Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 15, 2017

စိတ်ဓာတ်မြင့်မားသော မြို့သူမြို့သားများ


Godiva ဆိုတဲ့ ချောကလက်ကို စားဖူးကြမယ် ထင်ပါတယ်။ ကမ္ဘာ့ ချောကလက် မြို့တော်ဖြစ်တဲ့ ဘယ်လ်ဂျီယံ နိုင်ငံက ထုတ်တာပါ။ (အသံထွက်ကိုတော့ အမျိုးမျိုးထွက်ကြပါတယ်။ လန်ဒန်မှာ နေတုန်း လန်ဒန်က သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့က ဂိုဒိုင်းဗားလို့ ထွက်ပါတယ်။ ဘယ်လ်ဂျီယံ ကို ကျွန်တော်အလည်သွားတုန်း အဲဒီက လူတွေ မေးကြည့်တော့ သူတို့က ဂိုဒီးဗား လို့ ထွက်ပါတယ်တဲ့)
.
Godiva မှာ လူပြောများတဲ့ ရာဇ၀င်ရှိပါတယ်။ ဂိုဒိုင်းဗားဆိုတာ အင်္ဂလန်က ကွန်ဗန်ထရီဆိုတဲ့မြို့ကို အပိုင်စားရတဲ့ လီယိုဖရစ်ဆိုတဲ့ မြို့စားတစ်ယောက်ရဲ့ ဇနီးပါ။ အဲဒီမြို့စားက ခပ်ကြမ်းကြမ်း ခပ်ရွတ်ရွတ်ပါ။ သူ့လက်ထက်မှာ အခွန်တွေ ကောက်တာများတော့ ပြည်သူတွေ ဆင်းရဲကြပါတယ်။ အဲဒါကို လေဒီ ဂိုဒိုင်းဗားက မကြည့်ရက်တော့ အခွန်လျှော့ဖို့ ပြောပါတယ်။ ယောကျာ်းဖြစ်သူကလည်း မောက်မာတဲ့သူဆိုတော့ မိန်းမကို မင်း မြို့လယ်ခေါင်မှာ အ၀တ်အစားတွေ ချွတ်ပြီး ကိုယ်လုံးတီးနဲ့ နေ့ခင်းကြောင်တောင် လမ်းလျှောက်ပြရင် ငါ အခွန်လျှော့ပေးမယ်လို့ ပြောပါတယ်။ အဲဒါကို လေဒီ ဂိုဒိုင်းဗားက သဘောတူပြီး လျှောက်မယ့်နေ့ကို ကြေငြာလိုက်ပါတယ်။
.
တကယ်တမ်း ကိုယ်လုံးတီး လျှောက်မယ့်နေ့မှာ အသိစိတ်ဓာတ်ပြည့်ဝတဲ့ မြို့သူမြို့သားတွေဟာ တံခါးတွေ ပြတင်းပေါက်တွေ ပိတ်ပြီး အိမ်ထဲမှာ နေပေးကြပါတယ်။ ဒါပေမယ့် Tom လို့ အမည်ရတဲ့ မောင်မင်းကြီးသား တစ်ယောက်ကတော့ ချောင်းကြည့်ခဲ့ပါတယ်။ အဲဒီက စပြီး Peeping Tom ဆိုတဲ့ စကားပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။
.
ကျွန်တော်ပြောချင်တာကတော့ ဒီနေ့မှာ ရန်ကုန်မြို့ဟာ ခြေထောက်အသစ်နဲ့ လမ်းလျှောက်ထွက်ပါတယ်။ ခြေထောက်အသစ်ဆိုတော့ ထော့နဲ့ထော့နဲ့ ဖြစ်လို့ နေပါတယ်။ ဒါကို အများစုက နားလည်ပေးပါတယ်။ လေဒီဂိုဒိုင်းဗား လမ်းလျှောက်ထွက်တော့ ပြတင်းတံခါးတွေ ပိတ်ပြီး နေပေးကြတဲ့ မြင့်မားတဲ့ အသိစိတ်ဓာတ်လိုမျိုးနဲ့ ကိုယ့်တာဝန်ကိုယ်ကျေ၊ ကိုယ့်လုပ်နိုင်တာ လုပ်ပေးပြီး အလိုက်တသိ ကူညီကြပါတယ်။ ထော့နဲ့ ထော့နဲ့ ဖြစ်နေတာကို တွဲပေးပါတယ်။ အဆင်မပြေမှုတွေကို သည်းခံပေးကြပါတယ်။ ပိုကောင်းအောင် ပြုပြင်နိုင်ဖို့ ဝေဖန်ထောက်ပြပါတယ်။ ဒါပေမယ့် တစ်ချို့သူတွေက Peeping Tom စိတ်ဓာတ်မျိုးနဲ့ ပျက်လုံးထုတ်ပါတယ်။ ရိကြ ခနဲ့ကြပါတယ်။ ဆဲဆိုကြိမ်းမောင်းပါတယ်။ တက္ကစီခ တိုးတောင်းတဲ့သူက တောင်းပါတယ်။
.
ဘယ်အရာကို လုပ်သင့်တယ်၊ ဘယ်အရာကဖြင့် မလုပ်သင့်ဘူး ဆိုတာ ကိုယ့်အသိဥာဏ်နဲ့ ကိုယ်ဆုံးဖြတ်ရမှာပါ။ တရားဝင်တားမြစ်ထားတဲ့ စည်းမျဉ်းမရှိသည့်တိုင် ကိုယ်နိုင်တဲ့ နေရာက ကူညီကြဖို့ပါ။ ကိုယ့်လုပ်ရပ်တွေဟာ ကိုယ်ဘယ်လိုလူစားမျိုးလဲ ဆိုတာ ပြဌာန်းသွားမှာပါ။ ကိုယ့်သမိုင်း ကိုယ်ရေးနေတယ်ဆိုတာ မမေ့ပါနဲ့။
.
နှစ်ပေါင်းများစွာ အာဟာရကြုံလှီနေတာရော၊ ခြေထောက်အသစ်လဲထားရတာကြောင့်ရောမို့ ထော့ကျိုးထော့ကျိုးနဲ့ ကြိုးစားလမ်းလျှောက်ထွက်လာတဲ့ ရန်ကုန်ကို ကိုယ့်ထမင်းကိုယ်စားပြီး နိုင်တဲ့နေရာက ကူညီကြတာတွေကို တွေ့ရတော့ အင်မတန် အားရပါတယ်။ လေးစားပြီး ကျေးဇူးတင်မိပါတယ်။ မြန်မာပြည်အနာဂတ်အတွက်လည်း မျှော်လင့်အားတက်ရပါတယ်။ ရန်ကုန်မြို့သူမြို့သားများ Peeping Tom ရန်မှ ကင်းဝေးပြီး သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။ ။
.Htet Nay Lin Oo

(ဂိုဒိုင်းဗား အကြောင်းဖတ်ထားမိသမျှလေးတွေကို ကွန်မန့်ထဲမှာ ရေးထားပါတယ်။ သမိုင်းစိတ်ဝင်စားတတ်တဲ့ မိတ်ဆွေတွေ အတွက်ပါ)

No comments:

Post a Comment