Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 21, 2016

လက်တွေ့လောကက ခေတ်သစ်ရှားလော့ဟုမ်း (သို့) Dr. Henry Lee


၁၉၉၃ခုနှစ် ဇန်နဝါရီလက အမေရိကန် အီလီနွိုင်းပြည်နယ် ချီကာဂိုမြို့ရဲ့အနောက်မြောက်အရပ်မှာရှိတဲ့ Palatine ဆိုတဲ့ရွာတစ်ရွာမှာ ခုနစ်လောင်းပြိုင်လူသတ်မှုတစ်ခုဖြစ်ခဲ့တယ်။ ဖြစ်ပုံက အဲဒီရွာမှာ Brown’s Chicken ဆိုတဲ့ fast food စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီစားသောက်ဆိုင်ရဲ့ဆိုင်ရှင်လင်မယားအပါအဝင် ဆိုင်ဝန်ထမ်း၅ယောက်တို့ဟာ ညတစ်ညမှာ အသတ်ခံလိုက်ရတယ်။
.
သက်ဆိုင်ရာနယ်မြေက ရဲတွေလာစစ်တော့ ဆိုင်ဝန်ထမ်းတွေဝင်ထွက်သွားလာတဲ့ ဆိုင်နောက်ကတံခါးကလွဲလို့ ကျန်တံခါးတွေ အားလုံးပိတ်ထားတာကို တွေ့ရတယ်။ ဒီအမှုဟာ ၆လကြာတဲ့အထိ ဘာသဲလွန်စမှမရခဲ့ဘူး။ ဒီလိုနဲ့ အမှုစစ်ရဲတွေက မှုခင်းဆေးသိပ္ပံပညာရှင်တစ်ဦးကိုရှာပြီး ဒီအမှုကို လာစစ်ဆေးပေးဖို့ ဖိတ်ခေါ်ခဲ့တယ်။
.
အဲဒီ မှုခင်းဆေးသိပ္ပံပညာရှင်ကလည်း အလုပ်အရမ်းများတဲ့သူ၊ တခြားအမှုတွေလည်း စစ်နေရသေးတာမို့ ၇လောင်းပြိုင်လူသတ်မှုအတွက် ချက်ချင်းမသွားနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ၆လကြာသွားပြန်တယ်။ အမှုဖြစ်ပြီး ၁နှစ်ကြာမှ ဒီမှုခင်းဆေးသိပ္ပံပညာရှင်က အမှုကိုလက်ခံပြီး ဖြစ်ပွားတဲ့နေရာကို သွားခဲ့တယ်။ ၁ နှစ်ကြာပြီဆိုတော့ အလောင်းတွေလည်း မြှုပ်လိုက်ပြီ။ သဲလွန်စဆိုလို့ ရိုက်ထားတဲ့ဓာတ်ပုံနဲ့ အမှိုက်ပုံးထဲက အမှိုက်ထုပ်တစ်ထုပ်ပဲကျန်တော့တယ်။
.
သဲလွန်စလည်းမကျန်ဘူး… ဖြစ်တာလည်း ၁ နှစ်ကြာပြီဆိုတော့ ဘယ်ကနေ စစစ်ဆေးရမှန်းမသိဖြစ်ခဲ့တယ်။ နောက်တော့ ကျန်ခဲ့တဲ့ အဲဒီအမှိုက်ထုပ်ကိုပဲ စစ်ဆေးဖို့ရှိတော့တယ်ဆိုတော့ တချို့က အံ့သြကြတယ်။ တစ်နှစ်ကြာ ရေခဲသေတ္တာထဲသိမ်းထားတဲ့ အဲဒီအမှိုက်ထုပ်မှာ ကြက်ကြော်နဲ့၊ အာလူးချောင်းကြော်တချို့ကလွဲပြီး ဘာမှထွေထွေထူးထူးမရှိဘူးပေါ့။
.
