Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 27, 2016

NLD အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ၊ လူနေရာခန့်ထားမှုတွေ

ဖက်ကြည့်ဆွေးနွေးကြည့်ပါ . . .

မေး။ ။ NLD အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ၊ လူနေရာခန့်ထားမှုတွေစတဲ့စတဲ့ အကြောင်းအရာတွေကို၊ မကျေနပ်သံတွေ အခုတလောဆူဆူညံညံလေးကြားလာရတယ်။ ၂ဝ၁၅ခုနှစ် နိုဝင်ဘာ၈ရက်နေ့မှာ ပြည်သူတွေကိုယ်တိုင် ရွေးချယ်လိုက်တဲ့သူတွေကို ပြည်သူတွေကိုယ်တိုင်က အားမလိုအားမရဖြစ်လာရတာ ဘာ့ကြောင့်လို့ ကိုမင်းဇင်ထင်လဲဗျ။ ကျယ်ကျယ်ပြန့်ပြန့်ပြောပေးပါဦး။

ဖြေ။ ။ NLD အစိုးရဖြစ်လာတာက ပြည်သူလူထုက တစ်ခဲနက်ရွေးလိုက်လို့ ဖြစ်လာတာပါ။ ပြည်သူလူထုကလည်း ချက်ချင်း နေ့ချင်းညချင်းကြီးအကုန်ကောင်းစေဆိုပြီးတော့ ဘယ်သူမှမတောင်းဆိုပါဘူး။ ကျွန်တော်တို့အားလုံးက စိတ်ရှည်တယ်။ သည်းခံ တယ်။ အခုချိန်ထိလည်း NLD ကို ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့သူအများစုကို စိတ်ရှည်ပြီးတော့ တတ်နိုင်သမျှနားလည်မှုပေးနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ စနစ်တကျ Data ကောက်ခံထားတာ မရှိတဲ့အတွက်ကြောင့်မို့လို့ ဘယ်လောက်ကမကျေမနပ်ဖြစ်နေတယ်ဆိုတာကိုတော့ ကျွန်တော်ပြောရခက်ပါတယ်။ ဒါပေမဲ့ထောက်ခံတဲ့သူရှိတိုင်း စိတ်ကျေနပ်မှုရှိလားဆိုတာကတော့ မရှိတာကိုတွေ့ရတယ်။ ထောက်ခံတာကတော့ဆက်ထောက်ခံတယ်။ ဒါပေမဲ့ စိတ်ကျေနပ်မှု အပိုင်းမှာတော့ ပြောစရာဆိုစရာတွေရှိလာတယ်။ အထူးသဖြင့်မူဝါဒပိုင်းနဲ့ပတ်သက်ပြီး ဖြစ်လာတယ်။

အစိုးရမဖြစ်ခင်ကတည်းက ကိုယ်အစိုးရဖြစ်တော့မယ်ဆိုတာ သေချာသလောက်ရှိနေပြီ။ (အာဏာလွှဲချင်း/မလွှဲချင်းစိတ်ပူတာက တစ်ပိုင်းပေါ့)။ အဲလိုဖြစ် တော့မယ်ဆိုတာ ဘာလို့ကြိုမပြင်လဲဆိုတဲ့မေးခွန်းက ဖြစ်လာပြီ။ လွန်ခဲ့တဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးကတည်းက ကြိုပြင်ထားသင့်တယ်ဆိုတဲ့ ပြောဆိုမှုတွေကိုလည်းကြားရတယ်။ အဲဒီတုန်းက လူတွေကကြိုပြင်နေတယ်လို့လည်း ပြောဆိုမျှော် လင့်ကြတယ်။ ဒါပေမဲ့အခုဖြစ်နေတာတွေကိုကြည့်မယ်ဆိုရင် ကြိုပြင်ထားတာမရှိဘူးဆိုတာ ခန့်မှန်းလို့ရတယ်။ ဒါက ပြင်ဆင်မှု မရှိတဲ့ပြဿနာ။ ပြင်ဆင်မှုမရှိဘူးဆိုရင် လူရွေးတဲ့အပိုင်းရောဆိုပြီး ဖြစ်လာတယ်။

လူရွေးတဲ့အပိုင်းမှာရော အများကြီးအငြင်းပွားစရာတွေဖြစ်ခဲ့တယ်။ စနစ်ဟောင်းသူလူတွေပြန်ပါတယ်တို့။ နောက်တကယ်အရည် အသွေးမရှိဘဲနဲ့၊ နောက်သိက္ခာပိုင်းမှာ အငြင်းပွားစရာရှိတဲ့သူတွေ ပြန်ပါတယ်တို့ အသံတွေထွက်ခဲ့တယ်။ ဒါက လူရွေးတဲ့ အပိုင်းမှာဖြစ်ခဲ့တာ။ အဲဒီလူတွေရဲ့ လုပ်ရည်ကိုင်ရည်ပိုင်းတွက်တဲ့အခါကျတော့လည်း မူဝါဒတွေလောက်လောက်လားလား ထွက်မလာတာတွေ့ရတယ်။ ဥပမာစီးပွားရေးနဲ့ ပတ်သက်တဲ့ကိစ္စ။ စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အစိုးရသစ်ပထမခြောက်လအတွင်းမှာ အကြီးအကျယ်ပြုတ်ကျသွားတာကို တွေ့ရတယ်။ ကုန်ဈေးနှုန်း နှစ်ဆနီးပါးမြင့်လာတာကိုတွေ့ရတယ်။ တိုင်းပြည်ရဲ့အရေးအကြီးဆုံးဖြစ်တဲ့ ဆန်စပါးတင်ပို့မှုဟာ တော်တော်ကြီး လျော့ကျသွား ပြီးတော့ ဆန်စပါးဈေးနှုန်းကလည်း အကြီးအကျယ်ကျဆင်းသွားတာ တွေ့ရတယ်။ စပါးဈေးကျတဲ့အတွက် အခြေခံလူတန်းစား လယ်သမားတွေအကြီးအကျယ်နစ်နာတာကို တွေ့ရတယ်။ ဒါကိုဘာပြောလဲဆိုတော့ ဒါကဈေးကွက်စီးပွားရေးလို့ ပြောကောင်း ပြောလို့ရတယ်။ ဒေါ်လာဈေးတွေတက်တယ်။ မြန်မာကျပ်ငွေတန်ဖိုးအရမ်းကျတယ်။ မြန်မာကျပ်ငွေတန်ဖိုးက နိုဝင်ဘာလလယ် တန်ဖိုးကိုကြည့်မယ်ဆိုရင် (မြန်မာကျပ်ငွေ အနိမ့်ဆုံးဖြစ်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ်ကို ပြန်ရောက်ဖို့အတွက် ကျပ် ၄ဝ ဝန်းကျင်လောက်ပဲ လိုပါတော့တယ်)။ ဒါဟာ ဘာကိုပြနေလည်းဆိုတော့ ဗဟိုဘဏ်အပါအဝင် စီးပွားရေးကိုစီမံခန့်ခွဲတဲ့ဝန်ကြီးဌာနတွေရဲ့ အရေး အရာဖြစ်လာတယ်။ တစ်ချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း စီးပွားရေးနဲ့ပတ်သက်တဲ့ကော်မတီတွေမှာ ဦးစီး ဦးဆောင်ပါနေတဲ့အခါကျတော့ သူ့မှာလည်းတာဝန်ရှိတယ်ဆိုတဲ့သဘောကိုတွေ့ရတယ်။ ချုပ်ပြောမယ်ဆိုရင် စီးပွားရေးနဲ့ ပတ်သက်တဲ့မူဝါဒမှာလည်း ရှင်းလင်းမှုအားနည်းတယ်။ ဘယ်ကဏ္ဍတွေကိုဇောင်းပေးမယ်ဆိုတာလည်း မသဲကွဲဘူး။ ရင်းနှီး မြှုပ်နှံမှုကို ဖိတ်ခေါ်နေတာနဲ့ ရင်းနှီးမြှုပ်နှံမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းတာကိုက လအတော်ကြာနေပြီ။ ရင်းနှီးမြှုပ်နှံမှုကလည်း အရင်နှစ်ထက်ယှဉ်ရင် ၆ဝ ရာခိုင်နှုန်းလောက်လျော့သွားတယ်။ ဒီအချက်အလက်အထောက်အထားတွေကို ကြည့်မယ်ဆိုရင် စီးပွားရေးက တိုင်းပြည်မှာအရေးကြီးဆုံးပဲ။

နောက်ကျွန်တော်သဘောမတွေ့တာက ငြိမ်းချမ်းရေးမရလို့၊ စီးပွားရေးမတိုးတက်ဘူးလို့ ပြောတာကိုလည်း ကျွန်တော် လက်မခံဘူး။ တရားသေသဘောအားဖြင့်ပဲ ပြောကြတာ။ တကယ့်လက်တွေ့မှာကျတော့ အဲဒီနှစ်ခုရဲ့ဆက်စပ်မှုက လက်ရှိအစိုးရ ပြောသလောက်မဟုတ်ဘူး။ ငြိမ်းချမ်းရေးမရလို့ စီးပွားရေးမတိုးတက်ဘူးပြောတာက ယေဘူယျသိပ်ဆန်လွန်းတယ်။ ဟိုးအရင် တုန်းကတည်းက ချင်းပြည်နယ်လိုနေရာမျိုး၊ ရခိုင်လိုနေရာမျိုး။ ပြည်တွင်းစစ်ဖြစ်တဲ့နေရာမှ မဟုတ်တာ။ ဒါပေမဲ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမရှိဘူး။ ဘာဖြစ်လို့လဲ မူဝါဒမှားလို့၊ အုပ်ချုပ်မှုစနစ်လွဲချော်လို့။ ဒီလိုပြောလို့စစ်အသုံးစရိတ်ပြဿနာကို ကျွန်တော် မျက်ကွယ်မပြုပါဘူး။ ဒါပေမဲ့ငြိမ်းချမ်းရေးမရသေးလို့ စီးပွားရေးမကောင်းနိုင်ဘူးဆိုတဲ့ ဆင်ခြေကလက်ခံဖွယ်ရာမရှိဘူး။ ပညာရပ် ရှုထောင့်အရရော လက်ခံနိုင်ဖွယ်ရာမရှိဘူး။

