Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 18, 2017

အစိုးရအဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် တင်ဒါကော်မတီအပါအ၀င် ကော်မတီလေးခု ဖွဲ့စည်းဆောင်ရွက်ရမည်

 
အစိုးရအဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် တင်ဒါကော်မတီအပါအ၀င် ကော်မတီလေးခု ဖွဲ့စည်းဆောင်ရွက်ရမည်

ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ၀န်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် တင်ဒါကော်မတီ၊ ကြမ်းခင်းဈေး တွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သည့် တင်ဒါလုပ်ထုံးလုပ်နည်းအရ သိရသည်။

တင်ဒါကော်မတီဖွဲ့စည်းရာတွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဒုတိယ၀န်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်မှ ‘တင်ဒါကော်မတီ’ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ၀ယ်ယူမည့်ဌာန၊ အဖွဲ့အစည်း၏ အကြီးအကဲများပါဝင်သော တင်ဒါကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှကျခံ၍ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ခေါ်ယူသည့်တင်ဒါများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများမှ တင်ဒါကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ၀ယ်ယူမည့် တိုင်းဒေသကြီး/ ပြည်နယ်ဌာန အကြီးအကဲများနှင့် ပြည်ထောင်စုအဆင့် ဌာနများမှ ကိုယ်စားလှယ်များပါဝင်သော တင်ဒါကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှကျခံ၍ တင်ဒါခေါ်ယူခြင်းများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ၀ယ်ယူမည့်ဌာနနှင့် ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များပါဝင်သော တင်ဒါကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း တင်ဒါလုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထားသည်။

တင်ဒါကော်မတီသည် ကျပ် ၁၀ သန်း အောက်တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းနှင့် ၀န်ဆောင်မှုရယူခြင်း လုပ်ငန်းများအတွက် တင်ဒါခေါ်ယူရန်မလိုဘဲ ပစ္စည်းပေးသွင်းသူ သို့မဟုတ် ၀န်ဆောင်မှုဆောင်ရွက်ပေးသူများ အနက်မှ ယုံကြည်စိတ်ချရသော အနည်းဆုံး ကုမ္ပဏီသုံးခုအား ဈေးနှုန်းအဆိုပြုလွှာ တောင်းခံပြီး ဈေးနှုန်းအနည်းဆုံးတင်သွင်းသူထံမှ ၀ယ်ယူခြင်း သို့မဟုတ် ၀န်ဆောင်မှုရယူခြင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ကျပ် ၁၀ သန်းမှ ကျပ်သန်း ၁၀၀ အထိဆိုပါက အိတ်ဖွင့်တင်ဒါခေါ်ယူရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာန၊ ကြော်ငြာသင်ပုန်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၏ ကြော်ငြာသင်ပုန်းတွင် တင်ဒါဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် ရက်သတ္တနှစ်ပတ်ကြိုတင်၍ သိသာထင်ရှားစွာ ကြေညာရမည်ဟု ဖော်ပြထားသည်။

ကျပ်သန်း ၁၀၀ အထက် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ရာတွင်  တင်ဒါဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် တစ်လကြိုတင်ပြီး နိုင်ငံပိုင်သတင်းစာများတွင် အနည်းဆုံးနှစ်ကြိမ်ကြော်ငြာ၍ တင်ဒါခေါ်ယူရမည်ဖြစ်ပြီး ၀န်ကြီးဌာန၀က်ဘ်ဆိုက်တွင် အနည်းဆုံး တစ်လကြိုတင် ကြေညာရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ တင်ဒါခေါ်ယူဆောင်ရွက်ရမည့် သို့မဟုတ် နိုင်ငံခြားငွေ မဖြစ်မနေသုံးစွဲရမည့် ကိစ္စရပ်များမှအပ ပြည်တွင်းတွင်ဝယ်ယူ ရရှိနိုင်သည့်ပစ္စည်းများ၊ ၀န်ဆောင်မှုများ၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းကိစ္စရပ်များအတွက် မြန်မာကျပ်ငွေဖြင့်သာ တင်ဒါခေါ်ယူရမည်ဖြစ်ပြီး ၀ယ်ယူလိုသည့်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုများအတွက် နိုင်ငံအတွင်း ရောင်းချခွင့်ပြုထားသည့် တရားဝင်ကိုယ်စားလှယ်မရှိပါက နိုင်ငံခြားငွေဖြင့် နိုင်ငံတကာ ယှဉ်ပြိုင်တင်ဒါခေါ်ယူ၍ ၀ယ်ယူရေးဆောင်ရွက်နိုင်ပြီး ငွေပေးချေရာတွင်လည်း သတ်မှတ်နိုင်ငံခြားငွေဖြင့် ပေးချေရမည်ဖြစ်ကြောင်း တင်ဒါလုပ် ထုံးလုပ်နည်းတွင် ဖော်ပြထားသည်။

အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ၀န်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်အမှတ် (၁/ ၂၀၁၇) ဖြင့် ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment