Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 12, 2017

ခရီးသည်ကို ဆွဲချခဲ့မှုအတွက် အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ယူနိုက်တက် လေကြောင်းလိုင်း


အမေရိကန်က ယူနိုက်တက် လေကြောင်းလိုင်း ခရီးစဉ် တစ်ခုမှာ ခရီးသည် အမျိုးသား တစ်ဦးကို လုံခြုံရေးတွေက ထိုင်ခုံကဖယ်ရှားဆွဲထုတ်တာကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေ ပျံ့နှံ့လာတဲ့နောက်မှာ လူမှုကွန်ရက် မီဒီယာများပေါ်မှာ အဆိုပါကိစ္စကို အကြီးအကျယ် ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။

ဧပြီ ၉ ရက်က ချီကာဂိုကနေ လူးစ်ဗီးလ်သို့ ပျံသန်းဖို့ စီစဉ်ထားတဲ့ ခရီးစဉ်မတိုင်မီ ဖြစ်ပွားခဲ့တာပါ။ ယူနိုက်တက် လေကြောင်းလိုင်းက အဲ့ဒီဖြစ်ရပ်အတွက်တောင်းပန်ကြောင်း ကြေညာချက်ကို Twitterမှာ တင်ထားပြီး အသေးစိတ် အချက်အလက်တွေကို စုံစမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

စက္ကန့်ငါးဆယ်ကြာဗွီဒီယိုကို လွှင့်တင်ထားသူ ဂျေဆီဒီအန်းစ်ဖက်ခ်ျက “လေကြောင်းလိုင်းကထိုင်ခုံအရေအတွက်ထက်ပိုပြီး လက်မှတ်ရောင်းထားတယ်။လူမဆံ့ဘဲဖြစ်နေတော့ ကျွန်တော် အပါအဝင် လူလေးယောက်ကို ဖယ်ပေးဖို့ တောင်းဆိုတယ်။ ဘယ်သူမှ ဖယ်မပေးတော့ အာရှတိုက်သား ဆရာဝန် တစ်ယောက်ကို ရွေးပြီး အခုလို လုပ်လိုက်တာပဲ”ဟု ရေးသားထားပါတယ်။

ဖြစ်စဉ်မှာ လေယာဉ်အမှုထမ်းတွေအတွက် သီးသန့်ထိုင်ခုံ နေရာပါ မကျန်တော့တဲ့အတွက် ခရီးသည် လေးဦးကို ဖယ်ရှားဖို့ လိုအပ်နေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဆုံးသတ်မှာတော့ခရီးသည် တစ်ဦးတည်းကိုသာ ဖယ်ထုတ်ခဲ့တာဖြစ်ပြီး ရွေးချယ်ခံရတဲ့ ကျန်သုံးဦးက ပြဿနာ မကြုံခဲ့ရတာကိုတွေ့ရပါတယ်။

ဆွဲထုတ်ခံရတဲ့ ဆရာဝန်က နောက်နေ့မှာ ဆေးရုံမှာ အလုပ်ကိစ္စ ရှိတာကြောင့် ယခုခရီးစဉ်ကနေ ဖယ်မပေးလိုဘူးလို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ “ဆယ်မိနစ်လောက်နေတော့ ဆရာဝန်က လေယာဉ်ပေါ် ပြန်ပြေးတက်လာတယ်။ မျက်နှာတစ်ခုလုံး နီရဲနေတယ်။ ကြည့်ရတာလည်း ဖရိုဖရဲနဲ့။ နောက်တော့ သူအိမ်ပြန်တော့မယ်လို့ အော်တယ်”လို့ အန်းစ်ဖက်ခ်ျက ပြောပါတယ်။

အခြားခရီးသည်အမျိုးသမီးတစ်ဦးကလည်း အဲ့ဒီဖြစ်ရပ်ကိုဗွီဒီယိုရိုက်ပြီး facebook မှာပြန်လည်မျှဝေခဲ့ပါတယ်။“ဒီဗီဒီယိုကို မျှဝေပေးကြပါ။ ယူနိုက်တက် လေကြောင်းလိုင်းက လက်မှတ်တွေ ပိုရောင်းထားတယ်။ ပြီးတော့ ကြုံရာလူကို ရွေးပြီး လေယာဉ်ပေါ်က ဆင်းခိုင်းတယ်။ ဆွဲအထုတ်ခံရတဲ့သူက ဆရာဝန်တစ်ယောက်၊ မနက်ဖြန် လူနာတွေနဲ့ တွေ့ရမယ် ပြောတယ်။ ဒါကြောင့်သူက ဆင်းမပေးချင်တာ။ ဒီဖြစ်ရပ်က အရမ်းတုန်လှုပ်စရာ ကောင်းတယ်”ဟု သူမက ရေးသားခဲ့ပါတယ်။လေကြောင်းလိုင်း အမှုဆောင်ချုပ် အော်စကာ မူနော့ဇ်က လုံခြုံရေးဝန်ထမ်း သုံးဦးကလေယာဉ်ပေါ်မှာ သတ်မှတ် အရေအတွက်ထက် ခရီးသည် ပိုများနေတဲ့ အခြေအနေမှာ လိုအပ်တဲ့ စံနှုန်းအတိုင်း လုပ်ဆောင်ခဲ့တာ ဖြစ်သော်လည်းယခုဖြစ်ရပ်ကိုလေကြောင်းလိုင်းအနေနဲ့သင်ခန်းစာယူစဉ်းစားရမယ်လို့ဝန်ခံခဲ့ပါတယ်။

လေယာဉ်ပေါ်သတ်မှတ်ပမာဏထက်လူပိုများနေတဲ့အခါမှာ နောက်တစ်ရက်ခရီးစဉ်အတွက် ပြောင်းရွှေ့စီစဉ်ပေးပြီး ဟိုတယ်ခကို လေကြောင်းလိုင်းကကျခံဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဘယ်သူကမှ လေယာဉ်ပေါ်က ဆင်းမပေးလိုဘူးလို့ သူကပြောပါတယ်။

အမေရိကန် လေကြောင်းလိုင်းတွေမှာ လက်မှတ် ကြိုတင်မှာယူပြီးမှ ပျက်ကွက်သွားမှုတွေ ရှိနိုင်တာကြောင့်လက်မှတ်တွေကို ပိုရောင်းထားတတ်ပြီး သတ်မှတ်ပမာဏထက် ခရီးသည် ပိုများတဲ့ ပြဿနာမျိုး မကြာခဏ ကြုံရလေ့ ရှိပေမယ့်လည်း ညှိနှိုင်းဖြေရှင်းမှုနဲ့ ပြီးဆုံးသွားတတ်တယ်လို့ သိရပါတယ်။

source: 7 Daydaily

Ref: CNN

No comments:

Post a Comment