အားလုံးကိုချုပ်ပြောမယ်ဆိုရင်တော့ စီးပွားရေးနယ်ပယ်မှာမူဝါဒတွေက မသဲကွဲ သလို၊ အခြေခံလူတန်းစားတွေအတွက် တစ်စုံတစ်ရာသက်သာအောင် မလုပ်ပေးနိုင်ခဲ့ဘူး။ နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးထင်ထားသလောက် ရှေ့ရောက်လာတာ မတွေ့ရဘူး။ ကျန်တဲ့နယ်ပယ်တွေမှာလည်း တိုးတက်မှုကနှေးကွေးတယ်။ ဒီလိုပြောလို့ တစ်ဖက်ကလူ့အခွင့်အရေး၊ ဒီမိုကရေစီရေးမှာ တိုးတက်လာသလားဆိုတော့လည်း အဲဒီမှာလည်းအငြင်းပွားစရာ တွေအများကြီးရှိတယ်။ မီဒီယာလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ အွန်လိုင်းလွတ်လပ်ခွင့်တွေကစလို့ တကယ့်လူ့အခွင့် အရေးတွေဖြစ်တဲ့ကချင်မှာဖြစ်နေတာ၊ ရှမ်းမှာဖြစ်နေတာ၊ ရခိုင်မှာဖြစ်နေတဲ့ ပြဿနာတွေဟာအငြင်းပွားစရာတွေ၊ ဆွေးနွေးစရာ တွေ အများကြီးရှိနေတယ်။ လက်ရှိအခြေအနေတွေကို တစ်စုံတစ်ရာ ပြန်ပြီးတော့ သုံးသပ်မှုတွေမလုပ်လို့ရှိရင် (သုံးသပ်တဲ့နေရာ မှာ လည်း အားလုံးကိုခြုံငုံပြီးတော့ မသုံးသပ်ဘဲနဲ့ ဆန်စဉ်ရာ ကျည်ပွေ့လိုက်သလို) ဖြစ်နေမယ်ဆိုလို့ရှိရင် ပိုခက်မယ်။ ကျွန်တော် ကတော့ ဗိုလ်ချုပ်အောင်ဆန်းခေတ်ကလို လွတ်လပ်ရေးသည်ပထမ၊ လွတ်လပ်ရေးသည်ဒုတိယ၊ လွတ်လပ်ရေးသည် တတိယလို့ ဒီနေ့အချိန်မှာ လုပ်လို့မရဘူး။

ဒီနေ့ အချိန်မှာ ငြိမ်းချမ်းရေးသည်ပထမ၊ ငြိမ်းချမ်းရေး သည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယဆိုပြီး အဲလိုလုပ်လို့တော့မရဘူး။ ငြိမ်းချမ်းရေးလည်း အရေးပါတယ်။ စားဝတ်နေရေး စီးပွားရေးလည်း အလွန်အရေးပါတယ်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး လည်း အလွန်အရေးပါတယ်။ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ ဒီမိုကရေစီဘောင်ကျယ်ဖို့ ကိစ္စကလည်း အလွန်အရေးပါ တယ်။ ဒါတွေအကုန်လုံးကို ဆက်စပ်လုပ်ရမယ်။ အရေးပါဆုံးတစ်ခုကို လက်ရှိအခြေအနေမှာ ပြောပါဆိုရင်တော့ စားဝတ်နေ ရေးပဲ။ အဲဒီကိစ္စကို ဖြေရှင်းပေးနိုင်မယ်ဆိုရင်တော့ အခြေအနေတွေ အများကြီးကောင်းလာမယ်လို့ထင်ပါတယ်။ NLD အစိုးရက လူထုထောက်ခံမှုရှိပြီးသားလေ။

မေး။ ။ မြန်မာ့နိုင်ငံရေးမှာ သြဇာကြီးမားလှတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကို သူ့အောက်ကလူတွေက ဆွဲချနေတယ်လို့ ပြောဆိုသံတွေလည်း ကြားရပါတယ်။ ဒီလိုအသံတွေဘာ့ကြောင့် ထွက်လာရတာလဲဗျ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ထူးထူးခြားခြား သြဇာရော၊ အာဏာပါ နှစ်ခုစလုံးပိုင်စိုးတဲ့သူ။ အင်မတန်ရခဲ ပါတယ်။ ဒီလိုခေါင်းဆောင်မျိုး ကျွန်တော်တို့နိုင်ငံမှာရှိတယ်။ နိုင်ငံတကာကလည်း လေးစားကြည်ညိုတဲ့သူ။ တစ်ချိန်တည်းမှာပဲ အခုအစိုးရအဖွဲ့ကလည်း သူ့စိတ်ကြိုက်ဖွဲ့ထားတဲ့အဖွဲ့ဆိုတာလည်း ငြင်းမရပါဘူး။ အောက်ကလူတွေက သူ့ကို ဆွဲချတယ်ဆိုရင် သူရွေးထားတဲ့လူတွေက သူ့ကိုဆွဲချတာပဲဖြစ်ပါလိမ့်မယ်။ လက်ရှိအခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်ခြုံငုံမိရဲ့လား။ သတင်းတွေမှန်မှန်ကန်ကန်ရရဲ့လားဆိုတာကလည်း သိဖို့ခက်ပါတယ်။ အကယ်၍ဒေါ်အောင်ဆန်းစုကြည် သတင်းတွေကို မှန်မှန် ကန်ကန်မရဘူးဆိုရင်လည်း ဘယ်သူတွေကဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုသတင်းတွေကို ဦးစားပေးနေလဲဆိုတာကို လေ့လာဆန်းစစ်ရမှာဖြစ်ပါတယ်။ ချုပ်ပြောရရင် လူ့အဖွဲ့အစည်းမှာ သတင်းစီးဆင်းမှု ဒီ့ထက်ပိုပြီးတော့ မှန်ကန်ဖို့၊ မြန်ဆန်ဖို့၊ လူထုနဲ့ ခေါင်းဆောင်ပိုင်းနဲ့ သတင်းစီးဆင်းမှုမှန်မှန်ကန်ကန်ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲလိုဖြစ်ဖို့ဆိုရင် မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ သုတေသနအဖွဲ့တွေ၊ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေရဲ့ အခန်းကဏ္ဍက အများကြီးအရေးကြီးပါတယ်။ အဲဒီလူတွေရဲ့ သဘောထားအာဘော်တွေကို များများနားထောင် ပေးဖို့လိုပါတယ်။ နို့မိုဆိုရင် ကိုယ်ကြားချင်နေတဲ့ အသံတွေကို ပြန်ကြားနေပြီးတော့ နောက်ဆုံးခေါင်းဆောင်ကြီးက ဘာမှမသိဘူး။ အားလုံးဝိုင်းလိမ်နေတဲ့အဖြစ်မျိုး ရောက်သွားနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပညာရှင်တွေကို အားပေးတယ် ဆိုတဲ့နေရာမှာလည်း သူတို့ စကားတွေကို လက်ခံဖို့ ပြောနေတာမဟုတ်ပါဘူး။ နားထောင်ဖို့ပြောတာပါ။ အဲဒီလို နားထောင်တဲ့နေရာမှာလည်း အသင်းအဖွဲ့၊ မီဒီယာကပြောတိုင်း အမှန်မဟုတ်ပါဘူး။ မတူတဲ့အမြင်တွေကို နားထောင်ဖို့လိုပါတယ်။ ဒါခေါင်းဆောင်တွေရဲ့အလုပ်ပဲလို့ ထင်ပါတယ်။ ပြောရရင် ဈေးကွက်မှာကုန်ပစ္စည်း တွေအများကြီး ရှိသလို၊ နိုင်ငံရေးဈေးကွက်မှာလည်း အယူအဆတွေ၊ မူဝါဒတွေ၊ ပေါ်လစီတွေ အပြိုင်းအရိုင်း၊ အလုအယက်ပေါ်နေဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ရောင်တည်းခြယ်။ တစ်သွေးတည်း၊ တစ်ပုံစံတည်းဆိုရင်တော့ ရေရှည်မှာအခက်ကြုံရနိုင်ပါတယ်။

မေး။ ။ ဦးသိန်းစိန်တုန်းက ပြည်သူလူထုက ကိုယ်မကြိုက်တဲ့အစိုးရကို ပက်ပက်စက်စက်ပြောကြတယ်။ ရေးကြတယ်။ ဦးသိန်းစိန်အစိုးရက သူတို့လည်း လုပ်ချင်ရာလုပ်ခဲ့တယ်။ မီဒီယာတွေရေးတာလည်းအဖက်မလုပ်ခဲ့ဘူး။ NLD အစိုးရ တက်လာပြီး နောက်ပိုင်းအခြေအနေကို စောင့်ကြည့်ကြတယ်။ မဝေဖန်ကြဘူး။ မပြောရဲကြဘူး။ အခုကျတော့ ပြောင်ပြောင်တင်းတင်းကို ဝေဖန်လာကြတယ်။ ရေးသားလာကြတယ်။ အရင် ဦးသိန်းစိန်အစိုးရနဲ့ အခု NLD အစိုးရကို နှိုင်းယှဉ်ဝေဖန်ပါဦးဗျ။ ကိုမင်းဇင်ရဲ့ အားမနာတမ်းဝေဖန်တဲ့ အသံကို ကြားချင်လို့ပါ။

ဖြေ။ ။ ဦးသိန်းစိန် အစိုးရရဲ့ အကန့်အသတ်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ မမျှတဘူး၊ မတရားဘူး၊ မဲလိမ်မဲခိုးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြားထဲက ပေါ်လာတဲ့အစိုးရဖြစ်ပါတယ်။ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရဆိုတဲ့အမြင်ရှိတဲ့ အတွက်ကြောင့် သူ့ရဲ့ Legitimacy တရားဝင်မှုက အဲဒါကို ကျော်လွှားဖို့အတွက် ဦးသိန်စိန်အစိုးရက ပုံစံမျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ တစ်စုံတစ်ရာအောင်မြင်တယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ဒီ Legitimacy ပြဿနာကိုဖြေရှင်းဖို့ကြိုးစားတဲ့အခါမှာ တစ်စုံ တစ်ရာအောင်မြင်တယ်လို့ထင်တယ်။ ဥပမာ ငြိမ်းချမ်းရေးကိစ္စဆိုရင် ဦးသိန်းစိန်အစိုးရအဖွဲ့ကို အသိအမှတ်ပြုရမယ့်ကိစ္စပါ။ တစ်ချိန်တည်းမှာပဲ လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ မီဒီယာလွတ်လပ်ခွင့်၊ အသင်းအဖွဲ့နဲ့ပတ်သက်တဲ့ လွတ်လပ်ခွင့်တွေကို တစ်စုံ တစ်ရာဖွင့်ပေးခဲ့တာတွေရှိပါတယ်။ တစ်ချိန်တည်းမှာပဲ အင်မတန်မှအရေးကြီးတဲ့ ဆက်သွယ်ရေးကဏ္ဍမှာ တယ်လီဖုန်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့သုံးနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြည်သူလူထုက ဒီ့ထက်ပိုတဲ့ပြောင်းလဲမှုကိုလိုချင် ပါတယ်။ ဒီ့ထက်ပိုတဲ့ပြောင်းလဲမှုကိုလိုချင်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရဟာ ဦးသိန်းစိန်အစိုးရလောက်မှ ထင်ထင်ရှားရှားသက်သေပြစရာမရှိဘူးဆိုလို့ရှိရင် အရင်ခေတ်တွေကိုပြန်အပြစ်ပုံချပြီးတော့ လုပ်နေ တာလောက်နဲ့မလုံလောက်နိုင်ဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကိုရှိရပါမယ်။ စစ်အစိုးရလက်က ရုန်းထွက်လာတဲ့ ဦးသိန်းစိန် အစိုးရတောင် တစ်စုံတစ်ရာရွေ့အောင် ရွှေ့နိုင်တယ်ဆိုရင် အရပ်သားအစိုးရက ဒီ့ထက်ပိုပြီးဘာဖြစ်လို့မလုပ်နိုင်ရမှာလဲ။ အဲဒီ မေးခွန်းမေးတာ သဘာဝကျပါတယ်။ အဲဒီမေးခွန်းကို ထမင်းရည်ပူရှာလွှဲလုပ်ပြီးတော့ အနှစ် ၆ဝ ကျော်ဖြစ်ခဲ့တာတို့ အနှစ် ၅ဝ ဖြစ်ခဲ့တာတွေပြောတာက တာဝန်မဲ့ရာရောက်ပါတယ်။ ချုပ်ပြောရရင် ဦးသိန်းစိန်လက်ထက်မှာ ကချင်ပြည်နယ်မှာ စစ်ဖြစ်တဲ့အခါ ကျတော့ ဦးသိန်းစိန်က စစ်ကိုရပ်စဲဖို့ဆိုပြီးတော့ တစ်ဖက်သတ်ကြေညာပါတယ်။ တပ်မတော်ကလက်မခံပါဘူး။ တပ်မတော် ဘက်ကလက်မခံတဲ့အကြောင်းတရားတွေလည်း အများကြီးရှိပါတယ်။ ဘာပဲပြောပြောတိုင်းရင်းသားတွေဘက်က မြင်တာက တော့ အနည်းဆုံးတော့ ဦးသိန်းစိန်ဟာ တပ်ကိုကဏ္ဍကောစတိုက်ပြီးတော့၊ တပ်နဲ့အမြင်မတူတာကိုလုပ်ပြီးတော့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကြေညာရဲတယ်။ တပ်မတော်ကိုသာ အပြစ်တင်ကြဆိုတဲ့အထိဖြစ်ခဲ့ပါတယ်။ အခုအရပ်သားအစိုးရ လက်ထက်ကျတော့ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေ၊ ရှမ်းပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေ၊ ဘာလုပ်မှာလည်း၊ ဘယ်လို ဖြေရှင်းမှာလဲလို့မေးတိုင်းအရပ်သားအစိုးရဘက်ကရှင်းလင်းတဲ့ အဖြေမရဘူးလို့တိုင်းရင်းသားတွေဘက်က အမြဲပြောကြပါတယ်။ ဒါငြိမ်းချမ်းရေးမူဝါဒနဲ့ဆိုင်ပါတယ်။ ဒီနိုင်ငံမှာပြဿနာတွေဖြစ်လာတိုင်း ထမင်းရည်ပူရှာလွှဲလုပ်လို့မရပါဘူး။ ကာလတစ်ခုကြာ သွားလို့ရှိရင်ဖြစ်လာတဲ့ ပြဿနာအကုန်လုံးဟုကိုယ့်ပြဿနာဖြစ်လာပါတယ်။ ကိုယ့်ပြဿနာဖြစ်လာတာကလည်းဖြစ်သင့်ဖြစ် ထိုက်လို့ဖြစ်လာတာပါ။ အဲဒါကိုတာဝန်မခံဘူးဆိုရင် လူထုကိုကတိပေးပြီးတော့ ရွေးကောက်ပွဲဝင်တာတို့ ဘာတို့ကယုတ္တိမရှိပါ ဘူး။ နိုင်ငံရေးသမား အာဏာလိုချင်တယ်ဆိုတာ ပြုပြင်ပြောင်းလဲရေးလုပ်ချင်လို့၊ လုပ်ရင်လည်းအောင်မြင်မယ်လို့ တာဝန်ခံလို့ ယူတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒါကိုတောက်လျှောက်ပြောခဲ့ပါတယ်။

အဲတော့ ဝေဖန်တဲ့သူတွေကို အပြစ်တင်နေမယ့်အစား ကိုယ့်ဘာသာကိုယ် ဘယ်လိုကောင်းအောင်လုပ်မလဲဆိုပြီးတော့ ကြိုးစား သင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝေဖန်လေကန်နေမယ့်အစား ဝိုင်းလုပ်ပါလားလို့ ပြောတဲ့သူတွေလည်းရှိပါတယ်။ ဒါလည်း ယုတ္တိ မရှိပါဘူး။ ဘယ်လိုဝိုင်းလုပ်ရမှာလဲ။ နိုင်ငံတော်ယန္တရား၊ နိုင်ငံတော်အာဏာဆိုတာ အာဏာရှိတဲ့သူတွေက စီမံခန့်ခွဲရတာပါ။ ဘာ လုပ်စေချင်လို့လည်း ပြည်သူလူထုက တောင်းဆိုရမှာပါ။ ဒါပေမဲ့ လုပ်သမျှ ထောက်ခံပါလား၊ ဝိုင်းလုပ်ပါလားလို့ပြောတာ ကလည်း ယုတ္တိမရှိပါဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် သူ့လူတွေကို ယုံကြည်မှု ဘယ်လောက်ရှိလဲဗျ။ တချို့ကလည်း သူ့လူတွေရဲ့ Capacity ကို စိတ်မချလို့ အခုလို အခြေအနေတွေ ဖြစ်နေတာပါလို့ ပြောဆိုနေကြတယ်။ ကိုမင်းဇင် အမြင်က။

ဖြေ။ ။ အဲဒါတော့ ကျွန်တော် မသိနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သူ့အစိုးရအဖွဲ့ကို ဘယ်လောက်ယုံကြည်သလဲ။ ဘယ်လောက်အားကိုးသလဲဆိုတာလည်း ကျွန်တော်မသိနိုင်ပါဘူး။ ဒါပေမဲ့လည်း သူတစ်စုံတစ်ရာ ယုံကြည်လို့၊ အားကိုးမှုရှိလို့ ခန့်ထားတယ်လို့ပဲ ခန့်မှန်းလို့ရပါတယ်။ ယုံကြည်မှုအားကိုးမှုမရှိဘူးဆိုရင်လည်း အသင်းကိုအသစ်ပြန်ဖွဲ့ရမှာပါ။ ကျွန်တော်တို့ အနေနဲ့ မျှော်လင့်တာကတော့ ပြည်သူလူထုက Mandate ပေးထားတယ်။ အဲဒီ Mandate ကို ထိထိရောက်ရောက်သုံးဖို့လည်း လိုပါတယ်။ အဲဒါမှပဲ ပြည်သူလူထုအကျိုးရှိမှာပါ။ အရည်အသွေးပိုင်းဆိုင်ရာမှာလည်း အလားတူပါပဲ။ ဒီနိုင်ငံမှာ အဲဒီလောက်ကြီး အရည်အသွေးရှားပါးတယ်လို့လည်း ကျွန်တော်မထင်ပါဘူး။ သူ့နေရာနဲ့သူ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ အဓိကကတော့ အရည်အသွေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ပြဿနာတက်ခဲ့တာကတော့ သစ္စာစောင့်သိမှုနဲ့ အမိန့်နာခံမှု ကို ဘယ်လိုဟန်ချက်ညီအောင်ထိန်းမလဲဆိုတဲ့ ပြဿနာပါပဲ။ ခေါင်းဆောင်တွေဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်ကိုသစ္စာရှိတဲ့သူ၊ ကိုယ့်စကားနားထောင်တဲ့သူကို အနားမှာထားချင်တာ သဘာဝကျပါတယ်။ အပြစ်မတင်ပါဘူး။ ဒါအမှန်ပါပဲ။ ဒါပေမဲ့လည်း အရည်အသွေးနဲ့ သစ္စာစောင့်သိမှုကို ဘယ်လောက်အထိ ဟန်ချက်ညီအောင် ထိန်းနိုင်မလဲဆိုတာကလည်း အရေးပါပါတယ်။ အဲလိုမှမဟုတ်လို့ရှိရင် ဦးနေဝင်းရဲ့ လူကောင်းလူတော်ဝါဒလိုပဲ လူတော်မလိုချင်ဘူး၊ လူကောင်းကပိုအရေးကြီးတယ်။ လူကောင်း ဆိုတာဘာလဲ။ ငါ့ကို သစ္စာရှိတဲ့သူ။ ငါ့အမိန့်ကို နာခံတဲ့သူ ဆိုတဲ့ပုံစံမျိုး ဖြစ်သွားနိုင်ပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် အန်ကယ်ဦးဝင်းထိန်ကို ဘာဖြစ်လို့ဒီနေ့အချိန်ထိ ယုံကြည်ကိုးစားနေတာလဲဗျ။ ဦးဝင်းထိန် သူ့ ဘာသာသူ လျှောက်လုပ်နေတယ်ထင်လား။ ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်ပင်ပြီး လုပ်နေတယ်ထင်လား။ ဘယ်လိုထင်လဲဗျ။ ပြောပါဦး။

