Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 5, 2017

ကမ္ဘာကျော် ဟက်ကာ ၆ ဦးနှင့် သူတို့ ၏ဖောက်ထွင်းမှုများ


05.02.2017
အမှောင်ရိပ်မှ ပညာရှင်များအကြောင်း


ဆိုက်ဘာလုံခြုံရေးအကြောင်းပြောလာရင် မပါမဖြစ်တာကတော့ ဟက်ကာလို့ ခေါ်တဲ့ နည်းပညာလုံခြုံမှုစည်းကျော်သူများပဲ ဖြစ်ပါတယ်။ နည်းပညာပိုင်းမှာုတစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ ဟက်ကာများထဲမှာ ကိုယ်ပညာအတိုင်း ရိုးသားစွာ အသက်မွေးကြသူများ ရှိကြသလို ကိုယ်ရေးကိုယ်တာ အချက်အလက် ၊ ငွေကြေးဓနဥစ္စာများ အပြင် နိုင်ငံနဲ့ ချီတဲ့ စောရအမှုကြီးတွေကို ကျူးလွန်ကြသူ ဟက်ကာများလည်း မနည်းပါဘူး။
နည်းပညာနဲ့ အင်တာနက်ရှိတဲ့ ဘယ်နေရာမှာ မဆို ဟက်ကာလို့ ခေါ်တဲ့ အမှောင်ရိပ်က ပညာရှင်များ ရှိနိုင်ပါတယ်။ နည်းပညာခေတ်မှာ ဘယ်အရာမှ စိတ်မချရဘူးလို့ အကြမ်းဖျဉ်း ပြောလို့ ရနိုင်ပါတယ်။ ဘဏ်အကောင့်တွေ ၊ ATM နံပါတ်တွေ ၊ အွန်လိုင်းဒေတာဘေ့စ်နဲ့ အဆင့်မြင့်လုံခြုံရေးစနစ်တွေကို တကယ်ကျွမ်းကျင်တဲ့ ဟက်ကာကြီး ဟက်ကာငယ်များမှ ချိုးဖောက်နိုင်တဲ့ အကြောင်း ကျွန်တော်တို့  ခဏခဏ ကြားမိကြမှာပါ။ ဟက်ကာတို့ ရဲ့ လက်ချက်ကြောင့် ကျိုးပေါက်သွားတဲ့ လုံခြုံမှုစနစ်ကို ပြန်မြှင့်ဖို့ ဆိုရင် ဒေါ်လာ သန်းပေါင်းများစွာကုန်ကျနိုင်ပါတယ်။ ဒီထဲမှာမှ ဒေါ်လာ သန်းနဲ့ ချီပြီး ဖောက်ထွင်းသွားတဲ့ ကမ္ဘာကျော် ဟက်ကာများနှင့် သူတို့ ရဲ့ အမှုတွဲများကို တင်ဆက်လိုက်ပါတယ်။
(၆) ဒါးရီးယပ်စ် ဘိုလ်ဒါ - ဒေါ်လာ ၁ သန်း
 
လူတစ်ယောက်ဆီက ငွေကြေးအချက်အလက်တွေကို ရယူဖို့ ကွန်ပျူတာစနစ် အကောင်းစား သုံးစရာမလိုဘူးဆိုတာကို ဟက်ကာပညာရှင်တစ်ဦးဖြစ်တဲ့ ဒါးရီးယပ်စ် ဘိုလ်ဒါနဲ့ အဖွဲ့ က သက်သေပြသွားပါတယ်။ သူသုံးသွားတာက black box တစ်လုံး နဲ့ 3G router တစ်လုံးပဲ သုံးသွားတာပါ။ ဒီပစ္စည်းလေးနှစ်ခုတည်းနဲ့ သူတို့ ဟာ Barclays Bank ရဲ့ ဆွစ်ဇာလန်ဘဏ်ခွဲတစ်ခုကို အိုင်တီပညာရှင်အဖြစ်ဝင်ဖို့ လူတစ်ယာက် ထည့်ထားလိုက်ပါတယ်။ ဘိုလ်ဒါဟာ KVM လို့ ခေါ်တဲ့ black box လေးကို ယူပြီး ရုံးနောက်ဖေးမှာ ကွန်ပျူတာ တစ်လုံးနဲ့ ချိတ် router ထဲဝင်ပြီး ငွေကြေးအကောင့် ၁၂၈ ခုထဲက ဒေါ်လာ ၁ သန်းကို မ သွားပါတယ်။ Barclays Bank အတွက် ကံကောင်းတာက ဒီထဲက ဒေါ်လာ ၆ သိန်းလောက် ပြန်ပြီး ထုတ်နိုင်လိုက်တာပါပဲ။
(၅) The Boy Wonder - ဒေါ်လာ ၂ သန်း
 
၂၀၁၃ စက်တင်ဘာလထဲမှာ NASA ရဲ့ အပြည်ပြည်ဆိုင်ရာ အာကာသအဆောက်အဦကို ထိန်းချုပ်ထားတဲ့ ကွန်ပျူတာ စနစ်ကို အသက် ၁၅ နှစ်အရွယ် လူငယ်လေးတစ်ယောက်က လုံခြုံရေးချိုးဖောက်နိုင်ခဲ့ပါတယ်။ ဒီကောင်လေးဟာ ပင်တဂွန်စစ်ဌာနချုပ်မှာရှိတဲ့ လက်နက်တိုက်ရဲ့ ကွန်ပျူတာစနစ်ထဲလည်း ဝင်ရောက်ခဲ့ပြီး ဒီထဲမှာ ရှိတဲ့ အီးမေးလ် ၃၀၀၀ ကျော်နဲ့  နည်းပညာမြင့် စကားဝှက်တွေကိုလည်း မွှေနှောက် ဖောက်ထွင်းသွားပါတယ်။ ဒီဆယ်ကျော်သက်ကလေးရဲ့ အမည်ကို နိုင်ငံတော် အစိုးရမှ တရားဝင်မကြေငြာခဲ့ပေမယ့် သူဟာ ကမ္ဘာ့လုံခြုံရေးအမြင့်ဆုံးစနစ်များကို ဖောက်ထွင်းနိုင်သူ ဖြစ်တယ်လို့ အသိအမှတ်ပြုခံခဲ့ရပါတယ်။ သူဖောက်ထွင်းခဲ့တဲ့အထဲမှာ ဒေါ်လာ ၂ သန်းတန် NASA အတွက်သီးသန့် ရေးထားတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲလ်များလည်း ပါဝင်နေပါတယ်။ ဒီအတွက် NASA ဟာ သူတို့ ရဲ့ ကွန်ပျူတာစနစ်ကို ၂၁ ကြာအောင် ပိတ်ခဲ့ရပြီး  ဒီအတွက် ဒေါ်လာ ၄၁၀၀၀ ကုန်ကျသွားခဲ့ပါတယ်။ ဒီပြစ်မှုအတွက် အသက် ၁၅ နှစ်အရွယ် ဒီလူငယ်လေးဟာ လူငယ်ပြုပြင်ရေးဂေဟာမှာ ၆ လကြာအောင် နေထိုင်ခဲ့ရပါတယ်။
(၄) The ATM Hackers - ဒေါ်လာ ၄၅ သန်း
 
အင်တာနက်လုံခြုံမှုစနစ် ချိုးဖောက်ရုံတင်မကဘဲ ဓါးပြတိုက်တဲ့ အသွင်ပါ ဖြစ်ခဲ့တဲ့ ဒီအမှုမှာ နိုင်ငံတကာဟက်ကာများ ပါဝင်ခဲ့ပြီး မိနစ်ပိုင်းအတွင်း ATM တွေထဲကနေ ဒေါ်လာ ၄၅ သန်း ခိုးသွားကြပါတယ်။ ပထမတော့ ခရစ်ဒစ်ကတ်ဒေတာဘေ့စ်ထဲ ကို ဝင်ပြီး အချက်အလက်အားလုံးကို ခိုးသွားတာပါ။ ပြီးတာနဲ့ Swipe cards လို့ ခေါ်တဲ့ ဟိုတယ်အခန်းသော့လိုမျိုး သံလိုက် ကတ်တစ်မျိုးသုံးပြီး ကမ္ဘာအနှံ့ က ATM တွေထဲက ငွေတွေကို ဒီအတိုင်း ထုတ်သွားတာပါ။ ဒီဂိုဏ်းဟာ အမေရိကန် ၊ ဂျပန် ၊ ရုရှားနဲ့ ဗြိတိန်မှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပါတယ်။ အဓိက ဖောက်ထွင်းတာကတော့ ဘဏ်ခရစ်ဒစ်ကတ်တွေကနေ ဖြစ်ပြီး ကုမ္ပဏီတွေရဲ့ ခရစ်ဒစ်ကတ်တွေ ပါသွားတာ များပါတယ်။ ဒီအဖွဲ့ ကို ၂၀၁၃ မတ်လ ထဲမှာ စတင်ဖမ်းဆီးရမိခဲ့ပါတယ်။
(၃) ယူဂျင်းနီး ဘိုဂါချက်ဗ် - ဒေါ်လာ သန်း ၁၀၀

