Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

ပြည်နည်းပညာတက္ကသိုလ်မှ ဆရာမ တစ်ဦးအား သတ်ပြီး အလောင်းဖျောက်ရန် ကြံစည်သူကို ဖမ်းမိ

 


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့၊ နည်းပညာတက္ကသိုလ် IT နည်းပြဆရာမ တစ်ဦးအား သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ရန် ကြံစည်သူ အမျိုးသမီးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ ဧပြီ ၅ ရက်က ပြည်မြို့၊ ဗိုလ်ချုပ်လမ်းနှင့် ဘုန်းကြီးလမ်းထောင့်အနီး ကားလမ်းပေါ်တွင် လှည့်ကင်းပတ်နေသည့် ရဲကားအား အမျိုးသားတစ်ဦးက တားပြီး ၎င်းတို့ကားပေါ်မှ ခရီးသည် အမျိုးသမီးကို မင်္သကာ၍ စစ်ဆေးပေးပါရန် ပြောဆိုရာမှ စစ်ဆေးစဉ် အမျိုးသမီးအလောင်း တစ်ခုကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ပြည် မြို့မအမှတ်(၂) ရဲစခန်းက သတင်းရရှိသည်။
 
“လှည့်ကင်းကား မြို့ထဲရောက်တဲ့ အချိန်မှာ လူတစ်ယောက် မင်္သကာဘူးဆိုပြီး တားပါတယ်။ လှည့်ကင်းခေါင်းဆောင်က စခန်းကိုခေါ်လာပြီး စစ်တဲ့အခါမှာ ရေမြုပ်နဲ့ပတ်ထားတဲ့ အထုပ်တစ်ထုပ်ကို တွေ့ပါတယ်။ အဲဒါကိုဖြည်လိုက်တော့ တရုတ်ဂွမ်းစောင်ပါးနဲ့ ပတ်ထားတာကိုတွေ့တယ်။ တခါ ဖြည်လိုက်တော့ အစိမ်းရောင် ဆာလာအိတ်နဲ့ ခြေထောက်ကတစ်ခါ ခေါင်းကတစ်ခါ စွပ်ထားတယ်။ ဆာလာအိတ်ကို ခွဲကြည့်တဲ့အခါမှာ ခြေချင်းဝတ်၊ လက်ကောက်ဝတ်တွေကို ပါးစပ်တွေကို အနှောက်တိပ်နဲ့ ပတ်ထားတဲ့ အမျိုးသမီးအလောင်း တစ်ခုကို တွေ့တယ်။ အဲ့အလောင်းမှာ ခေါင်းမှာ ပန်းရောင်မျက်နှာသုတ်ပ၀ါနဲ့ တိတ်တွေနဲ့ ပတ်ထားတာကို တွေ့တယ်။ သေဆုံးသူ အမျိုးသမီး ခေါင်းနောက်စေ့ ညာဘက်မှာ ပေါက်ပြဲဒဏ်ရာ တစ်ခုကိုတွေ့တယ်။ ၀ဲဘက်လက်မောင်းမှာ ပွန်းပဲ့ဒဏ်ရာ တစ်ချက်ကို တွေ့ရတယ်” ဟု မြို့မရဲစခန်းမှူး ဒုရဲမှူးတင်ကိုက ပြောကြားသည်။
 
ပြစ်မှုကျူးလွန်သူ အမျိုးသမီးသည် ခင်ပွန်းဟောင်းဖြစ်သူ နေထိုင်ရာ ပြည်မြို့၊ ဆည်မြောင်းတည်ဆောက်ရေး (၂) ၀န်ထမ်းအိမ်ရာသို့ ဧပြီ ၅ ရက် နေ့လည်ပိုင်းက သွားရောက်ခဲ့ပြီး နေအိမ်အတွင်း ပုန်းအောင်းခဲ့ကာ ည ၁၀ နာရီခန့်တွင် ၎င်းခင်ပွန်း၏ နောက်အိမ်ထောင်ဖြစ်သူနှင့် မိသားစုပြဿနာဖြစ်ရာမှ အနီးရှိ သံအရိုးတပ်တူဖြင့် ခေါင်းနောက်စေ့ကို ထုမိခဲ့ပြီး ငြိမ်သွားချိန်တွင် တိတ်များ၊ မျက်နှာသုတ်ပ၀ါ၊ ဆာလာအိတ်၊ ဂွမ်းကတ်တို့ဖြင့် ထုပ်ပိုးသယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
 