ဖြေ။ ။ ကျွန်တော်မသိတဲ့အကြောင်းအချက်တွေကို ထင်မြင်ချက်မပေးချင်ပါဘူး။ ပြောနိုင်တာတစ်ခုကတော့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို အားလုံးကလိုလားပါတယ်။ တပ်မတော်ကိုယ်တိုင်ကလည်း လုပ်သင့်တယ်။ တစ်ချိန်ချိန်မှာ လုပ်ရမယ်လို့ ယူဆထားပြီးသားပါ။ ပြည်သူလူထုကလည်း အခြေခံဥပဒေပြင်ချင်လို့ NLD ကို မဲပေးခဲ့တာပါ။ ဒါပေမဲ့ Institution တစ်ခု ဥပဒေ တစ်ခုကို မပြင်နိုင်ခင်မှာ လိုရင်လိုသလို၊ မလိုရင်မလိုသလိုတော့ ဟိုနှဲ့ ဒီနှဲ့လုပ်လို့တော့ မသင့်တော်ဘူးလို့ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီဥပဒေက ဒီလိုနေရာနဲ့ ဒီလူနဲ့ သက်ရောက်စေ။ ဟိုလူနဲ့ပတ်သက်ရင်တော့ ဟိုလိုသက်ရောက်စေလုပ်တယ်ဆိုရင် ဒါဟာ ဥပဒေစိုးမိုးမှုကို အကြီးအကျယ်စိန်ခေါ်တာပဲ။ ဒါကြောင့်မို့လို့ Institution တွေကို အခြေခံကျကျမပြင်နိုင်သေးတဲ့အချိန်မှာ အဲဒီ Institution ကို လိုသလိုလုပ်နေသလို မဖြစ်ဖို့အရေးကြီးပါတယ်။ နောက်တစ်ခုက ဒုဝန်ကြီးတစ်ယောက်ကို ရာထူးကဖယ်ရှား
လိုက်တယ်။ သူက ပညာရှင်တစ်ယောက်ဖြစ်တယ် ဆိုတာလူတိုင်းသိတယ်။ ဒီဘာသာရပ်ကို တကယ်ကျွမ်းကျင်တယ်။ သူ့မှာ စေတနာလည်းရှိပုံရပါတယ်။ ကျွန်တော်တွေးတာက အစိုးရကပညာရှင်တစ်ယောက်ကို အဲလိုနည်းနဲ့ ဖြုတ်လိုက်တယ်ဆိုလို့ရှိရင် နောက်ထပ်အစိုးရအဖွဲ့မှာ ဝင်လုပ်ဖို့ပညာရှင်တွေက အနည်းဆုံးတော့နှစ်ခါသုံးခါစဉ်းစားမှာပဲ။ ငါလည်း ဒီစိုက်ပျိုးရေးဒုဝန်ကြီးလို၊ ဒီပညာရှင်လိုဖြစ်သွားနိုင်တယ်လို့ တွေးမှာပါပဲ။ ပညာရှင်ဆိုတာက သူ့အတွက်လွတ်လပ်တဲ့၊ လုပ်ခင်းလုပ်ကွက်သာတဲ့ ဝန်းကျင် မှာ သူ့ကိုထားမှလုပ်ချင်ကိုင်ချင်စိတ်ရှိမှာပါ။ အဲလိုမဟုတ်ဘဲနဲ့ အာဏာလည်း မမက်ဘူး။ ငွေလည်းမမက်ဘူး။ ငါ့ပညာနဲ့ငါ တစ်စုံတစ်ရာအကျိုးပြုမယ်ဆိုပြီးလာတဲ့သူက ဒီလိုအခင်းအကျင်းမျိုးမှာ၊ ဒီအစိုးရဆီမှာဝင်လုပ်ဖို့အတွက် ခက်ခဲနိုင်ပါတယ်။ မဖြစ် ဘူးလို့ ကျွန်တော်မပြောပါဘူး။ အဲဒါမကောင်းပါဘူး။ အစိုးရအဖွဲ့၊ အစိုးရတစ်ရပ်မှာ ပညာတတ်တွေ၊ ပညာရှင်တွေပိုလိုတဲ့ အချိန် မှာ ပညာရှင်တစ်ယောက်ကို အဲလိုနည်းနဲ့ဖယ်ရှားမယ်ဆိုလို့ရှိရင် ကျန်တဲ့ပညာရှင်တွေပါ ဟန့်တားသလိုဖြစ်သွားနိုင်ပါ တယ်။ အဲဒီ ဟာကိုတော့ ကျွန်တော် အင်မတန်မှ စိတ်ပူပါတယ်။

