(ဘဝသင်ခန်းစာယူရန်နှင့် ကရုဏာတရားပွားများစေနိုင်ခြင်း အလို့ငှာ ခံစားတင်ပြပါသည်။)
ဦးခင်ထွန်း နဲ့ ဒေါ်သက်ဆွေ။ လင်မယားနှစ်ယောက်တည်း နေသည်။ မိန်းမက အသက် ၆၀ ကျော်။ ယောက်ျားလုပ်သူက အသက် ၇၀ ကျော်ရှိပြီ။ ပန်းရံတော်ချောင်းဘေးမှာ နေသည်။ နေတဲ့အိမ်က ကုတင်တစ်လုံးစာလောက်သာ ရှိတဲ့ အိမ်။ ချောင်းနံဘေးမှာ ကျူးနေရတဲ့ အိမ်။
ဝန်ထမ်း အငြိမ်းစားတွေ ဖြစ်သည်။ ဘာဝန်ထမ်းတွေလဲ။ သမဝါယမ ဝန်ထမ်းတွေ။ မိန်းမဖြစ်သူက အမှုထမ်းအဆင့်။ ယောက်ျားဖြစ်သူက အထွေထွေလုပ်သား အဆင့်။ ပင်စင်လစာက တစ်လမှ ငါးသောင်းသာရသည်။ အရင်က သုံးသောင်းသာ ရသည်။ ဦးသိန်းစိန် အစိုးရလက်ထပ်မှာ ပင်စင်တွေ တိုးလို့ ငါးသောင်းဖြစ်သွားသည်။ ယောက်ျားလုပ်သူမှာ ပင်စင်မရှိ။
သမဝါယမခေတ်ကောင်းစဉ်က၊ အိမ်လေးယာလေးရှိသည်။ ခြံကွက်အပိုလေးမှာ ပိုင်ဆိုင်ထားနိုင်ခဲ့သည့် အနေအထား။ သို့သော် မရှိ၊ မရှိ၊ မရှိနှင့် ရောင်းလိုက်ရ၊ စားဝတ်နေရေးအတွက် သုံးစွဲလိုက်ရင်း ဘာမှ စီးပွားလည်း မလုပ်တတ်တော့ တဖြည်းဖြည်းနှင့် တစ်တိတိ ကုန်သွားသည်။ သားတစ်ယောက် ရှိသည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်က အသက် (၂၀) ကျော်လေးနဲ့ သေသွားသည်။ ဘာ့ကြောင့် သေသွား တယ်လို့တော့ အတိအကျ မပြော။
သားလေးအကြောင်းမေးတော့ “သားလေးက တစ်သက်လုံး ဆိုးတယ်။ မိုက်တယ်။ သူ မသေခင်လေးမှာ လိမ္မာသွားတယ်။ အလုပ်လုပ်ပြီး မိဘကို ရှာကျွေးသွား ရှာတယ်။ သူ လိမ္မာပြီး တစ်နှစ်ကျော်လောက်ကြာတော့ သေသွားတယ်” တဲ့…။ လင်မယား နှစ်ယောက်မှာ ကူသူမဲ့ ကယ်သူမဲ့။
အရင်က ပန်းရံတော် ချောင်းဘေးမှာ နေတာ မဟုတ်။ အိမ်ငှားပြီး နေသည်။ တစ်လ ၂ သောင်း၊ ၃ သောင်းပေးရသည်။ ထို့နောက် အိမ်ငှားခပါ မတတ်နိုင်တော့သည့် အဆုံး လမ်းဘေးရောက်သွား သည်။ ဒီလိုပဲ ကျူးအိမ်လေးတွေလုပ်ပြီး ရတတ်သမျှ နေရာလေးတွေမှာ နေရသည်။ ကျူးအိမ်လေး ဆောက်နေလိုက်၊ စည်ပင်က ဖယ်ခိုင်းလိုက်။ ဖယ်လိုက်ရ၊ တစ်နေရာ ပြောင်းလိုက်ရနှင့် နောက်ဆုံး အခု ပန်းရံတော် ချောင်းဘေးက ကျူးအိမ်လေးမှာနေရသည်။ အခုအိမ်လေးလည်း စည်ပင်က ဖယ်ခိုင်းရင် ရွေ့ရအုံးမည်။ ဘယ်နေရာမှာ ရွှေ့ရမလဲ မပြောတတ်။ ရသည့် နေရာလေးတွင် ခို၍ ကပ်၍ နေရုံအပြင် မရှိ။ ဩော် ဘဝ။
သမဝါယမ ဝန်ထမ်းဆိုတော့ သူ့ခေတ် သူ့အခါက အတော် တောင်သာသည်။ သူ့ခေတ်သူ့အခါ ဆိုတာ ဆိုရှယ်လစ် (မဆလ) ခေတ်ကို ဆိုခြင်းဖြစ်သည်။ ဝန်ထမ်းဘဝက သည်လို အဆင်အမြဲ အဆင်ပြေချောမွေ့နေလိမ့်မည်ဟု ထင်ခဲ့သည်။
