Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 3, 2016

ဗီဒီယိုသတင်းထောက်မလေး ခင်စုကြည်


    မျိုးဆက်   |   Thursday, 03 November 2016

ခင်စုကြည်ကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မြန်မာတိုင်း(မ်)မှာ တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)ခင်စုကြည်ကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မြန်မာတိုင်း(မ်)မှာ တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံမှာ အမျိုးသမီးဗီဒီယိုသတင်းထောက်တွေ အများကြီး မရှိသေးပါဘူး။

အထူးသဖြင့် တစ်ကိုယ်တော်ကင်မရာကိုင်ပြီး သတင်းတွေလိုက်တဲ့သူမျိုးပေါ့။

အဲဒီထဲမှာမှ ဗီဒီယိုသတင်းထောက်လည်းဖြစ်တဲ့အပြင် မှတ်တမ်းရုပ်ရှင်ကားတွေကို ရိုက်ကူးတဲ့
သူမျိုးဆို ပိုပြီးတော့တောင် နည်းမယ်လို့ထင်ပါတယ်။

ဒီလိုလူနည်းစုထဲက တစ်ယောက်ကတော့ အသက် ၂၃ နှစ်အရွယ် မခင်စုကြည်ပါပဲ။

သူက တစ်ကိုယ်တော် ဗီဒီယိုသတင်းထောက်အလုပ်ကို လုပ်ကိုင်နေသူဖြစ်သလို ၀ါသနာအရ
မှတ်တမ်းရုပ်ရှင်တွေကို ဖန်တီးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ရန်ကုန်ဇာတိဖြစ်ပြီး လက်ရှိမှာတော့ မဇ္ဈိမသတင်းဌာနမှာ Woman In Myanmar Society ဆိုတဲ့
အစီအစဉ်ကို တာဝန်ယူ ရိုက်ကူးနေတဲ့ ဗီဒီယိုသတင်းထောက်အဖြစ် လုပ်ကိုင်နေပါတယ်။

ဖခင်ကလည်း ဗီဒီယိုသတင်းထောက် ဖြစ်ပြီး ဒီဗီဘီသတင်းဌာနမှာ လုပ်ကိုင်နေတဲ့သူ ဖြစ်ပါတယ်။

"အဖေက အရင်က ဂစ်တာတီးသမားပေါ့။ ၁၉၉၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက်
သီချင်းရေးပေးလို့ ထောင်ခုနစ်နှစ် ကျခံခဲ့ရတယ်။ ၂၀၀၇ ခုနှစ်မှာ မြန်မာနိုင်ငံမှာနေပြီး
ဗီဒီယိုသတင်းထောက်အနေနဲ့ ဒီဗီဘီကို သတင်းတွေ ပို့ပေးတယ်။ အဲဒီလို သတင်းတွေ
ပို့တဲ့အတွက်လည်း အဖမ်းခံခဲ့ရတယ်။ ၂၀၁၂ မှာတော့ ပြန်လွတ်လာခဲ့တယ်"လို့
သူ့ရဲ့ ဖခင်အကြောင်းကို ခင်စုကြည်က ပြောပြပါတယ်။

"အဖေဆီကနေလည်း ဒီဗီဒီယိုသတင်းထောက် အလုပ်ကို စိတ်ဝင်စားလာတယ်လို့
ပြောလို့ရတယ်"လို့လည်း သူက ဆိုပါတယ်။

အလုပ်လုပ်နေရင်းနဲ့ ဥပဒေမေဂျာအဓိကနဲ့ အဝေးသင်တက္ကသိုလ် တတိယနှစ်ကို တက်နေရင်း
ပညာဘက်ကိုလည်း အားစိုက်နေသူတစ်ယောက်ပါ။

"ဒီမီဒီယာလောကထဲကို အရင်ဆုံးဝင်လာခဲ့တာက ၂၀၁၃ ခုနှစ်မှာပေါ့။ အဲဒီတုန်းက သမဂ္ဂဂျာနယ်မှာ
အလုပ်သင်သတင်းထောက်အနေနဲ့ အရင်လုပ်ခဲ့တယ်။ အဲဒီကနေ ထွက်ပြီး ၂၀၁၄ ခုနှစ်မှာ
မြစ်မခမီဒီယာမှာ ဗီဒီယိုသတင်ထောက်အနေနဲ့ လုပ်တယ်။ ၂၀၁၅ ရောက်တော့ မဇ္ဈိမသတင်းဌာနမှာ
ဗီဒီယိုသတင်းထောက်အနေနဲ့ လုပ်လာတာ အခုအချိန်ထိပဲပေါ့"လို့ ဆိုပါတယ်။

ခင်စုကြည်ဟာ သတင်းထောက်လုပ်နေရင်းနဲ့ ဓာတ်ပုံရိုက်ရတာကို ၀ါသနာပါလာတာကတစ်ဆင့်
ဗီဒီယိုရိုက်ကူးမှုအပိုင်းကို စိတ်ဝင်စားလာသူဆိုလည်း မမှားပါဘူး။

"ဗီဒီယိုရိုက်ကူးတာနဲ့က အိမ်မှာလည်း အဖေရှိတော့ မစိမ်းဘူး။ တချို့သတင်းတွေဆို အဖေ မရှိတဲ့အခါ
ကိုယ်က သွားရိုက်ပေးတယ်။ အဲဒီလိုက နေတစ်ဆင့် ပိုစိတ်ဝင်စားလာတယ်"လို့ သူက
ပြောပြပါတယ်။

ဖခင်ဖြစ်သူက ဗီဒီယိုသတင်းထောက်လုပ်ခဲ့တာမို့ ထောင်ကျခဲ့ရပေမဲ့ သူကိုယ်တိုင် ဒီအလုပ်ကိုလုပ်တဲ့
အခါမှာလည်း စိုးရိမ်စိတ်မရှိခဲ့ဘူးလို့ ခင်စုကြည်က ဆိုပါတယ်။

"ကိုယ်တိုင်က ဗီဒီယိုသတင်းထောက်ဖြစ်ချင်လို့ ဒီအလုပ်ကို ရွေးချယ်ခဲ့တာ။
နောက် ဗီဒီယိုသတင်းထောက်လုပ်တိုင်းလည်း ထောင်ကျတာမှ မဟုတ်တာ။ အခုခေတ်
အနေအထားနဲ့ဆို ပိုပြီးတော့ လွတ်လပ်လာတယ်။ ဒါပေမဲ့ စလုပ်တုန်းကတော့ အမေက စိတ်ပူတယ်။
ညီမကို တခြားအလုပ်လည်း ပြောင်းခိုင်းတယ်။ အဖေကတော့ အားပေးတယ်"လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း အမျိုးသားတွေအများစု လုပ်ကိုင်ကြတဲ့ နယ်ပယ်တစ်ခုမှာ မိန်းမငယ်လေး
တစ်ယောက်အနေနဲ့ ရင်ပေါင်တန်းပြီး အလုပ်လုပ်ရတဲ့အခါမှာ စိန်ခေါ်မှုတွေကိုတော့
မလွဲမသွေကြုံတွေ့ရမှာပါပဲ။

"အစပိုင်းမှာ ဗီဒီယိုသတင်းထောက်ဖြစ်ဖို့က အခက်အခဲရှိတယ်။ တစ်ကိုယ်တော်
ဗီဒီယိုသတင်းထောက်က ယောက်ျားလေးတွေ များတယ်လေ။ အဲဒီတော့ တချို့က မိန်းကလေးဆို
သိပ်မယုံချင်ကြဘူး။ အဲဒီတော့ အစပိုင်းမှာ ဒီလောကထဲဝင်ဖို့က ခက်ခဲတယ်။ ဒါပေမဲ့ နောက်ပိုင်း
အမျိုးသမီးဗီဒီယိုသတင်းထောက်တွေလည်း များလာတော့ ပိုလွယ်ကူလာတယ်။
အခု ကာလမျိုးကျတော့ သတင်းတင်ဆက်မှုအပိုင်းက အရင်တုန်းကလို အခက်အခဲ မရှိတော့ပါဘူး။
ဒါပေမဲ့ ပြည်နယ်မျိုးစုံသွားပြီး သတင်းလိုက်ရတဲ့အတွက် ပဋိပက္ခဖြစ်တဲ့နေရာတွေသွားတဲ့
အခါဆိုရင်တော့ အန္တရာယ်ရှိတယ်။ ကင်မရာကြီးကိုင်ပြီးလုပ်ရတဲ့ အလုပ်ကိုး။
ညီမအတွေ့အကြုံအရဆို လူတော်တော်များများက ကင်မရာကိုင်လိုက်တာနဲ့ကို မဖြေရဲကြဘူး။
အဲဒီလိုမျိုးအခြေအနေကတော့ အခုထိ ရှိတုန်းပဲ"လို့ ဆိုပါတယ်။

မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးမှုကိုတော့ ၂၀၁၄ ခုနှစ်မှာ Human Dignity Film Institute က
စီစဉ်ပြုလုပ်တဲ့ Documentary Film Making Workshop ကို တက်ရောက်ခဲ့တာကနေ
အဲဒီဘက်ကိုလည်း စိတ်ဝင်စားသွားခဲ့ပါတယ်။

"အဲဒီသင်တန်းပြီးကတည်းက Print Media ထက် Broadcast Media ဘက်ကို
ပိုပြီးအားသန်လာခဲ့တာ"လို့ ခင်စုကြည်က ဆိုပါတယ်။

သူပထမဆုံးရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တိုကတော့ မှတ်တမ်းရုပ်ရှင်သင်တန်းတက်နေရင်း
တခြား သင်တန်းသားနှစ်ဦးနဲ့ပေါင်းပြီး ဖန်တီးခဲ့တဲ့ "Article 18 The Movie" ဆိုတဲ့ ဇာတ်ကားပဲ
ဖြစ်ပါတယ်။

"သင်တန်းမှာ သင်ကြားမှုတွေပြီးတော့ ညီမတို့တွေ သုံးယောက်တစ်ဖွဲ့ဖွဲ့ပြီး စုစုပေါင်းသင်တန်းသားက
၁၂ ယောက်ဆိုတော့ လေးဖွဲ့ယှဉ်ပြိုင်ရတာပေါ့။ အဲဒီမှာ ညီမတို့ရဲ့ Article 18 The Movei ဆိုတဲ့
စီတန်းလှည့်လည်ခွင့်ပုဒ်မ ၁၈ အကြောင်းကို ရိုက်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်လေးက
ပထမဆုရခဲ့တယ်" လို့ ခင်စုကြည်က ပြောပြပါတယ်။

ဒုတိယမြောက် မှတ်တမ်းရုပ်ရှင်တိုကလည်း Myanmar Youth Film Festival 2014 မှာ
အကောင်းဆုံးဆုကို ရရှိခဲ့ပြန်ပါတယ်။

"ခေါင်းစဉ်က Vaiolenz Against Violence ပေါ့။ အဲဒါက ညီမရဲ့ အစ်ကိုအရင်းနဲ့ မောင်အရင်း
ဖွဲ့ထားတဲ့ Vaiolenz ဆိုတဲ့ Heavy Metal တီးဝိုင်းလေးရဲ့ ဂီတဖြတ်သန်းမှုဘ၀ကို
ရိုက်ကူးထားတာပေါ့။ သူတို့သီချင်းတွေက ဆူညံတယ်၊ ပေါက်ကွဲတယ်ဆိုပေမဲ့ သူတို့က
အကြမ်းဖက်မှုကို မလိုလားဘူး၊ ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်ပေါ့။ သူတို့ရဲ့သီချင်းတွေထဲမှာလည်း
အဲဒီလိုဖော်ညွှန်းတဲ့ သီချင်းတွေလည်း ပါတယ်။ အဲဒီတော့ Vaiolenz ဆိုတဲ့ တီးဝိုင်းအဖွဲ့လေးက
Violence ကို ဆန့်ကျင်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပေးခဲ့တာပေါ့။ အစ်ကိုက ဒရမ်တီးတယ်။
မောင်လေးက ဂစ်တာတီးတယ်၊ သီချင်းဆိုတယ်"လို့ ခင်စုကြည်က ရှင်းပြပါတယ်။

တတိယမြောက်ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်အတို The Red In Red ကိုတော့ ဒီနှစ်
ဝဿန်ရုပ်ရှင်ပွဲတော်မှာ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတော့ မရရှိခဲ့ပါဘူး။

အဲဒီမှတ်တမ်းကားက အနုပညာရှင် မအိရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ရိုက်ကူးစဉ်က
ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်ခဲ့တာမဟုတ်ဘဲ မအိရဲ့ပွဲတွေကို သတင်းလိုက်ရင်း သူ့တင်ဆက်မှုတွေကို
စိတ်ဝင်စားလာရာက ရိုက်ဖြစ်သွားတာလို့ ဆိုပါတယ်။

မအိကို စသိခဲ့တာကလည်း Period (အမျိုးသမီးတွေ ဓမ္မတာလာစဉ် ခံစားရတဲ့ နာကျင်ကိုက်ခဲမှုနဲ့
စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကို သရုပ်ဖော်တင်ဆက်တဲ့ပွဲဖြစ်ပြီး ၂၀၁၅ ခုနှစ်က Gallery 65 ပြခန်းမှာ
ပြုလုပ်ခဲ့ပါတယ်) ဆိုတဲ့ ပွဲမှာဖြစ်တယ်လို့ ခင်စုကြည်က ဆိုပါတယ်။

ဒါပေမဲ့ အဲဒီပွဲကိုမသွားဖြစ်ခဲ့ဘဲ ပွဲအကြောင်းကိုသာ သိလိုက်ရတယ်လို့လည်း သူက ဆိုပါတယ်။

"နောက် သူ့ရဲ့ Abstract Photo ပြပွဲကိုသွားပြီး သူ့ကို အင်တာဗျူးတယ်။ အဲဒီမှာ သူနဲ့
စကားပြောရတာက အဆင်ပြေတယ်။ ဒါပေမဲ့ အဲဒီအချိန်ထိတော့ သူ့အကြောင်းကို ရိုက်မယ်ဆိုတာမျိုး
မပြောဖြစ်သေးဘူး"လို့ဆိုပြီး "သူ့ပွဲတွေသွားရင်း သူနဲ့ စကားပြောကြည့်တော့ သူ့အတွေးအခေါ်တွေကို
ညီမ ကြိုက်တယ်။ အဲဒါ နဲ့ သူ့အကြောင်းကို ရိုက်ချင်လာတယ်။ ဘာအတွက်ရယ်တော့ မဟုတ်ဘူး။
မြန်မာနိုင်ငံမှာ ဒီလိုအမျိုးသမီးတစ်ယောက်အကြောင်းတော့ မှတ်တမ်းလေးတစ်ခုအနေနဲ့
ကျန်ခဲ့စေချင်လို့ ရိုက်ဖြစ်ခဲ့တာ"လို့ The Red In Red ဖန်တီးဖြစ်ခဲ့ပုံကို ရှင်းပြပါတယ်။