၂၀၁၄ ဇွန်လထဲမှာ တစ်ကမ္ဘာလုံးက ကွန်ပျူတာစနစ်ထောင်ပေါင်းများစွာဆီကနေ ဒေါ်လာ သန်း ၁၀၀ ကျော်ကို ဟက်ကာတစ်စုက ပါးပါးနပ်နပ် ဖောက်ထွင်းခဲ့ပါတယ်။ ATM ဟက်ကာတွေနဲ့ မတူတာက သူတို့ ဖောက်ထွင်းတဲ့ငွေအများစုဟာ တစ်ဦးချင်းဆီက နဲ့ ဘဏ္ဍာရေးအဖွဲ့ အစည်းတွေဆီက ဖောက်ထွင်းတာ ဖြစ်ပါတယ်။ ငွေသန်း ရာနဲ့ ချီပြီး ဖောက်ထွင်းခဲ့တဲ့ ဒီစောရမှုကြီးကို ရုရှားဟက်ကာတစ်ယောက် ဖြစ်တဲ့ ယူဂျင်းနီး ဘိုဂါချက်ဗ် ကနေ ဦးဆောင်ပြီး ဖောက်ထွင်းသွားတာဖြစ်ပြီး FBI ကတော့ ကမ္ဘာ့ အန္တရာယ်အများဆုံး ဆိုင်ဘာရာဇဝတ်သားထဲက တစ်ယောက်လို့ တောင် နာမည်တပ်ခဲ့ရပါတယ်။ သူ့ ကို မဖမ်းမိခဲ့ပေမယ့် အမေရိကန်အာဏာပိုင်များဟာ ဒီဟက်ကာကို လွှဲပြောင်းပေးဖို့  ရုရှားအစိုးရနဲ့ ညှိနှိုင်းခဲ့ပါတယ်။
(၂) အက်ဒွပ် ပီယာဆင် - ဒေါ်လာ ၁၁၂ သန်း

အသက် ၂၃ နှစ်အရွယ် အက်ဒွပ်ပီယာဆင်ဟာ အဆင့်မြင့် ကွန်ပျူတာပရိုဂရမ်တွေဖြစ်တဲ့ Zeus ၊ SpyEye နဲ့ Python တို့ ကို တီထွင်ရေးသားခဲ့တဲ့ ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒီပရိုဂရမ်ဘာသာရပ်တွေကို သုံးပြီး အင်တာနက်ကနေတစ်ဆင့် ခရစ်ဒစ်ကတ်နဲ့ နာမည်တွေလိုမျိုး တစ်ဦးချင်းရဲ့ အချက်အလက်တွေထဲကို ဝင်ရောက်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး အင်တာနက်ငွေကြေးဝန်ဆောင်မှုကြီးတစ်ခုဖြစ်တဲ့ PayPal ကို ဝင်ပြီး အကောင့်ပေါင်း ၂၀၀၀၀၀ ကျော်ရဲ့ အသေးစိတ်အချက်အလက်တွေကို ဖြည်ချခဲ့ပါတယ်။ ပီယာဆင်နဲ့ သူ့ ရဲ့ ကောင်မလေးကို ဇိမ်ခံဟော်တယ်တစ်ခုမှာ ခိုးထားတဲ့ ခရစ်ဒစ်ကတ်နံပါတ်များ  PayPal အကောင့်များနဲ့ ပိုက်ဆံချေဖို့ လုပ်နေစဉ် ဖမ်းမိသွားပါတယ်။ ပီယာဆင်ကို ဖမ်းမိတော့ တရားရုံးမှာ သူ့ ရှေ့ နေရဲ့ လျှောက်လှဲချက်က ငွေကြေးရလိုမှုနဲ့ ဖောက်ထွင်းတာ မဟုတ်ဘဲ သူ့ ရဲ့ ဥာဏ်စွမ်းကို သူ ပြန်စိန်ခေါ်ကြည့်လိုခြင်းကြောင့် ဖောက်ထွင်းတာလို့ ခုခံခဲ့ပါတယ်။ပီယာဆင် ခိုးထားသမျှ အချက်အလက်အားလုံးကို စာရွက်ပေါ်မှာ ချပြီး ပရင့်ထုတ်ကြည့်တာတောင်မှပဲ စာရွက်ပေါင်း ၆၄၀၀၀ ကျော် ရှိခဲ့ပါတယ်။
(၁) ဗလာဒီမာ ဒရင့်ခ်မင်း ၊ အလက်ခ်ဇန်ဒါ ကလင်းနင် ၊ ရိုမန် ကိုတော့ဗ် ၊ ဒီမီထရီ စမိုင်လီယန်နတ်စ် ၊ မီခေးလ်ရီတီကော့ဗ် - ဒေါ်လာသန်း ၃၀၀
 