ဒါပေမယ့် အဲဒီမှုခင်းဆေးသိပ္ပံပညာရှင်က ရတယ်… အဲဒီအမှိုက်ထုပ်ကိုပဲစစ်မယ်ဆိုပြီး စစ်ပါလေရော။ အာလူးချောင်းကြော်ကို သူရေတွက်ကြည့်တယ်… ကြက်ကြော်ဘယ်နှတုံးလဲ၊ ကြက်ပေါင်လား၊ ကြက်ရင်အုံလား၊ ကြက်တောင်ပံလား သူရွေးကြည့်တယ်။ ရွေးကြည့်ပြီးတော့ ဒါဟာ တစ်ပွဲစာ၊ လူတစ်ယောက်စာအတွက် အစားအစာဖြစ်တယ်လို့ သူပိုင်းဖြတ်တယ်။
.
တစ်ပွဲစာဆိုပေမယ့် ကြက်တောင်ပံတစ်ချောင်းကတော့ ပိုနေတယ်။ ဒီအစားအစာတွေကို ဘယ်အချိန်မှာ လာဝယ်လို့ ရောင်းလိုက်သလဲဆိုပြီး ငွေသိမ်းတဲ့စာရင်းကိုကြည့်ကြည့်တော့ ည ၉နာရီ ၇မိနစ်မှာ လာဝယ်ထားတာတွေ့ရတယ်။ တကယ်ဆို ဒီဆိုင်က ည ၉ နာရီဆိုပိတ်ပြီ။ ဆိုင်ပိတ်ပြီဆိုတာနဲ့ ဘယ်သူလာဝယ်ဝယ် ရောင်းတော့တာမဟုတ်ဘူး.. ဒါပေမယ့် ဒီအစားအစာတွေကို ည ၉နာရီ ၇ မိနစ်မှာ ရောင်းလိုက်တယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် ဒါဟာ လူရင်းထဲက လာဝယ်တာဖြစ်ရမယ်လို့ အဲဒီပညာရှင်က ပိုင်းဖြတ်ပြန်တယ်။
.
အဲဒီနောက် စားထားတဲ့ ကြက်ကြော်တွေကို သူကြည့်ပြန်တယ်။ ကြက်ပေါင်ကို တစ်ကိုက်ပဲကိုက်ထားတယ်၊ ကြက်တောင်ပံကိုကျတော့ အကုန်စားပြီး တောင်ပံအရိုးထိပ်ကိုပါ ကိုက်ထားတာတွေ့လိုက်တယ်။ လူမျိုးတွေမှာ မတူတဲ့အကြိုက်တွေရှိကြတယ်။ ကြက်သားချင်းအတူတူ တချို့လူမျိုးက ကြက်တောင်ပံကိုပိုကြိုက်တယ်၊ တချို့က ရင်အုံကိုပိုကြိုက်တယ်၊ တချို့က ပေါင်သားကို ပိုကြိုက်တယ်။ ဒီလိုနဲ့ အဲဒီပညာရှင်က ဘယ်လိုလူမျိုးက ကြက်တောင်ပံကို ပိုကြိုက်တတ်သလဲဆိုပြီး လေ့လာကြည့်တော့ စပိန်လူမျိုးတွေက ကြက်တောင်ပံပိုကြိုက်တတ်တယ်ဆိုတာကို တွေ့လိုက်တယ်။ အဲဒီမှာ လူသတ်တရားခံဖြစ်နိုင်ချေရှိသူဟာ ဒီဆိုင်ရှင်နဲ့ရင်းနှီးသူဖြစ်ရမယ်၊ စပိန်လူမျိုးဖြစ်ဖို့များတယ်လို့ သူပိုင်းဖြတ်လိုက်ပြန်တယ်။
.
အဲဒီနောက် စားထားတဲ့ ကြက်တောင်ပံကနေ တရားခံရဲ့ DNA ကို ယူတယ်။ ဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့လူတွေကများတော့ တစ်ယောက်ချင်း DNA လိုက်မစစ်နိုင်ခဲ့ဘူး။ မှုခင်းဆေးသိပ္ပံပညာရှင်ကတော့ ဖြစ်နိုင်ချေရှိတဲ့အရာတွေ ဖော်ထုတ်ပေးခဲ့ပေမယ့် ဖမ်းတဲ့အလုပ်က ရဲတွေရဲ့အလုပ်မို့ ဒီအမှုက တရားခံမပေါ်ဘဲ နှစ်တော်တော်ကြာသွားခဲ့တယ်။
.
ဘယ်လောက်အထိနှစ်ကြာသွားသလဲဆို ၁၅နှစ်လောက်ကြာခဲ့တယ်။ ၁၅နှစ်ကြာလို့ ၂ဝဝ၇ခုနှစ်ရောက်မှ အဲဒီကြက်တောင်ပံကနေယူထားတဲ့ DNA နဲ့တူတဲ့ တရားခံကိုဖမ်းမိတယ်။
.
မှုခင်ဆေးသိပ္ပံပညာရှင် ခန့်မှန်းခဲ့သလိုပဲ အဲဒီတရားခံဟာ အဲဒီဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးသူဖြစ်တယ်၊ ပြီးတော့ စပိန်လူမျိုးဖြစ်တယ်။ အလုပ်ထွက်ခဲ့ပြီးနောက် ဆေးဖိုးလိုလို့ အပေါင်းအဖော်တစ်ယောက်နဲ့ အဲဒီဆိုင်မှာ အစားလာစားသလိုလိုနဲ့ ဒေါ်လာ ၂ဝဝဝ လောက်ကိုလုပြီး လူခုနစ်ယောက်ကို သတ်ခဲ့တာဖြစ်တယ်။
.
တစ်နေ့က ကမ္ဘာကျော်စုံထောက်တစ်ယောက်အကြောင်းရေးမယ်လို့ ကျွန်မစကားစခဲ့တယ်။ စုံထောက်ဆိုတာထက် မှုခင်းဆေးသိပ္ပံပညာရှင်ဆို ပိုမှန်တယ်။ သူ့အကြောင်းကို ကျွန်မနည်းနည်းပဲဖတ်ဖူးတယ်။ ပိုပြည့်ပြည့်စုံစုံသိချင်တာနဲ့ သူ့ကိုအင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်တွေကို ဒီနှစ်ရက်အတွင်း youtube မှာ မြေလှန်ရှာပြီး ကျွန်မကြည့်ပစ်လိုက်တယ်။ အပေါ်က ကျွန်မပြောတဲ့ ခုနစ်လောင်းပြိုင်လူသတ်မှုက သူဖော်ထုတ်ခဲ့တဲ့အမှုတွေထဲက တစ်ခုဖြစ်တယ်။
.
အဲဒီ မှုခင်းဆေးသိပ္ပံပညာရှင်က ဘယ်သူလဲ…
.
သူ့ကို လူတွေက Dr. Lee လို့ခေါ်ကြတယ်။ သူ့နာမည်အပြည့်အစုံက Dr. Henry Lee ဖြစ်တယ်။ တချို့ကလည်း သူ့ကို ခေတ်သစ်ရှားလော့ဟုမ်းတဲ့။ ဒီနှစ်မှာ သူအသက် ၇၈ နှစ်ရှိပြီဖြစ်တယ်။ သူဟာ တစ်ကမ္ဘာလုံးမှာ ဈေးအကြီးဆုံးပေးရတဲ့ မှုခင်းဆေးပညာရှင်တွေထဲကတစ်ဦးဖြစ်တယ်။ ပြောစကားအရ သူ့ရဲ့လုပ်အားခက တစ်နာရီမှာ ဒေါ်လာ ၁သောင်းလို့ဆိုတယ်။ ဖော်ထုတ်လို့မရတဲ့ အမှုမှန်သမျှ သူ့လက်ထဲရောက်ရင် အကုန်ပေါ်တယ်။ ဒါကြောင့် သူဟာ တရားခံတွေကို အိပ်မပျော်စေတဲ့သူလို့ ဆိုစမှတ်ရှိကြတယ်။
.
သူအမှုလိုက်စစ်ဆေးခဲ့တဲ့ နိုင်ငံပေါင်း ၅ဝကျော်ရှိခဲ့တယ်။ အမှုပေါင်း ၈ဝဝဝ ကျော်ကို ဖော်ထုတ်ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာအနှံ့က သူ့ဆီအကူအညီတောင်းတဲ့အမှုပေါင်း ၂သောင်းကျော်ရှိခဲ့တယ်။ အဲဒီထဲက အမှု ၃၊ ၄ ရာလောက်ပဲ သူလက်ခံခဲ့တယ်။ များသောအားဖြင့် ငွေကြေးမယူတဲ့ ပရဟိတအမှုလိုက်ခြင်းနဲ့ သူကူညီခဲ့တာများတယ်။ အငြိမ်းစားယူခဲ့ပေမယ့် ဌာနက ပြန်ပြန်လာခေါ်လို့ သူ့တစ်သက်မှာ အငြိမ်းစားသုံးကြိမ်ယူခဲ့ရတယ်။ အငြိမ်းစားယူပြီးလည်း သူငြိမ်ငြိမ်မနေခဲ့ဘူး။ သူ့အတွေ့အကြုံနဲ့ သင်တန်းပို့ချတာမျိုး၊ ကမ္ဘာလှည့်ပြီး ဟောပြောတာမျိုးတွေလုပ်နေခဲ့တယ်။
.
ဒေါက်တာလီဆိုတာ ဘယ်သူလဲ..
ဘာကြောင့် သူ့ကို ခေတ်သစ်ရှားလော့ဟုမ်းလို့ တင်စားသလဲ…
ဘာကြောင့် ကမ္ဘာကသူ့ကို ဒီလောက်လိုနေသလဲ…
ဘာကြောင့် သူဒီလောက်တော်ရသလဲ…
သူ့အကြောင်းအကျဉ်းကို ကျွန်မတို့ ဆက်ဖတ်ကြည့်ရအောင်…
.
ဒေါက်တာလီကို ၁၉၃၈ခုနှစ် နိုဝင်ဘာလမှာ တရုတ်ပြည်ကျန်စူးပြည်နယ်မှာ မွေးဖွားခဲ့တယ်။ မွေးချင်း ၁၃ယောက်ရှိတဲ့ထဲမှာ သူက ၁၁မြောက်ဖြစ်တယ်။ သူ ၄နှစ်အရွယ်ရောက်တော့ တစ်မိသားစုလုံး ထိုင်ဝမ်ကျွန်းကိုပြောင်းသွားခဲ့တယ်။ သူ ၁၁ နှစ်အရွယ်မှာ သူ့ဖခင် သဘောင်္မြှုပ်ပြီးကွယ်လွန်ခဲ့တယ်။ သူ့အမေတစ်ယောက်တည်းပဲ သားသမီး ၁၃ယောက်ကို ရှာကျွေးခဲ့တယ်။ သူ့အမေက ဒီနှစ်မှာ အသက် ၁ဝ၉နှစ်နဲ့ ကျန်းကျန်းမာမာရှိတုန်းပါ။
.
သူ့တို့မိသားစုမှာ ဒေါက်တာလီတစ်ယောက်တည်းပဲ Dr.(PhD) ဘွဲ့ရမဟုတ်ပါဘူး.. သူတို့မောင်နှမ ၁၃ယောက်လုံးက Dr.ဘွဲ့ရတွေပါ။ အားလုံးက ရှေ့နေ၊ သိပ္ပံပညာရှင်၊ သုတေသနပညာရှင်၊ တက္ကသိုလ်ပါမောက္ခ၊ အနုပညာရှင်၊ အဝတ်အစားဒီဇိုင်းပညာရှင်တွေအဖြစ် အသက်မွေးဝမ်းနေကြပါတယ်။ ဒေါက်တာလီကတော့ Dr.ဘွဲ့ချည်း ၂၃ခုရခဲ့ပါတယ်။ ဟိုကချီးမြှင့် ဒီကချီးမြှင့်နဲ့ တချို့ဘွဲ့တွေက ဘာအတွက်နဲ့သူ့ကိုချီးမြှင့်မှန်း သူလည်းမသိခဲ့ပါဘူး။
.
မိခင်တစ်ယောက်တည်း သားသမီး ၁၃ယောက်ကို ကျွေးမွေးရလို့ အိမ်စီးပွားရေးကြပ်တည်းခဲ့တယ်။ ဒါကြောင့် ဒေါက်တာလီက ကျောင်းလခပေးစရာမလိုတဲ့ ရဲသင်တန်းကျောင်းကိုတက်ခဲ့ပါတယ်။ ထိုင်ဝမ်မှာ ရဲသားအဖြစ် ၅နှစ်တာဝန်ထမ်းခဲ့တယ်။ သူ့ရဲ့ထက်မြက်ထူးချွန်မှုကြောင့် ပထမနှစ်မှာပဲ တပ်ကြပ်အဆင့် ရာထူးတိုးခံခဲ့ရတယ်။ ထိုင်ဝမ်ကျွန်းမှာ အသက်အငယ်ဆုံး ရဲတပ်ကြပ်အဖြစ် မှတ်တမ်းတင်ခံခဲ့ရတယ်။
.