မေး။ ။ စစ်အာဏာရှင်ကိုမကြိုက်လို့ ပြည်သူတွေက NLD ကို ပုံအောပြီး မဲပေးခဲ့ကြတယ်။ အပြောင်းအလဲကို တကယ်လိုချင်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အောပြီးမဲပေးခဲ့တယ်။ ဒီနေ့အချိန်မှာ ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ NLD အစိုးရက တိုင်း ပြည်စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုအပိုင်းတွေမှာ အားနည်းသွားရင်၊ နိုင်နင်းစွာမလုပ်ဆောင်နိုင်ရင် တိုင်းပြည်ဘာဖြစ်သွားနိုင်လဲဗျ။

ဖြေ။ ။ မြန်မာပြည်အနေအထားက ခက်ပါတယ်။ တစ်ဖက်ကတိုင်းပြည်မှာ မျှော်မှန်းချက်က (၂၁) ပင်လုံတို့၊ ဖက်ဒရယ် ပြည်ထောင်စုတို့ ပြောနေတဲ့အချိန်မှာ တစ်ဖက်မှာလည်း လုံခြုံရေးကဏ္ဍက ပိုပြီးရှေ့တန်းရောက်လာပါတယ်။ ရခိုင်ကိစ္စ။ နောက် အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ပထဝီနိုင်ငံရေးအရ ဆက်စပ်နေတဲ့ 'ဝ' လိုမျိုး။ မိုင်းလားလိုဒေသမျိုး။ ကျွန်တော်တို့ဆီမှာ စီးပွားရေး မပြေလည်မှု၊ မြို့ပြမလုံခြုံမှုတွေရှိသလိုမျိုး၊ နယ်စပ်ဒေသတွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာကလည်းရှေ့တန်းရောက်လာပါ တယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဖြစ်သင့်ဖြစ်ထိုက်ပြီး မျှော်မှန်းထားကြတဲ့ ဒီနိုင်ငံကိုဖက်ဒရယ်ပုံစံနဲ့သွားမယ် ဆိုတာ ထက် လုံခြုံရေးဦးစားပေးတဲ့ဘက်၊ လုံခြုံရေးဇောင်းပေးတဲ့ဘက်ကို ရောက်သွားနိုင်ပါတယ်။ လုံခြုံရေးဇောင်းပေးတဲ့ အနေအထား မျိုးတွေပိုဖြစ်လာရင်၊ မတည်ငြိမ်မှုဟာ စီးပွားရေးကြောင့်ပဲဖြစ်ဖြစ်၊ ရာဇဝတ်မှုကြောင့်ပဲဖြစ်ဖြစ်၊ နယ်စပ်ပဋိပက္ခတွေကြောင့်ပဲ ဖြစ်ဖြစ်ပိုပိုဖြစ်လာရင် လုံခြုံရေးတပ်ဖွဲ့တွေက ပိုအားကောင်းဖို့ရှိပါတယ်။ ဒါသဘာဝပါပဲ။ အဲဒီအခြေအနေကို အရပ်သားအစိုးရက မထိန်းသိမ်းနိုင်ရင်ဘူးဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့၊ လုံခြုံရေးအင်အားစုတွေ၊ လုံခြုံရေးတပ်ဖွဲ့ကို ဦးဆောင်တဲ့ပုဂ္ဂိုလ်များ ပိုပြီး တော့ အရေးပါလာမှာပါပဲ။ ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လွန်ကာလကို သူကိုယ် တိုင်စဉ်းစားမှသာလျှင် တိုင်းပြည်အတွက် စိတ်အေးရမယ်လို့ ထင်ပါတယ်။

ကျေးဇူးပါပဲ။

အွန်လိုင်းဝဏ္ဏ

The Speaker News Journal အတွဲ ၁ အမှတ် ၁
( ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၄- ၃၀ )

No comments:

Post a Comment