လင်မယားနှစ်ယောက်စလုံး ဝန်ထမ်းဘဝမှာ တစ်သက်လုံးနေခဲ့သည်မို့ တခြား စီးပွားရေးလုပ်ငန်း မလုပ်တတ်။ သမဝါယမတွေ ခေတ်ပျက်သည့် အချိန် ရောက်လာသည်။ သို့သော် ကိစ္စမရှိသေး။ စစ်အစိုးရလက်ထပ်တွင် ဝန်ထမ်းဘဝဖြင့် မှိန်းစားလို့ ရနေသေးသည်။ သို့သော် ကြာကြာမခံ။ အသက်ပြည့်တော့ ပင်စင်ယူရသည်။ အခြားဝန်ထမ်းတွေက သားသမီးကို ဝန်ထမ်းအဖြစ် ဆက်ထားနိုင်တော့ အစိုးရ ရုံးဧရိယာလေးမှာ ခိုကပ်နေလို့ရသေးသည်။ ဦးခင်ထွန်းနှင့် ဒေါ်သက်ဆွေတို့အတွက်ကား အပြင်ထုတ်ခံရသည်။
သားလေးက အဖေအမေတို့ ကောင်းစားစဉ်အခါက၊ မိဘကို နွှဲ့ဆိုး ဆိုးခဲ့ဟန်တူသည်။ မိဘကလည်း၊ အလိုလိုက် အကြိုက်ဆောင်ဟန်ရှိသည်။ စားဝတ်နေရေးက အဆင်မပြေ။ မိဘတွေက အသက်ကြီး လာ။ သားလေးကလည်း အရွယ်ရောက်လာ။ သူ့အရွယ်ကို လူငယ်ဘာဝ ဆိုးသွမ်းသည်။ မိဘများ ပြောမရ။ သားလေးကလည်း ဒီတစ်ဦးတည်း ရှိသည်ကိုး။ ထိန်းမရ။ လွှတ်ထားရသည်။ သားက အရက်သောက်ပြီး မိဘ အဆင်မပြေတာကို မသိ။ မိဘကလည်း စိတ်ဆင်းရဲ။ သူတို့ လင်မယား ကြုံရ သည့် ဘဝ။
ယောက်ျားဖြစ်သူက၊ တစ်ခါတစ်ရံ မိန်းမလုပ်သူ မသိအောင် အရက်လေးခိုးသောက်သည်။ အာလေး လျှာလေးနှင့် စကားပြောဟန်ကို သူဖုံးဖိလို့မရ။ ဘဝဖိစီးမှုဒဏ်ကို အမူးဖြင့် ဖုံးဖိချင်ဟန်တူသည်။ စိတ်ဓာတ်ကျမှုကို သူ့အတွက်ဘယ်အရာက ကူညီကယ်မနိုင်ပါမည်နည်း။
ထမင်းလေး ချက်ပြီး၊ ထမင်းဆိုင်က ဟင်းကလေး ဝယ် စားသည်။ ဟင်း တကူးတက ချက်ရန်အတွက်ပင် ငွေက အဆင်မပြေ။ လကုန်ရက်နီးပြီဆို လက်ထဲ တွင် ပိုက်ဆံ နှစ်ထောင်၊ သုံးထောင်သာ ရှိတော့သည်။ လမကုန်ခင်၊ တစ်ရက်လောက်ဆိုလျှင် လက်ထဲ ပိုက်ဆံ ငါးရာသာ ရှိတော့သည်။ မိန်းမဖြစ်သူ ဒေါ်သက်ဆွေက ထိုပိုက်ဆံ ငါးရာကို မသုံးရက်။ သုံး၍လည်း မရေချေ။ ပင်စင်လစာထုတ်ရန် ဘဏ်သို့ ထိုပိုက်ဆံ ငါးရာနှင့် ကားစီးသွားမှ ရမည်။ ပင်စင်လစာ မထုတ်နိုင်လျှင် ထမင်းစားလို့ မရတော့။ လကုန်ရက် စနေ၊ တနင်္ဂနွေနှင့်ကြုံလျှင်၊ တနင်္လာနေ့မှ ဘဏ်ဖွင့်မည်ဖြစ်ရာ၊ ဘဏ်ဖွင့်မည့် ရက်ကို မျှော်ရင်း ပိုက်ဆံ ငါးရာကို ကျစ်ကျစ်ပါ အောင် ဆုပ်ထားရသည်။
ကျွန်တော်တို့ သွားတော့ ထိုကဲ့သို့ ရက်မျိုးနှင့်ကြုံသည်။ ကျွန်တော်က စားပြီးကြပြီလားဟု လောကွပ် စကားဆိုသည်။ ဒေါ်သက်ဆွေက မစားသေးဘူး… သား။ မဆာသေးလို့၊ ခဏနေစားတော့မှာဟု ပြော သည်။ ကျွန်တော်က ဆက်ပြီး ဘာဟင်းချက်လဲ… မေးသည်။ မချက်ရသေးဘူးဟု ဖြေသည်။ ဟာ…အခု နေ့လည်စာစားချိန်တောင်ရောက်ပြီ ဘာလို့ မချက်ရသေးတာလဲလို့ မေးပြီး ကုတင်ခြေရင်း၊ အိမ်ပေါက်ဝမှာရှိသော ဒယ်အိုးအဖုံးကို ကောက်ခါငင်ကာ လှန်ကြည့်သည်။ ဘာမှ ချက်ထားတာ မတွေ့ရ။ ထမင်းအိုးတွင်လည်း ဘာမှ မရှိ။ ဆန်ရောရှိလားလို့ မေးပြီး ဒယ်အိုးအောက်က ဆန်ထည့် ထားသည့် ရေအိုးကို ဖွင့်ကြည့်သည်။ ဆန် တစ်စေ့မှ မရှိ။ ရင်ထဲ နင့်သွားသည်။