အလုပ်ဝင်နေချိန်အတွင်းမှာပဲ အိမ်ထောင်ရေးကိုလည်း သူထည့်တွက်စဉ်းစားခဲ့တယ်။ ထိုင်ဝမ်ရောက် မလေးရှားဖွား တရုတ်ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းသူချစ်ခဲ့ပြီး လက်ထပ်လိုက်တယ်။ အခုချိန်မှာ သူတို့ရဲ့မင်္ဂလာသက်တမ်းက ၅၆နှစ်ရှိပြီဖြစ်တယ်။
.
အသက် ၂၇နှစ်မှာ ဒေါက်တာလီဟာ ဇနီးမယားကိုခေါ်ပြီး အမေရိကန်ကိုကျောင်းတက်ဖို့ ရောက်လာခဲ့တယ်။ ရောက်လာစက အင်္ဂလိပ်စကား မတတ်တခေါက်နဲ့ ကျောင်းတစ်ဘက်တက်ရင်း တစ်ဘက်မှာ စားပွဲထိုးလုပ်တယ်၊ သိုင်းသင်တန်းဖွင့်တယ် (ရဲလုပ်တုန်းက ခါးပတ်နက်အထိ သိုင်းမသင်မနေရ သင်ခဲ့ရတယ်လို့ဆိုတယ်)၊ လက်တွေ့စမ်းသပ်သူလုပ်တယ်။ ၄ နှစ်နဲ့ပြီးမယ့်ကျောင်းကို ၂နှစ်တည်းနဲ့ပြီးအောင် သူတက်ခဲ့တယ်။
.
အမေရိကားရောက်ပြီး ၁ဝနှစ်အတွင်းမှာ ဘဝကပင်ပန်းခက်ခဲခဲ့ပေမယ့် နယူးယောက်တက္ကသိုလ်ကနေ သူဒေါက်တာဘွဲ့ရအောင် ယူခဲ့တယ်။ သူရွေးချယ်ခဲ့တဲ့ဘာသာက သိပ္ပံဘာသာရပ်နဲ့တွဲထားတဲ့ လူအရွေးနည်းတဲ့ မှုခင်းစစ်ဘာသာရပ်ဖြစ်တယ်။ တစ်ဘက်ကလည်း ရဲလုပ်ခဲ့ဖူး၊ တစ်ဘက်ကလည်း စိတ်ဝင်စားမှုရှိတာကြောင့် အဲဒီပညာရပ်နဲ့ သူ့ဘဝခရီးလမ်းကို စသင်ခဲ့တယ်။
.
တစ်ချိန်တုန်းက အမေရိကန်ရဲ့ဥပဒေဟာလည်း လာဘ်စားမှု၊ ဘက်လိုက်မှုတွေရှိခဲ့တယ်။ ဒါပေမယ့် ကြိုးစားမှုရှိတဲ့သူ့အတွက် အခွင့်ကောင်းအခါကောင်းက ရောက်လာခဲ့တယ်။
.
၁၉၉၄ခုနှစ် ဇွန်လမှာ အမေရိကန်ပြည်သူတစ်ရပ်လုံး လက်ထဲကအလုပ်တွေကိုချ၊ တချို့က အစည်းအဝေးတွေပိတ်သိမ်းပြီး တီဗီသတင်းကိုပဲ စူးစိုက်ခဲ့ကြတယ်။ အဲဒီတုန်းက ကမ္ဘာကိုဟိုးဟိုးကျော်သွားခဲ့တဲ့ အမှုတစ်ခုဖြစ်ပွားခဲ့တယ်။ နာမည်ကျော် အမေရိကန်ဘောလုံးကစားသမား O.J. Simpson က သူနဲ့ကွာရှင်းထားတဲ့ သူ့မိန်းမကိုသတ်တဲ့အမှုဖြစ်တယ်။ အဲဒီအမှုမှာ ရဲတွေက Simpson ကို လူသတ်တရားခံအဖြစ် စွပ်စွဲခဲ့တယ်။ (ဒီနေရာမှာ ဒီအမှုကို ကျွန်မအသေးစိတ်မပြောတော့ဘူး။ စိတ်ဝင်စားရင် youtube မှာ မှတ်တမ်းရုပ်ရှင်အဖြစ် ရှာကြည့်နိုင်ပါတယ်။)
.
