Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 12, 2017

တရားခံပြေး အောင်ဝင်းခိုင် မရှိကြောင်း အာဆီယံအဖွဲ့ဝင်(၃)နိုင်ငံ အကြောင်းပြန်ထား


တရားလွှတ်တော်ရှေ့နေဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တရားခံပြေး အောင်ဝင်းခိုင်ဟာ သူတို့နိုင်ငံမှာမရှိကြောင်း ဗီယက်နမ်နိုင်ငံအပါအ၀င် အာဆီယံအဖွဲ့ဝင် (၃)နိုင်ငံက အကြောင်းပြန်ထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တာဝန်ရှိသူထံက သိရပါတယ်။

 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ တရားခံပြေးအောင်ဝင်းခိုင်နဲ့ ပတ်သက်တဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံနဲ့ နိုင်ငံကူးလက်မှတ် နံပါတ်တွေကို အပြည်ပြည်ဆိုင်ရာရဲအဖွဲ့INTERPOL ထံပေးပို့ထားပြီး အင်တာပိုကအလိုရှိသူများ စာရင်းမှာတရားခံပြေးအောင်ဝင်းခိုင်ကို ထည့်သွင်းဖော်ပြထားတယ်လို့သိရပါတယ်။

တရားခံပြေး အောင်ဝင်းခိုင်အနေနဲ့ ဘယ်နိုင်ငံကိုပဲ ထွက်ပြေးတိမ်းရှောင်သည်ဖြစ်စေ ဖမ်းဆီးရမိဖို့အတွက် နိုင်ငံတကာကို အခုလိုမျိုးအချက်အလက်ဖြန့်ဝေပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ဇော်ဝင်းက ဧပြီ(၁၀)ရက်က နေပြည်တော်၊ပြည်ထဲရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

တရားခံပြေးအောင်ဝင်းခိုင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ဓါတ်ပုံကို မြန်မာနိုင်ငံကပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးက ရဲစခန်း အဆင့်ဆင့်ကိုဖြန့်ဝေထားပြီး ရှာဖွေနေတယ်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသိရပါတယ်။ တရားခံပြေးအောင်ဝင်းခိုင်နဲ့ ပတ်သက်တဲ့အချက်အလက်၊ဓါတ်ပုံတွေကို ရပ်ကွက်၊ ကျေးရွာအဆင့်ထိဖြန့်ဝေထားတာဖြစ်တဲ့အတွက် တရားခံပြေးကိုတွေ့ရှိတဲ့ ပြည်သူတွေအနေနဲ့ အကြောင်းကြားရင် ရဲတပ်ဖွဲ့အနေနဲ့ အမြန်ဆုံးလာရောက်ဖမ်းဆီးမှာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှူးကြီးတင်ဝင်းကပြောပါတယ်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးကိုနီဟာ ဇန်န၀ါရီ(၂၉) ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံ ခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာသေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့တရားခံကြည်လင်းအပါအ၀င်အပေါင်းအပါ လေးဦးကိုဖမ်းဆီးရမိထားပြီး အမှုမှာပါဝင်ပတ်သက်နေသူ တစ်ဦးဖြစ်တဲ့အောင်ဝင်းခိုင်ဟာထွက်ပြေး လွတ်မြောက်နေတာဖြစ်ပါတယ်။

 တရားလွှတ်တော်ရှေ့နေဦးကိုနီကို သေနတ်နဲ့ပစ်ခတ်လုပ်ကြံမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အောင်ဝင်းခိုင် အပါအ၀င် အခြား သူတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄/၂၁၂နဲ့ မြောက်ပိုင်းခရိုင်တရားရုံးက အမူဖွင့်တရားစွဲဆိုထားတာဖြစ်ပါတယ်။ တရားခံပြေးအောင်ဝင်းခိုင်ဟာ နေပြည်တော်အနီးတစ်ဝိုက်မှာ ပျောက်ဆုံးသွားတာဖြစ်လို့ ရန်ကုန်မြို့၊မူးယစ်ပြတိုက်မှာ မတ်လအတွင်းက ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ ဒီသတင်းကို Central News Bureau က ရွှေရည်မဉ္ဇူပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

No comments:

Post a Comment