Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 21, 2017

သိန်းနှင့်ချီသော ၀န်ထမ်းများရဲ့ ရင်သို့ စိုက်ဝင် စူးနစ်စေခဲ့သော စီမံ/ဘဏ္ဍာရဲ့ ဆူးတစ်ချောင်း


သိန်းနှင့်ချီသော ၀န်ထမ်းများရဲ့ ရင်သို့ စိုက်ဝင် စူးနစ်စေခဲ့သော စီမံ/ဘဏ္ဍာရဲ့ ဆူးတစ်ချောင်း
April 21, 2017
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အခြားသောဌာနဆိုင်ရာအသီးသီးကိုသာမက အခွန်ဦးစီးဌာနထဲမှာကိုပဲ ဆူးတစ်ချောင်း စူးစေခဲ့ပါပြီ။ ဘာကြောင့်လို့ ထင်ပါသလဲ ။

ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်မှာ စီမံ/ဘဏ္ဍာဝန်ကြီးဌာနရဲ့ ညွှန်ကြားစာ တစ်စောင် ပျံ့ နှံ့ လာခဲ့ပါတယ်။ ဒီစာကို စတွေ့ စဉ်က တစ်ယောက်ယောက်ဟာ ၀န်ကြီး ဌာနကို ဒုက္ခပေးဖို့ အတွက် အတုများလုပ်ခဲ့လေသလားလို့ ထင်ခဲ့မိပါသေးတယ်။ ဒါပေမယ့် ဧပြီ ၁၉ ရက်မှာတော့ တိတိကျကျကိုပဲ သတင်းမီဒီယာတွေက ဖော်ပြလိုက်ပြီဖြစ်တဲ့အတွက် ဒီစာဟာ တကယ်ပဲဆိုတာ သိလိုက်ရသလို၊ ၀န်ထမ်းတွေကြားမှာ ဆူးတစ်ချောင်းစူးစေခဲ့ပြီလို့ ဆိုခဲ့တာပါ။ ထုတ်ပြန်စာမှာ ဖော်ပြထားပုံ အရ ရန်ကုန်တိုင်းဒေသကြီးမှာ ရှိတဲ့ အခွန်ထမ်းကြီးဆိုတဲ့ အခွန်ဦးစီးဌာနက ၀န်ထမ်း ၁၀၀ နီးပါးကို အခြေခံလစာနှစ်ဆ တိုးမြှင့်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် ဆိုရင် ၀န်ထမ်းတွေ လစာတိုးမှာကို ကျေနပ်ပျော်ရွှင် ပီတိ ပွားပေးရမှာဖြစ်ပေမယ့် အတွင်းကျကျ တွေးခေါ်စဉ်းစားကြည့်တဲ့အခါမှာ အခြားသော ၀န်ထမ်းတွေက ဘယ်လိုမြင်မလဲဆိုတာ ဆက်စပ်စဉ်းစားလာမိပါတယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြထားပုံအရ ၀န်ထမ်းအားလုံးကို တိုးပေးမှာ မဟုတ်ဘဲ အဂတိလိုက်စားမှု သုညအဆင့်ရှိတဲ့ ဌာနခွဲက ၀န်ထမ်း ၁၀၀ နီးပါးကိုသာ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” အဲဒီဌာနက ဘီလျံပေါင်း ၂၄၀၀ ကျော်ကို ရှာနိုင်တယ်။ အဂတိလိုက်စားမှု လုံးဝမရှိဘူးလို့ ပြောလို့ ရတယ်။ သူတို့ ကို လစာတိုးမြှင့်ခံစားခွင့်ပြုတာကလည်း ရင်းနှီးမြုပ်နှံမှု တစ်ခုပဲ။ ဒီလိုမျိုး ဆုကြေးတွေပေးနေရင် ဆုကြေးရဲ့ အဆ ၁၀၀ လောက် နိုင်ငံတော်က ပြန်ရမယ်။ နိုင်ငံတကာမှာလည်း ဒီစနစ်တွေ ကျင့်သုံးတယ် “ လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ်က ပြောကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။ အခြားသော ရုံးတွေမှာလည်း အဂတိလိုက်စားမှု သုညအဆင့်ကို ရောက်လာရင် ဆုကြေးငွေတွေကို တိုးမြှင့်ပေးမယ်လို့ ပြောထားပါသေးတယ်။ ဒီနေရာမှာ တစ်ခုချင်း ခွဲခြမ်းစိတ်ဖြာကြည့်ကြပါစို့ ။
ညွှန်ချုပ်ရဲ့ ပြောပုံအရ တစ်နိုင်ငံလုံးမှာ အခွန်ရုံးပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီအထဲမှာမှ ရန်ကုန် အခွန်ထမ်းကြီးရုံးက ၀န်ထမ်း ၁၀၀ နီးပါးက ငွေပိုရှာနိုင်လို့ ဒီလို ဆုချီးမြှင့်တယ်ဆိုတာဟာ အခွန်ဦးစီးဌာနက ၀န်ထမ်းတွေကြားမှာ ရယ်စရာဖြစ်နေသလို မကျေမနပ်ဖြစ်စရာလို့ လည်း ပြန်ကြားလာရပါတယ်။ အခွန်ဦးစီးဌာနမှာ အခွန်ထမ်းကြီး၊ အခွန်ထမ်းလတ်နဲ့ အခွန်ထမ်းငယ် ဆိုပြီး သုံးမျိုးခွဲထားတယ်လို့ သိရပါတယ်။

ဒီလိုသိရတဲ့နေရာမှာ အခွန်ထမ်းကြီးဟာ ကမ္ဘောဇအပါအ၀င် မြန်မာနိုင်ငံရဲ့ ထင်ရှားဆုံး သူဌေးကြီးတွေရဲ့ လုပ်ငန်းတွေကိုသာ အခွန်ကောက်ခံရသူတွေဖြစ်ပြီး အခွန်ထမ်းကြီးရုံး အဲဒီအပြင်ကနေ အခြား အခွန်ကို ကောက်ခွင့် မရှိပါဘူး။ အခွန်ထမ်းလတ်ဟာလည်း ပြည်တွင်းလုပ်ငန်းရှင်တွေထဲက အလတ်တန်းစားတွေကိုသာ ကောက်ခံခွင့်ရှိသလို ဂွင်ကျော်ပြီး ကောက်ခံခွင့် မရှိပါဘူး။ အခွန်ထမ်းငယ်ကတော့ အစုံသုပ်ပါပဲ။ အောက်ခြေလုပ်ငန်းငယ်လေးတွေကိုပဲ အခွန်ကောက်ခံခွင့် ရှိကြသူတွေ ဖြစ်ပါတယ်။ ဒီလိုအနေအထားမှာ အခွန်ထမ်းကြီးက ကျပ်ဘီလျံ ၂၄၀၀ လောက် ကောက်ပေးနိုင်လို့ ဆိုတာဟာ အခွန်ဝန်ထမ်းတွေ ကြားမှာ ရယ်စရာတစ်ခုလို ဖြစ်နေပါတယ်။ မြန်မာ့ထိပ်တန်းလုပ်ငန်းရှင်ကြီးတွေဆီကနေ အခွန်ကောက်ခံခွင့်ရသူတွေက အခွန်ငွေ ပိုရှာနိုင်တာဟာ ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ် မဟုတ်သလို လမ်းဘေးက ဆိုက္ကားသမားကို တာဝန်ခံပြီး ကောက်ခိုင်းရင်တောင် ရနိုင်တဲ့ အနေအထားလို့ ဟာသနှောပြီး ပြောကြတဲ့အထိပါပဲ။ နာမည်ကြီးလုပ်ငန်းစုတွေဟာ အခွန်ထမ်းကြီးတွေနဲ့ ပေါင်းပြီး အခွန်ကို လက်တလုံးခြား သက်သာအောင်လုပ်သွားတဲ့ လုပ်ရပ်တွေလည်း အများကြီး ရှိခဲ့တယ်ဆိုတာ အထူးစုံစမ်းစစ်ဆေးရေးတွေနဲ့ အတွင်းကျကျ စစ်ကြည့်ရင် ပေါ်လာမှာပါ။ အတွင်းကျကျ စစ်ဆေးတယ်ဆိုတာကိုလည်း တစ်လွဲကောက်ယူပြီး လုပ်ရင်တော့ မရနိုင်ပါဘူး။ အခွန်ထမ်းကြီးက ဘာလုပ်ရသလဲဆိုတာ သိသွားရင်တော့ နောက်တစ်ချက်က ချီးမြှင့်ငွေပေးတဲ့ ကိစ္စပါ။ မြန်မာနိုင်ငံမှာ ၀န်ထမ်းပေါင်း သိန်းချီ ရှိပါတယ်။ အဲဒီအထဲကမှ ၀န်ထမ်း ၁၀၀ လောက်ကို ချီးမြှင့်ငွေပေးတာက သာမန်အားဖြင့် အတုယူရမယ့် ကိစ္စပါပဲ။ သို့ ပေမယ့် သုံးနှုန်းလာတဲ့ စကားလုံးဟာ နှစ်မျိုးထက်မက တွေးစရာ ဖြစ်လာစေပါတယ်။ အဂတိလိုက်စားမှု ဆိုတဲ့ စကားလုံးပါ။ သုံးနှုန်းလိုက်တဲ့ စကားလုံးအရ ၀န်ကြီးဌာနရဲ့ ဌာနဆိုင်ရာတွေ အားလုံးမှာ အဂတိလိုက်စားမှုတွေ ရှိနေတယ်ဆိုတာ ထုတ်ပြန်သူတွေက သိတယ်လို့ စွပ်စွဲလိုက်သလို ဖြစ်သွားပါတယ်။ အခြားတစ်ဖက်မှာတော့ သိပေမယ့် မဖမ်းနိုင်ဘူး။ ဒီတော့ ငါတို့ က သူတို့ ကို ဒီလိုပေးတယ်။ မင်းလို့ လည်း သူတို့ လို ရချင်ရင် အဂတိ မလိုက်စားနဲ့ ဆိုတဲ့ အယူအဆများလားလို့ တွေးစရာဖြစ်လာပါတယ်။ ဒါ့အပြင် ၀န်ကြီးတွေ ကိုယ်တိုင်က အဂတိလိုက်စားမှုကို မဖော်ထုတ်နိုင်ဘူးဆိုတာကိုပါ သွယ်ဝိုက်ပြီး ၀န်ခံလိုက်သလို ဖြစ်သွားပါတယ်။ ဒါဆိုရင်တော့ ဘယ်သူတွေ ညံ့နေပါသလဲ။ ဘယ်သူတွေက အရည်အချင်း ပိုပြည့်နေပြီလဲ။ အခြားတစ်ဖက်မှာတော့ ၀န်ထမ်း ၁၀၀ နီးပါးအတွက်နဲ့ အခြားသော ၀န်ထမ်းတွေကို စော်ကားလိုက်သလိုလည်း ဖြစ်သွားပြန်ပါတယ်။ ရိုးရိုးသားသား အလုပ်ကြိုးစားနေတဲ့ ၀န်ထမ်းတွေကို စော်ကားလိုက်သလို ဖြစ်သွားတာဟာ အကောင်းဘက်ကို ရောက်သွားမလား၊ ၀န်ထမ်းတွေရဲ့ ရင်ထဲမှာ ဆူးတစ်ချောင်း ၀င်သွားမလားဆိုတာက ဥာဏ်ကြီးရှင်များ ပိုသိမှာပါ။ ” အခွန်ရုံး ဝန်ထမ်းတွေ လစာနှစ်ဆတိုးတယ်လို့ ဒီကနေ့ radio ကနေကြေညာတယ်။ တာဝန်ကျေပွန်တာရယ် အခွန်ကိုအများဆုံးကောက်ပေးတာရယ်ပေါ့။ ထပ်ဆောင်းပြောသွားသေးတယ်။ အခြားဝန်ထမ်းလည်း တိုးချင်ရင် သူတို့ လိုလာဘ်ကင်းရမယ်တဲ့။ ငါတို့ ဌာနတွေက လာဘ်မကင်းလို့ ပေါ့။ တာဝန်ကျေတယ်ဆိုတာ ဘာကိုကြည့်ပြီးပြောတာလဲ သိချင်တယ်။ ဌာနအသီးသီးဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နေတာချည်းပဲ။ သူတို့ ကျမှ တာဝန်ကျေပွန် တယ်ဆိုတော့ ငါတို့ တောင် အလုပ်ထွက်ပြီး အခွန်ဌာနတောင် ပြောင်းရမလို့ ဖြစ်နေပြီ။ လစာတိုးချင်လို့ ပြောတာမဟုတ်ပါဘူး။ ဝန်ထမ်းအချင်းချင်းရန်တိုက်ပေးနေသလားလို့ ထင်မိလို့ ပါ “ လို့ ကျေးလက်ဒေသ ကျောင်းဆရာတစ်ဦးက ဒီလိုမျိုး သူ့ ခံစားချက်ကို ရေးလာပါတယ်။

သတင်းအချက်အလက် စီးဆင်းမှုအားနည်းနေသေးတယ်လို့ ယူဆရတဲ့ ကျေးလက်ဒေသမှာ တာဝန်ထမ်းဆောင်တဲ့ ကျောင်းဆရာ တစ်ဦးကတောင် ဒီလိုရေးလာတယ်ဆိုတော့ မြို့ ပြက ၀န်ထမ်းတွေ၊ သတင်းကို သိထားတဲ့ ၀န်ထမ်းတွေ၊ ထပ်ဆင့်သိတဲ့ ၀န်ထမ်းတွေ သူတို့ ရင်ထဲမှာ ဘာတွေဖြစ်နေပြီလဲ။ ဒါတွေဟာ အစိုးရတစ်ရပ်က သတိပြုရမယ့် ပေါ်လစီမိတ်ကာတွေက သတိပြုရမယ့် အမှားခံလို့  မရတဲ့ ကိစ္စတွေပါပဲ။ ၀န်ထမ်းတွေဟာ ခေတ်အဆက်ဆက်မှာ ကောင်းခဲ့သည် ဖြစ်စေ၊ ဆိုးခဲ့သည်ဖြစ်စေ လူထုရဲ့ ကြိမ်းမောင်းမှု များစွာကို ခံစားလာခဲ့ရသူတွေဖြစ်လို့ လူထုအစိုးရ တက်လာချိန်မှာ ကိုယ်တိုင်ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြသူတွေ အများကြီး ရှိပါတယ်။ စကားပြောကြည့်မိတာတွေအရ အားလုံးဟာ သမိုင်းကို ပြောင်းပြန်လှန်ပစ်ချင်နေကြတဲ့ သဘောမှာရှိပါတယ်။ ” မောင်လေးရယ် ၊ အစ်မတို့ ရုံးက ရုံးတွင်းထုတ်ထားတဲ့ စာတွေသာမြင်ရင် နင်တို့ တက်ပြီးတော့ သေနိုင်တယ်။ ဟိုဟာမလုပ်ရ၊ ဒီဟာ မလုပ်ရ၊ မဝေဖန်ရ ၊ စတဲ့ ကန့် သတ်တားမြစ်ချက်တွေဆိုတာ ပုံထပ်နေတာပဲ။ ငါတို့ မှာ အပြင်ကလည်း အပြောခံရတယ်။ အရည်အချင်းမရှိဘူးတို့ ဘာတို့ ပေါ့ ။ ရုံးတွင်းမှာကျတော့လည်း တားမြစ်ပိတ်ပင်ချက်တွေ တစ်ပြုံကြီးနဲ့ နေနေရတာ “ လို့ အစိုးရပိုင် သတင်းမီဒီယာလုပ်ငန်းက အမျိုးသမီးတစ်ဦးက ရင်ဖွင့်ပါတယ်။

သူတို့ အရင်က ဒါမျိုးမကြုံဖူးဘူးလို့ လည်း ဆိုပါတယ်။ ဒါတွေဟာ သတိပြုစရာကောင်းလာတဲ့ ဖိနှိပ်မှုတွေ ဖြစ်နေပါပြီ။ သူတို့ က ပြုပြင်ပြောင်းလဲချင်နေတယ်။ ဒါပေမယ့် ပြောင်းလဲဖို့ အတွက် ဖိနှိပ်မှုကို ခံနေရတော့ ခံစားချက်တွေ ပေါက်ကွဲထွက်လာမတတ် ဖြစ်နေပြီလို့ ဆိုကြပါတယ်။ သေချာတာကတော့ သိန်းချီတဲ့ ၀န်ထမ်းပေါင်းများစွာရဲ့ ရင်ဘတ်တွေထဲမှာ ဆူး တစ်ချောင်းတော့ စိုက်နေပါပြီ။ အဲဒီ ဆူးကို ဘယ်သူက ထည့်ပေးလိုက်တာပါလဲ။
နိုင်ငံတစ်နိုင်ငံမှာ သမ္မတဆိုတာ အရေးကြီးဆုံးသော ဆုံးဖြတ်ချက်တွေကို ပေးရမယ့် လူသားတစ်ဦး ပြည်သူ့ အစေခံ တစ်ဦး၊ ခေါင်းဆောင်တစ်ဦးဖြစ်သလို ၀န်ကြီးတွေဟာ သူ့ ဆီကနေ ဆင်းသက်လာတဲ့ အကိုင်းအခက်တွေပါပဲ။ ပေါ်လစီပို့ စ်ကနေ လာတဲ့ သူတွေ ဖြစ်သလို သာမန်ပြည်သူထက် ဥာဏ်ရည်မြင့်သူတွေ၊ အုပ်ချုပ်ရေးပိုင်းကလာတဲ့ ပို့ စ်ပိုင်ရှင်တွေထက် စိတ်ကူးစိတ်သန်းကောင်းမွန်သူတွေ၊ နိုင်ငံကို စနစ်တစ်ခုနဲ့ မောင်းနှင်ရမယ့်သူတွေပါပဲ။ Administration Post နဲ့ Political Post တွေကြားမှာ အားပြိုင်မှုတွေ မရှိဘဲ တိုင်းပြည်အတွက် အပြန်အလှန်ဆွေးနွေးရင်းနဲ့ မောင်းနှင်ကြရမှာပါ။ အပြန်အလှန်လေးစားမှုနဲ့ ရှင်သန်ကြရမှာပါ။ မြန်မာနိုင်ငံမှာတော့ အစဉ်အဆက် ဆိုသလိုပဲ ရိုးရာမပျက်တဲ့ပုံစံ တစ်ခုရှိနေပါတယ်။ ၀န်ကြီးတွေကို ညွှန်ချုပ်၊ ညွှန်မှုးတွေ၊ အတွင်းဝန်တွေက မျက်နှာရရေး အတွက် တည့်တည့်ပြောရရင် “ဖား” ခဲ့တဲ့ အစဉ်အလာပါ။ ဒီဝန်ကြီး တက်လာချိန်မှာ ဒီဝန်ကြီးကို ဖားမယ်။ ပြီးခဲ့သော ၀န်ကြီးကို အတင်းတုပ်မယ်။ အရေးမလုပ်တော့ဘဲ နေမယ်။ ကိုယ့်နေရာကို နေမြဲတိုင်း သာသာယာယာ နေမယ်ဆိုတဲ့ အကျင့်ဆိုးကြီးပါ။ လက်ရှိ အစိုးရလက်ထက်အထိကို ဒီအကျင့်ဆိုးက ပါနေသေးတယ်ဆိုတာ အခမ်းအနားတွေ ပွဲတွေမှာ သိသိသာသာ မြင်ရမှာပါ။ ကိုယ်တိုင် တက်ဖူးရင်လည်း သိကိုသိကြမှာပါ။ နောက်တစ်နည်းက နည်းနည်းတော့ ရှားပါတယ်။ Administration Post က အရာရှိက အမြင်ကပ်လာချိန်မှာ Political Post က ၀န်ကြီးကို နောက်ကျော ဓါးနဲ့ ထိုးတဲ့ ဖြစ်စဉ်မျိုးပါ။ ဒါကတော့ အဖြစ်နည်းပေမယ့် လက်ရှိ အစိုးရမှာ ရှိနေမလားလို့ ယူဆစရာလည်း ရှိနေပါတယ်။ သို့ ပေမယ့် ဒါဟာ Win-Win သီအိုရီမဟုတ်တဲ့အတွက် ထည့်စဉ်းစားသင့်တဲ့ အချက်တော့ မဟုတ်ပါဘူး။ Administration Post က လူဟာ ဥပမာအားဖြင့် ညွှန်ချုပ်တစ်ဦးဟာ ညွှန်ချုပ်နေရာကို ရောက်ဖို့  သူ့ ရဲ့ ဝန်ထမ်းလုပ်သက် အနည်းဆုံး နှစ် ၃၀ လောက် ရင်းနှီးမြုပ်နှံရပါတယ်။ ဒီအချိန်မှာ သူ့ ထက် ရာထူးကြီးတဲ့ Political Post က ၀န်ကြီး၊ ဒုဝန်ကြီးဟာ သမ္မတက တိုက်ရိုက်ခန့် လို့ ရောက်လာသူတွေ၊ တစ်နည်းအားဖြင့် မိုးကျရွှေကိုယ်တွေပါပဲ။ ဒီတော့ ဒီနှစ်ခုကြားမှာ ဖြစ်တတ်တာက ပေါင်းသွားရင် အကောင်းစားဖြစ်ပြီး။ ခွာပြဲရင်တော့ နှာ ရွှဲသွားမှာပါ။
မည်သို့ ပင်ဖြစ်စေ သူတို့ အောက်မှာ ရှိနေတဲ့ ၀န်ထမ်းတွေကတော့ ” ဒီနှစ်လူ” ကိုပဲ ကြောက်ရွံစွာနဲ့ အလုပ်လုပ်နေကြသူတွေပါ။ အောက်ခြေ၀န်ထမ်းတွေဟာ သာမန်ပြည်သူတွေနဲ့ မခြား လစာတိုးရေး၊ အလုပ်အဆင်ပြေရေး၊ လူကြီးနဲ့ အဆင်ပြေရေးကိုပဲ စဉ်းစားကြသူတွေ ဖြစ်ပေမယ့် သူတို့ မပါတဲ့ အစိုးရယန္တရားဟာ ဘယ်လိုမှ လည်ပတ်လို့ မရဘူးဆိုတာကို ရုံးခန်းသေးသေးလေး ဖွင့်ပြီး ၀န်ထမ်းမခန့် ဘဲ လုပ်ကြည့်ရင်တောင် သိသာစေမှာ ဖြစ်ပါတယ်။ ဒီလို သာမန်လောက်ပဲလို့ လည်း ပြောလို့ ရတဲ့ သာမန်ထက်ပိုပြီး တန်ဖိုးကြီးတဲ့ ၀န်ထမ်းတွေရဲ့ ရင်ထဲမှာ ဆူးတစ်ချောင်း စူးသွားပြီဆိုရင်တော့ အစိုးရယန္တရားဟာ ကောင်းမွန်စွာ လည်ပတ်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ၀န်ထမ်းတွေဟာလည်း နှလုံးသား ရှိသူ၊ မိသားစု ရှိသူတွေ ဆိုတော့ သူတို့ ရဲ့ ပေါက်ကွဲနှုန်းဟာ သာမန်ပြည်သူတွေ ပေါက်ကွဲနှုန်းထက် ပြင်းအားပိုမှာပါ။ ဘာကြောင့်လဲဆိုတော့ အစိုးရရဲ့ စာရွက်စာတမ်းတွေဟာ သူတို့ လက်ထဲမှာ ရှိနေပါတယ်။ သူတို့ ရဲ့ စိတ်က မခံရပ်နိုင် ဖြစ်လာခဲ့ရင် ထိခိုက်နစ်နာမှာက အစိုးရဦးဆောင်သူတွေလို့ ပြောကောင်း ပြောနိုင်ပေမယ့် တကယ်တမ်း နစ်နာတာဟာ တိုင်းပြည်ပါ။ ၀န်ထမ်းကောင်း ဆုံးရှုံးသွားတဲ့ တိုင်းပြည်ဟာ ခြေတွေ လက်တွေ မရှိတော့တဲ့ လူသားတစ်ဦးလို ဖြစ်သွားမှာပါ။ လူတစ်ယောက်နဲ့ နှိုင်းယှဉ်ရင် ဦးနှောက်ဟာ သမ္မတပါ။ အစိုးရအုပ်ချုပ်သူများ ပါ။ ခြေတွေ လက်တွေကတော့ ၀န်ထမ်းတွေပါ။ ဦးနှောက်က ဘယ်လောက်ပဲ တွေးခေါ်ယူဆနိုင်ပါစေ၊ ခြေလက်တွေ မရှိရင် အလုပ်မတွင်တော့ပါဘူး။ ဒီလိုအနေအထားမှာ အခွန်ထမ်းကြီးများထဲက အဂတိ ကင်းသူ ၁၀၀ နီးပါးကို လစာနှစ်ဆ တိုးပေးရေးကို ဘယ်သူက ဘယ်လိုဦးနှောက်မျိုးနဲ့ စဉ်းစား ဆုံးဖြတ် အတည်ပြုပေးလိုက်တာလဲဆိုတာကို လိုက်မမီတော့ပါဘူး။ အချို့ သော “မ” သူများကတော့ ကာကွယ်ပြောဆိုမှာပါ။ ဘယ်လိုပဲ ကာကွယ်ပါစေ သေချာနေသည်က သိန်းနဲ့ ချီသော ၀န်ထမ်းတွေရဲ့ ရင်ထဲမှာ ဆူးတစ်ချောင်း စိုက်ဝင်သွားခဲ့ပါပြီ။ ရင်ထဲမှာ စိုက်ဝင်သွားတဲ့ ဆူးကို မကုစားဘဲ ထားရင်တော့ တစ်ချိန်မှာ ပြည်တည်သွားပါလိမ့်မယ်။ တစ်ချိန်မှာ ပြသနာတွေ ပိုပြီး ကြီးထွားလာနိုင်ပါလိမ့်မယ်။ ဆူး စူးစေခဲ့သူမှာသာ တာဝန်ရှိပါတယ်။ အစိုးရမင်းများ ကိုယ့်လုပ်မိသော အလုပ်ကို နားလည်ကြပါစေ။ ကိုယ့်တာဝန် ကိုယ်ကျေကြပါစေ။ တစ်ဖက်သားကို ဆူး မစူးမိစေအောင် ပြုမူနေထိုင်ပြောဆိုတတ်ကြပါစေ။ ကိုယ်တိုင်လည်း ဆူး မစူးမိအောင် နေတတ်ကြပါစေ။

မျိုးမင်း(မကျည်းလဟာ)

No comments:

Post a Comment