နောက်ဆုံး ဒီအမှုမှာ ဒေါက်တာလီဝင်ပါခဲ့ရပါတယ်။ အမှုဖြစ်ပွားနဲ့နေရာက ကျတဲ့သွေးစက်၊ တရားခံပစ်ထားခဲ့တဲ့ သွေးစွန်းတဲ့လက်အိတ်၊ ဖိနပ်ရာတွေကနေတဆင့် Simpson ဟာ တရားခံမဟုတ်ကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်။ ဒီအမှုအပြင် သမ္မတဟောင်း ကလင်တန်ရဲ့ မော်နီကာလိင်ဇာတ်ရှုပ်မှု အဖြစ်မှန်ကို ဒေါက်တာလီဖော်ထုတ်နိုင်ခဲ့သလို၊ ကိုယ့်သူငယ်ချင်းကိုသတ်တဲ့ တရားခံအဖြစ်စွပ်စွဲခံရတဲ့အမှုမှာ ကလင်တန်အပြစ်မဲ့ကြောင်းလည်း သက်သေပြဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါတွေဟာ လူသိများတဲ့ ဒေါက်တာလီအောင်မြင်စွာဖော်ထုတ်နိုင်ခဲ့တဲ့ အမှုတွေထဲက အမှုတချို့ဖြစ်တယ်။
.
သူအမှုစစ်ပုံတွေကို စိတ်ဝင်စားရင် Trace Evidence ဆိုတဲ့ သူ့လိုက်ခဲ့တဲ့အမှုတွေနဲ့ သူပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်သံစီးရီးကိုရှာကြည့်နိုင်သလို သူ့ရဲ့ Documentry တွေကိုလည်း youtube မှာရှာကြည့်နိုင်ပါတယ်။ အလောင်းဖျောက်ထားတဲ့အမှုတွေကို သွေးစက်တွေကနေ၊ လက်ဗွေတစ်ပိုင်းတစ်စတွေကနေတောင် သူဖော်နိုင်ခဲ့ပါတယ်။ အနှစ် ၃ဝကြာတဲ့အမှုတွေတောင် သူဖော်နိုင်ခဲ့ပါတယ်။ ကျွန်မကတော့ စိတ်ဝင်စားလို့ ရှာနိုင်သမျှ ရှာကြည့်ပြီးပြီ။ နောက်မှ တစ်ပိုဒ်ချင်းစီရေးပြီး ဖြည်းဖြည်းချင်း ကျွန်မမျှဝေသွားပါမယ်။ ဒီမှာတော့ စာရှည်သွားမှာစိုးလို့ မရေးတော့ပါဘူး။
.
အခုချိန်မှာ အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာလီဟာ ကမ္ဘာပတ်ပြီး ဟောပြောမှု၊ သင်တန်းပို့ချမှုတွေ လုပ်နေပါသေးတယ်။ မနက် ၅နာရီမှထပြီး တစ်နေ့ကို ၁၆နာရီ သူအလုပ်လုပ်နေပါသေးတယ်။ သူဟာ ငွေလိုလို့ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ အမြင့်ဆုံးရာထူးကိုလိုချင်လို့လည်း မဟုတ်ပါဘူး။
.