ဧည့်သည်ဖြစ်သူ ကျွန်တော်တို့ကို စားစရာ ဆန်မရှိဘူး၊ ဒီနေ့တော့ အငတ်နေတယ်လို့ သူတို့ ပြောမထွက်။ မနက်စာတောင် စားရသေးဟန်မတူ။ မနက်ဖြန်မှ ဘဏ်ဖွင့်မှာ၊ အဲ့ဒီကျမှ ပင်စင်လစာ ထုတ်ပြီး သုံးရမှာလို့ ပြောသည်။ လက်ထဲမှာ ပိုက်ဆံ ငါးရာပဲ ကျန်တော့သည်။ ကားခအတွက် သုံးရမည်။ ကျွန်တော် စိတ်မကောင်း။ အိတ်ကပ်ထဲက ပိုက်ဆံ ငါးထောင် ထုတ်ပေးလိုက်သည်။ မယူပါဘူး သားရယ်လို့ ပြောသည်။ အတင်း ပေးတော့ ယူသည်။ မယူလို့လည်း မဖြစ်။ လင်မယားနှစ်ယောက် ဝမ်းက တစ်ကြုပ်ကြုပ်မြည်နေမည် ကို ကျွန်တော် ခံစားမိသည်။ ဝမ်းသာသည့် မျက်လုံးများ။ လှိုက်လှဲသည့် ကျေးဇူးတင်စကား။ မြူးတူး သည့် အပြုံးကို ကျွန်တော်တွေ့လိုက် ရသည်။
ဒေါ်သက်ဆွေ ပြောသည့် စကားကို ကျွန်တော် အခုထိ ကြားယောင်တုန်း။
“ကျေးဇူးတင်လိုက်တာ… သားရယ်၊ ကျေးဇူးတင်လိုက်တာ”
ကျွန်တော့်ဘဝတစ်လျှောက် ကျေးဇူးတင်စကားများကို ထည်လဲကြားခဲ့ဖူးသည်။ ဒေါ်သက်ဆွေပြော သော ကျေးဇူးတင်စကားကို အခုချိန်ထိ ပြန်ကြား၊ ခံစားမိနေသေးသည်။ ကျေးဇူးတင်လိုက်တာဆို သော စကားသည် ရိုးရိုးမဟုတ်။ သာမန်မဟုတ်။ ရင်ထဲ အသည်းထဲက လာရုံမက၊ အစာအိမ်ထဲကပါ လာသည်ကို ကျွန်တော် ခံစားရသည်။
ဩော် ခေတ်ကား။ မတည်မြဲ။ ဝန်ထမ်းတို့ဘဝ။ ခေတ်စနစ်၏ ဘဝ။ ခေတ်ပြောင်းစနစ်ပြောင်းမှာ မလိုက်ပါနိုင်သူတွေ၊ လိုက်ပါနိုင်စွမ်းမရှိသူတွေ။ ဘဝနေဝင်ချိန်အတွက် ကြိုတင်ပြင်ဆင်မှုမဲ့ခဲ့သူတွေ ကြုံရသော အခြေအနေကို မျက်မြင်ကိုယ်တွေ့တွေ့လိုက်ရသည်။
မင်း သေ့
(ကျွန်တော်တို့ ဘဝဆည်းဆာ ဘိုးဘွားစောင့်ရှောက်ရေးအသင်းမှ ဦးခင်ထွန်း၊ ဒေါ်သက်ဆွေတို့ အပါအဝင် အခြား ချို့တဲ့ နွမ်းပါး အဘိုးအဘွားများကို လစဉ် ဆေးဝါး၊ ပိုက်ဆံ၊ အစားအစာ လှူဒါန်း လျက်ရှိသည်။)
#ဘဝဆည်းဆာသက်ကြီးဘိုးဘွားစောင့်ရှောက်ရေးအသင်း
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 4, 2017
အထည်ကြီးပြတ်
Reviewed by MP4 YoU
on
January 04, 2017
Rating: 5
Reviewed by MP4 YoU
on
January 04, 2017
Rating: 5
Subscribe to:
Post Comments (Atom)










No comments:
Post a Comment