 “ကားငှားချိန်မှာက ကျွန်တော်ပါမသွားဘူး။ ကျွန်တော်တို့ကို ၀င်ခေါ်ဖို့လုပ်တဲ့ အချိန်မှာ အဲအမျိုးသမီးကနေပြီး အမြန်လာပါ အရေးကြီးတယ်ဆိုပြီး ဖုန်းဆက်ခေါ်တာ ကျွန်တော်ကိုလည်း ၀င်မခေါ်နဲ့အုံးဆိုပြီး ပြီးမှခေါ်ဆိုပြီး သူရယ် သူ့သားတစ်ယောက်ရယ် တင်တာပေါ့။ သူကတော့ ဘာထုပ်မှန်း မသိဘူး တင်လိုက်တာ ကားငှားတဲ့သူကလည်း အားနာတော့မစစ်ဘူး။ မစစ်ရဲတော့ ကျွန်တော်တို့ကို ဖုန်းဆက်ခေါ် ကျွန်တော်က နောက်ခန်းကနေ တက်လိုက်တယ်။ ရှေ့ခန်းကိုလာဖို့ပဲ အတင်းခေါ်နေတော့ ကျွန်တော်က မလာဘူး။ ခရီးထွက်ကား မောင်းထားတော့ ပင်ပန်းလို့ အိပ်မှာဆိုပြီး တဖက်နည်းနဲ့ လှည့်ပြောပြီး တက်လိုက်တယ်။ သူကလည်း မင်္သကာဘူး လှည့်ကြည့် လှည့်ကြည့်နဲ့ လုပ်နေလို့ သူကိုလည်းကြည့်ရင်း ဂွမ်းကပ်ကြားထဲကို စမ်းကြည့်တော့ နွေးနွေးကြီးနဲ့ ပျော့စိစိကြီးကို ကိုင်မိတာနဲ့ ဘုရားကြီးနားလည်း ရောက်ရော အစ်ကို ကားရပ်လိုက်တော့ဆိုပြီး သူ့ကိုဆင်းမေးတယ်။ အစ်မဒီအထဲက ဘာတွေလည်း ပြလို့ရရင်ပြပါဆိုတော့ ဘာမှမဟုတ်ပါဘူး ကျောက်ပျဉ်၊ ထမင်းပေါင်းအိုးတွေ အိမ်သုံးပစ္စည်းတွေဆိုပြီး ပြောတယ်။ ပြလို့မဖြစ်ဘူးတဲ့။ကျွန်တော်လည်း ပြလို့မရရင် ဆက်သွားလို့မရဘူး ဆိုပြီးတော့ ရတယ်တဲ့ ဆက်မလိုက်နိုင်ရင် သူ့ကိုပြန်လိုက်ပို့ပေးတဲ့ ကျွန်တော်က ပြန်လည်းလိုက်မပို့နိုင်ဘူး ဆိုတော့ လှည့်ကင်းမလာခင်မှာ သုံးဘီးတစ်စီးက လာတော့ တားပြီးသွားမယ့် အချိန်မှာ လှည့်ကင်းကားကိုတားပြီး သွားပြောလိုက်တာ။ ရန်ကုန်ကို ကားငှားပြီး မင်္သကာလို့ ပြခိုင်းတာကို မပြဘူးဆိုပြီး ပြောလိုက်တော့ ရဲတွေကစစ်တယ်။ ဒါလည်းမပြဘူးလုပ်အရာရှိတစ်ယောက်က နှစ်ယောက်တည်းမေးပြီးမှ ပြောတယ်။ သေချာပြီဆိုပြီး စခန်းကိုမောင်းလာ ဖွင့်ကြည့်တော့မှ အဲအမျိုးသမီး အလောင်းကိုတွေ့တာ” ဟု ကားအငှားလိုက်ခဲ့သည့် ကိုသန့်စင်ထွန်း ကပြောသည်။
 
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍  ပြစ်မှုကျူးလွန်သူ အမျိုးသမီးအား ပြည်မြို့မ ရဲစခန်းတွင် ပ-၈၃၁/၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂၊ ၂၀၁ တို့ဖြင့် အရေးယူ ဖမ်းဆီးထားရှိကြောင်း သိရသည်။
 
Writer: 
ဝေလင်း(ပြည်)
Eleven Media Group
  

No comments:

Post a Comment