Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 30, 2016

မိဘကိုလုပ်ကျွေးရန် အခွင့်အရေး (၅) ပါး



၁။ မိဘကို ကျွေးမွေး ပြုစုရန် မိမိမှာ ဖြူစင်သော စေတနာရှိခြင်း။
၂။ မိမိမှာ ကျွေးမွေးနိုင်သော အင်အားရှိခြင်း။
၃။ ကိုယ့်ကို မိဘက အားကိုးခြင်း။
၎။ မိဘများ အသက်ရှင်လျှက်ရှိခြင်း။
၅။ မိဘများ ကျန်းမာသာယာစွာရှိခြင်း။

အမိအဖ ကို လုပ်ကျွေး ပြုစုခြင်း၏ ယခုဘဝ နှင့် နှောင်ဘဝ အကျိုး

ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော် အပ်ကုန်၏၊ ထို အမျိုးတို့သည် ”ဗြဟ္မာ”နှင့်တကွ နေသည် မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် ”လက်ဦး ဆရာ” နှင့်တကွ နေသည်မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိ့အဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် ”အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ” နှင့်တကွ နေသည်မည်ကုန်၏။

ရဟန်းတို့ ဗြဟ္မာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ လက်ဦးဆရာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူထိုက်သူဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ထိုသို့ မည်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။ ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များစွာ ကျေးဇူးရှိကုန်၏၊ အသက်ကို စောင့်ရှောက်တတ်ကုန်၏၊ ကျွေးမွေးတတ်ကုန်၏၊ ဤလောကကို ညွှန်ပြတတ်ကုန်၏ဟု (မိန့်တော်မူ၏)။

အမိအဖတို့ကို သားသမီးတို့၏ ”ဗြဟ္မာ”ဟူ၍လည်းကောင်း၊ ”လက်ဦးဆရာ”ဟူ၍လည်းကောင်း၊ သားသမီးတို့၏ ”အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ”ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏၊ (အမိ အဖတို့သည်) သားသမီးတို့အား အစဉ်သနားတတ်ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသော သားသမီးတို့သည် ထို အမိအဖတို့ကို ကိုင်းညွတ် ရှိခိုးရာ၏၊ ထမင်း ဟင်းဖြင့်လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့်လည်းကောင်း အဝတ်အရုံဖြင့်လည်းကောင်း၊ အိပ်ရာနေရာဖြင့်လည်းကောင်း၊ အမွှေးနံ့သာ လိမ်း ကျံပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း၊ ခြေတို့ကို ဆေးကြောပေးခြင်းဖြင့်လည်းကောင်း ကောင်းစွာ ပြုစုလုပ်ကျွေးရာ၏၊

အမိအဖတို့၌ ထိုသို့ လုပ်ကျွေးခြင်းကြောင့် ထို သားသမီးကို မျက်မှောက်ဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝသို့ ရောက်သော် နတ်ပြည်၌ မွေ့လျော်ရ၏။

* ပဌမသုတ် *

___________________________________________________

🙏မိဘဟာ ဘုရားနဲ့တစ်ဂိုဏ်းထဲပါ🙏

ဘုရားရှိခိုးလို့ကုသိုလ်ရသလို မိဘရှိခိုးရင်လည်းကုသိုလ်ရပါတယ်
သံဃာကို သင်္ကန်းလှူသလို မိဘကိုဝတ်စရာဝယ်ပေးတာလည်းကုသိုလ်ပါပဲ
သံဃာကို ဆွမ်းကပ်သလို မိဘကို စားစရာတွေဝယ်ကျွေးနေတာလည်းကုသိုလ်ပဲ
မိဘတွေဟာ သားသမီးတွေအတွက် အကောသ်းဆုံးအလှူခံပုဂ္ဂိုလ်ပါ
မိဘကျေးဇူးသိပြီး ကျွေးမွေးစောင့်ရှောက် စိတ်ချမ်းသာအောင်ထားရင်
နတ်တွေစောင့်ရှောက်ပါတယ် လူစောင့်ရှောက်တာမလုံခြုံ နတ်စောင့်ရှောက်တာ
လုံခြုံပါတယ်။ သကြားမင်းကတောင်ရှိခိုးရတာပါ။
မိဘတွေသက်ရှိထင်ရှားရှိတုန်း အားရအောင်ပြုစုစောင့်ရှောက်ပါ
ကျေးဇူးတရားတွေကိုမြန်မြန်သိ မြန်မြန်ဆပ်လိုက်ကြပါ
ဒီဘဝမှာကောင်းကျိုးပေးမှာဖြစ်သလို နောင်ဘဝတွေမှာလည်းကောင်းကျိုးတွေ
ရမှာပါ။ မိဘအသက်ရှိတုန်းလုပ်ပေးတဲ့ကုသိုလ်က ပိုအားကောင်းပါတယ်
သေပြီးမှဆိုတာက မကျိန်းသေဘူးလေ
မိဘတွေဟာ မီးနဲ့တူတယ် မီးလိုပဲသုံးတတ်ရင်ကျေးဇူများသလို မသုံးတတ်ရင်
အန္တရာယ်များတယ်။
မိဘကိုမရိုသေ မကျွေးမွေး ပစ်ထားမယ် စိတ်ဆင်းရဲအောင်လုပ်မယ်ဆို
ဒီဘဝအသက်တိုမယ် ရောဂါများမယ် စီးပွားရေးပျက်ဆီးလို့ကိုယ့်သားသမီးတွေ
ကလည်းဂရုစိုက်မှာမဟုတ် သေရင်လည်းငရဲပြည်ရောက်ရမှာပါ။
ရှေးရှေးသူတော်ကောင်းတွေဆုတောင်းတဲ့အထဲမှာ...
ဘဝတိုင်းမှာအဖေကောင်းအမေကောင်း လင်ကောင်းမယားကောင်း
သားသမီးကောင်း ဆွေမျိုးကောင်း မိတ်ဆွေကောင်းတွေနဲ့ပဲတွေ့ရပါစေတဲ့။
သံသရာခရီးသွားစဉ်မှာ အဲလိုအကောင်းလေးတွေဆုံချင်ရင်မိဘကိုကျွေးမွေးစောင့်ရှောက်ပါ
အဲဒါတင်မက တရားတွေအားထုတ်ချင်အောင် ဥပုသ်စောင့်ချင်အောင်လည်းလုပ်ပေးပါ
တရားစခန်းတွေပို့ပေးလို့ တရားတွေသိအောင်လုပ်ပေးရမယ်
သေခါနီးပြီဆိုရင်လည်း အမေတယောက်ထဲမဟုတ်ဖူး မကြာက်နဲ့ အရင်ဘဝတွေလည်း
သေခဲ့ပြီးပြီ သားသမီးရောပစ္စည်းရော ဘာမှမစွဲနဲ့ ဘယ်ဝေဒနာပေါ်ပေါ် အဖြစ်အပျက်ကို
သေချာမှတ်ပါ သေခါနီးဝေဒနာကပေါ်မှာပဲလေ အနုစားလားအကြမ်းစားလားတာမသိတာ
ဝေဒနာနဲ့ငါ မရောစေနဲ့ သေခါနီးတရားမလွတ်ဖို့က အရေးကြီးဆုံးပါ။
ဝေဒနာပေါ်တိုင်း အပျက်မြင်အောင်ကြည့် ဘာမှမမြဲဘူးဆိုတဲ့အသိဖြစ်ပါစေ
လွမ်းတဲ့စိတ်ပေါ်လည်းမမြဲဘူးလို့သိလိုက်ပါ ဝေဒနာဟာလည်းမမြဲဘူးဆိုပြီး
အပျက်သဘောလေးတွေမြင်အောင်ကြည့်
ဝေဒနာက အနိစ္စ
သိတာက မဂ္ဂ
အသေမဦးခင် ဥာဏ်ဦးသွားတော့ သေခါနီးကပ်ပြီး သောတာပန်တော့ဖြစ်နိုင်သေးတယ်
သံသရာတလျှောက်လုံးအကျိုးရဖို့ အဲလိုကုသိုလ်လည်း လုပ်ပေးရမယ်။
-သဒ္ဓါတရားမရှိတဲ့မိဘ သဒ္ဓါတရားရှိအောင်
-မလှူမတန်းနှမြောတွန့်တိုတဲ့မိဘ လှူချင်အောင် လှူနိုင်အောင်ပြောပေးလုပ်ပေးပါ
ဒီဘဝလှူခြင်းသည် သံသရာအတွက်ယူခြင်းပါ
-ဥပုသ်မစောင့်ချင်တဲ့မိဘ ဥပုသ်စောင့်ချင်အောင် အဝတ်အစားလေးဝယ်ပေးလို့
ဘုရားကျောင်းလိုက်ပို့ပေးတာ သီလကုသိုလ်ပါ
-တရားနာ တရားအားထုတ်ရမှာပျင်းတဲ့မိဘ တရားနာခိုင်း အားထုတ်ခိုင်းပါ
ငွေတွေလှူပေး စားစရာလေးတွေဝယ်လို့တိုက်တွန်းပေးပါ
ကိုယ့်ပေါ်ငယ်စဉ်တောင်ကျေးကလေးဘဝက ပြုစုစောင့်ရှောက်ခဲတဲ့မိဘကျေးဇူးတွေ
မမေ့ကောင်းဘူးလေ အသေကောင်းဘဝကူးကောင်းအောင်လုပ်ပေးပါ
မိဘမေတ္တာ ပန်းရွှေကြာနဲ့နှိုင်းလို့မရ ရွှေကြာပန်းက နွမ်းတတ်လို့...
မိဘမေတ္တာ လစန္ဒာနဲ့ ပမာနှိုင်းဆို မတိုင်းလိုဘူး ထိုလစန္ဒာ ကွယ်တတ်လို့...
မိဘမေတ္တာ လစန္ဒာနဲ့ ပမာနှိုင်းဆို မတိုင်းလိုဘူး ထိုလစန္ဒာ ကွယ်တတ်လို့......
အသက်ထက်ဆုံးချစ်ပါ့မယ်...အရိုးမြေကျချစ်ပါ့မယ်ဆိုတဲ့
စကားတွေက
မိဘတွေသားသမီးပေါ်ထားတဲ့မေတ္တာစကားတွေသာပါ
သားသမီးကြီးပွားဖို့က မိဘတာဝန်
မိဘတွေဘဝကူးကောင်းဖို့က သားသမီးတာဝန်ပါ။

(ဘယ်ခန္ဓာမဆို မမြဲပါဘူး ဖြစ်ပြီးပျက်ရတာချည်းမို့ ဒုက္ခသစ္စာပါ
သိတဲ့ဥာဏ်က မဂ္ဂသစ္စာ သေသွားတာက သမုဒယသစ္စာ
အိုနာသေလွတ်တဲ့ နိဗ္ဗာန်ရောက်တာက နိရောဓသစ္စာ)။

(၂၆-၇-၂၀၁၅)တောင်ကြီးမြို့ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင်ဆရာတော်အရှင်နန္ဒဝံသ
(ခြောက်ထပ်ကြီး)ဆရာတော်ဟောကြားသော သမီးအလိမ်မာမစန္ဒာ တရားမှ ထုတ်နှုတ်တင်ပြပါသည်။

ဓမ္မ

No comments:

Post a Comment