သူ့အင်တာဗျူးတစ်ခုမှာ သူဒီလိုဖြေခဲ့ဖူးပါတယ်… “ကျွန်တော့်ကို အမြင့်ဆုံးရာထူးသူတို့ပေးကြတယ်.. ကျွန်တော်ငြင်းခဲ့တယ်၊ မကြာခဏပေးတယ်၊ ကျွန်တော်ငြင်းခဲ့တာချည်းပဲ။ အမြင့်ဆုံးရာထူးရရင် တာဝန်ပိုကြီးတယ်။ တစ်နေ့ကို အစည်းအဝေးချည်း ၃ဝခုလောက်တက်ရတယ်။ ပြည်သူတွေကို ချစ်ခင်ရင်းနှီးဟန်ပြပြီး ပွေ့ဖက်ရတယ်၊ ကလေးတွေကို နမ်းရှုံ့ရတယ်။ တကယ်လို့ ကျွန်တော်အလုပ်ပြီး အိမ်ပြန်လို့ မိန်းမက ဒီနေ့ဘာတွေလုပ်ခဲ့သလဲမေးရင် အစည်းအဝေး အခု ၃ဝတက်ခဲ့တယ်။ မိန်းမ အယောက် ၂ဝကိုပွေ့ဖက်ခဲ့တယ်။ ကလေး ၁၅ယောက်ကို နမ်းခဲ့တယ်လို့ပဲ ဖြေရမှာ ဒါကြောင့် မလုပ်ချင်ဘူး” လို့ သူက ဟာသနှောပြောခဲ့ပါတယ်။ သူ့ရဲ့ဟောပြောပွဲ၊ သင်တန်းပို့ချပွဲ၊ အမှုစစ်တာတွေက များသောအားဖြင့် အခမဲ့တွေများတယ်။ သူက သူလုပ်ချင်တဲ့အလုပ်ကိုပဲ သူလုပ်နေရရင် ကျေနပ်ပါပြီလို့ ဆိုတယ်။
.
အလုပ်တစ်ခုကို တစ်စိုက်မတ်မတ်နဲ့ အသက်အိုမင်းတဲ့အထိ ဘယ်သူလုပ်နိုင်ခဲ့မလဲ…
.
ကိုယ်လုပ်တဲ့အလုပ်အပေါ် အာရုံစူးစိုက်မှုနဲ့ စိတ်အားထက်သန်မှုက သူ့ကို သာမန်လူတစ်ယောက်မဟုတ်တဲ့ သာမန်လူတစ်ယောက်အဖြစ်နဲ့ ကျော်ကြားထင်ရှားအောင်မြင်စေခဲ့တာဖြစ်မယ် ထင်ပါတယ်။

------------
Ref;
https://en.wikipedia.org/…/Henry_Lee_%28forensic_scientist%… [https://en.wikipedia.org/wiki/henry_lee_%2528forensic_scientist%2529&h=-aqfv8ryeaqhv2jkxhrtlj3bnhx9ymb8vcleaymtvkvknga&enc=azmiiui7katcilzh2jyb74znnsyrm0epjr96svojkgajoqk8eaxfhr-sgdqj7vdroypejk3blrawavl-sp5esmyfqg7mdquwl8ks47awi73a4tdkq7qnfoiz4ysrzcwr5b1wtxzdzljbbjg6fvfuzfaoqnhvlbxtqxbvczolotipfzoz12z24rvwbhssu2phvynzvcx4tuz70ihscriatjon&s=1_hackersafe]


https://en.wikipedia.org/wiki/Brown's_Chicken_massacre [https://en.wikipedia.org/wiki/brown%27s_chicken_massacre&h=naqga9an-aqg3jje9osne8ioh0ax4pmgrqsvny4-wubqijg&enc=aznvdk4vbgv8srs6rtejf2qwipvuo_b4lijzut8qbedpvf_scw5w_oss9bjoau8ma8axrlxspybbvdhmv5dzxcizqcu2idzf-tq9nfnr7nnps0zdjhu_hdjd4pz6gpah4zqdaglwfsh6bze8ig2hgmnujyxrmhekoghutwgfixa_gnphatxgk0fevj6xdjw1maj8rasowrehtxyxesxbdwwv&s=1_hackersafe]


https://www.youtube.com/watch?v=QG5CPhGoT3M&t=2181s [https://www.youtube.com/watch%3fv%3dqg5cphgot3m%26t%3d2181s&h=waqhovqauaqh6enwdl43c8pcr6xir9dorg7jownlwaftzgw&enc=azpn4foiogg9kfp5nabhrigjrpuztckhcmrbkyyul_xboongaaeulbybhf4o_bgfqi_jkwhj5ewkromeubirz0sfftk8orsmen_trjuhgiyqfs3f9u18_f2ohohwuw9qx88_tko2p1cw5jryfclf61f1arpeghqmmwcykaujwnmngwk2aai4f2noigzfg-ynhdtws-8zvdhng7cvp7nncoru&s=1_green]

--------
ဗဟုသုတအလိုငှာ ဖတ်မိ၊ ကြည့်မိသမျှ ဘာသာပြန်မျှဝေပါတယ်..

#NineNineSaNay (Nov. 21. 2016)
.

No comments:

Post a Comment