နိုင်ငံတကာကို လိုက်ပြီး လုံခြုံရေးစနစ်ဖောက်ဝင်နေတဲ့ ရုရှားဟက်ကာထဲမှာ ဒီဟက်ကာအဖွဲ့ ဟာ ခရစ်ဒစ်ကတ်ပေါင်း သန်း ၁၆၀ ကျော်ကို ခိုးဝင်ခဲ့ပါတယ်။ အမှုတစ်ခုမှာဆို ရာနဲ့ ချီတဲ့လုပ်ငန်းသုံး အကြွေးဝယ်ကတ်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုဟာ ဒေါ်လာ သန်း ၂၀၀ အထိ အံ့အားသင့်စရာကောင်းလောက်အောင် အခိုးခံလိုက်ရပါတယ်။ ဒီဟက်ကာအဖွဲ့ ခိုးခဲ့တဲ့ လုပ်ငန်းထဲမှာ 7-Eleven Inc ၊ Dow Jones ၊ J.C. Penny Co နဲ့ Visa Inc တို့ လို နာမည်ကျော် ကုမ္ပဏီကြီးများလည်း ပါဝင်ခဲ့ပါတယ်။ နောက်ထပ် ဒုတိယလိုက်တဲ့ ငွေခိုးမှုကတော့ Global Payment Systems ကနေ ဒေါ်လာ ၉၃ သန်း ခိုးသွားတာပါပဲ။ ဒရင့်ခ်မင်း ကို US အကောက်ခွန်ဌာနမှာ ဖမ်းမိသွားပြီး ကလင်းနင်ကို နယ်သာလန်မှာ ဖမ်းဆီးရမိခဲ့ပေမယ့် ကျန်တဲ့ သုံးယောက်ကတော့ အခုထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
 ယခုပြောခဲ့သမျှ ဟက်ကာတို့ ကို လေ့လာကြည့်ရင် ငွေကြေးအလို့ ငှာ ကိုယ့်ပညာကို မသမာတဲ့နည်းနဲ့ သုံးပြီး ငွေရှာခဲ့တဲ့ ပညာရှင်များကို တွေ့ ရသလို မိမိရဲ့ ပညာစွမ်းကို လက်တည့်စမ်းကြည့်တဲ့ ဟက်ကာသမားများလည်း ပါဝင်နေတာကို တွေ့ ရမှာ ဖြစ်ပါတယ်။ ဟက်ကာဆိုတဲ့ ပညာရှင်လူတန်းစားတစ်ရပ်ဟာ နည်းပညာနယ်ပယ်မှာ ဒီနေ့ တိုင် အခြေခိုင်ခိုင် လှုပ်ရှား သက်ဝင်နေဆဲ ဖြစ်ပါတယ်။ တစ်ခုရှိတာက ယခုပြောခဲ့တဲ့ ဟက်ကာတွေအားလုံး နောက်ဆုံးတော့ အဖမ်းခံလိုက်ရပါတယ်။
DUWUN













No comments:

Post a Comment