေသေးပြီး အခုပိုတောင်ဆိုးနေပြီလားထင်မိသည်။ အခု ဆိုရှယ်မီဒီယာ ဆိုသော ဖေ့ဘုတ် စာမျက်နှာများတွင် မကြာခဏတွေ မြင်နေရသည်။

ကျနော်ကိုယ်တိုင်လည်း ဒီစာသာ ရေးတာ အဲဒီ အကျင်တွေ ကိုယ့်မှာရှိနေပါသေးတယ်။ ကျနော်သားအကြီးက တခါတလေ စကားနားမထောင်ဘူး။ အမြဲတမ်း ကိုယ့်ကိုကိုယ် ဆုံးမတယ် ငါခလေးကို မငေါက်ဘူး။ မအော်ဘူး။ ကောင်းကောင်းမွန်မွန် ဆုံးမမယ်လို့လေ။ ဒါပေမယ့် တခါတလေ စိတ်လွတ်သွားပြီး အော်မိတယ် ငေါက်မိတယ်။ အဲဒါဘာလို့လဲ စဉ်းစားမိတော့။ ကိုယ့်မိဘတွေ ကိုယ့်အသိုင်းအဝန်း ပတ်ဝန်းကျင်မှာ ကိုယ်ငယ်စဉ်က တစ်ခုခု အမှားလုပ်မိလို့ရှိရင် အော်တယ် ငေါက်တယ်။ ပစ်တင် ဝေဖန်တယ်။ ဒါသူ့တို့အပစ်လည်း မဟုတ်ဘူး။ သူတို့ မိဘတွေဖြစ်တဲ့ ကျနော်တို့ အဖိုးအဖွားတွေ တုန်းကလည်း သူတို့ကို အော်ခဲ့ ငေါက်ခဲ့ ပစ်တင်ဝေဖန်ခဲ့တာ ချည်းပဲလေ။

မအော် မငေါက်ပဲ အကျိုးသင့် အကြောင်းသင့် စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ မိဘတွေ မြန်မာပြည်မှာ ရှိတော့ ရှိမယ်။ ဒါပေမဲ့ အရမ်းနည်းမယ် ထင်ပါတယ်။

ဥရောပနဲ့ အမေရိက ခလေးတွေကတော့ သူတို့ရဲ့  ကျောင်းသင် ပညာရေးစနစ်မှာကိုက အကျိုးအသင့် အကြောင်းသင့် ရှင်းပြတဲ့ စနစ်ကို သုံးတယ်။ သူ့တို့မိဘတွေကလည်း ဒီပညာရေး စနစ်မှာကြီးပြင်းလာတဲ့ သူတွေ ဖြစ်တဲ့ အတိုင်း။ ကိုယ့်ခလေးတွေကို တစ်ခုခုဆို စိတ်ရှည်လက်ရှည် ရှင်းပြတယ်။

အန်ဗားရိုးမန့်ကလည်း အရမ်းကောင်းတယ်။ Positive ဆန်တယ်။ ခလေးက တစ်ခုခု မှားလုပ်မိရင်လည်း John don't do it next time ဆိုတာလောက်နဲ့ ပီးသွားတာလေ။ အမြဲတမ်းပဲ လဲကျရင် try it again ဆိုတာမျိုး ဆုံးမကြတယ်။ အဲဒီအတွက် ခလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အရမ်းရှိကြတယ်။ အသစ်တစ်ခု ကို ဖန်တီဖို့ မကြောက်ကြဘူး..။

အဲဒီအတွက် ဆန်းသစ်တီထွင်မှုတွေ ရှိတဲ့ ဂီတပညာရှင်တွေ အနုပညာရှိတွေ ကမ္ဘာကျော်တဲ့ သိပံ္ပ ပညာရှင်တွေ ပေါ်ထွက်လာခဲ့တာပေါ့။

ကျနော်တို့တွေ ကျနော့်တို့သွေးသားထဲမှာ စီးဝင်နေတဲ့ ကိုယ့်သားသမီးကို ကိုယ်ပတ်ဝန်းကျင်ကို ရုတ်စွအဆုံး ကိုယ့်လူမျိုးကိုယ် ပစ်တင်ဝေဖန်တတ်တဲ့ ဒီရောဂါဆိုးကို ဖောက်မထုတ်နိုင်သေးသ၍ ဒီရောဂါဆိုးကြီးကို နောက်မျိုးဆက်ကို လက်ဆင့်ကမ်းဖို့ ကြိုးစားနေသေးသ၍ ကမ္ဘာကျော် ပဂ္ဂိုလ်တွေ ပေါ်ထွက်လာဖို့ မပြောနဲ့ ကိုယ့်အိမ်နီးချင်း အရှေ့တောင် အာရှ နိုင်ငံတွေ တောင်မှီဖို့ မလွယ်သေးပါကြောင်း ဝေဖန်ထောက်ပြ လိုက်ရပါသည်။ ။

မေတ္တာဖြင့်

ရဲမင်း (29/4/2017)

No comments:

Post a Comment