"နောက်တော့ အွန်လိုင်းကနေ ဆက်သွယ်ပြီး သူ့ရဲ့ခွင့်ပြုချက်ကို တောင်းတယ်။ ဒါပေမဲ့ သူက
အဆင်ပြေတယ်ပြောပေမဲ့ သူ့အကြောင်းက စိတ်ဝင်စားစရာတော့ မကောင်းဘူး။ ဒါပေမဲ့
ညီမရိုက်ချင်လည်း လာရိုက်လို့တော့ ပြောတယ်။ အဲဒါနဲ့ တစ်ရက် သူနဲ့စကားတွေ သေချာပြောတယ်။
စရိုက်ဖြစ်တာက ပြီးခဲ့တဲ့ဧပြီလက။ စရိုက်တော့ ညီမတစ်ယောက်တည်းပဲ။ ကင်မရာလည်း ကိုယ်ပဲ။
အသံဖမ်းလည်း ကိုယ်ပဲ။ အလင်းအမှောင်လည်း ကိုယ်ပဲ။ သူငယ်ချင်းတွေကတော့ လိုက်ရိုက်ပေးမယ်
ပြောတယ်။ ဒါပေမဲ့ သူတို့အားတဲ့အချိန် ညီမ အားတဲ့အချိန် မအိအားတဲ့အချိန်တွေကျတော့ ညှိလို့
အဆင်မပြေဘူး"လို့ ရိုက်ကူးရေးအတွေ့အကြုံကို ပြောပြပါတယ်။

ဒီရိုက်ကူးရေးက အဆင်တပြေနဲ့တော့ မပြီးဆုံးခဲ့ပါဘူး။ ပထမဆုံးရိုက်တဲ့အပိုင်းက SD card
ပျက်သွားတာမို့ နောက်တစ်ကြိမ် ထပ်အချိန်ပေးပြီး ရိုက်ကူးရပြန်ပါတယ်။

"ရိုက်ကူးတာက သူ့အင်တာဗျူးက တစ်ရက်၊ နောက် သူသွားတဲ့နောက်လိုက်ပြီး သူ့ပွဲတွေ
လိုက်ရိုက်တယ်။ နောက် ဦးထိန်းလင်းဘက်က မအိအပေါ် သုံးသပ်ချက်အင်တာဗျူးက ဒီပွဲကို
မ၀င်ခင်လေးဘဲ ဗျူးပြီး အဲဒီအပိုင်းကို ချက်ချင်းထည့်လိုက်ရတယ်"လို့ မှတ်တမ်းရုပ်ရှင်တိုလေး
ဖြစ်လာပုံကို ပြောပြပါတယ်။

မအိရဲ့ Artist Life တစ်ခုလုံးကို ရိုက်ပြချင်ပေမဲ့ မိနစ်အနည်းငယ်အတွင်းသာ ဖန်တီးရမှာ
ဖြစ်တာကြောင့် Performance အပိုင်းကိုပဲ ဒီမှတ်တမ်းရုပ်ရှင်တိုလေးတည်းမှာ တင်ပြထားတာ
ဖြစ်ပါတယ်။

"Performance လည်း လုပ်တယ်၊ ပန်းချီလည်း ဆွဲတယ်၊ ဓာတ်ပုံလည်း ရိုက်တယ်။ ၁၈ မိနစ်လောက်
အချိန်အတိုင်းအတာမှာ အဲဒီသုံးခုစလုံးကို ပြလိုက်ရင်ကျတော့ ရှုတ်သွားမှာစိုးလို့ သူရဲ့ Perfomance
Art ကိုပဲ ဆွဲထုတ်ပြီး ရိုက်ကူးခဲ့တယ်"လို့ ဆိုပါတယ်။

"မအိရဲ့ performance တွေက အမျိုးသမီးတွေဘက်ကိုပဲ ဇောင်းပေးပြီးလုပ်ခဲ့တာ မဟုတ်ဘူး။
ဒါပေမဲ့ သူ့ခံစားချက်အတိုင်း သူလုပ်လိုက်တော့ အမျိုးသမီးတွေကို ကိုယ်စားပြုသလိုဖြစ်သွားတယ်။
သူ ဘာကြောင့် ဒီလိုတွေခံစားပြီး လုပ်သလဲဆိုတာကို ဒီမှတ်တမ်း ရုပ်ရှင်တိုလေးထဲမှာ
အဓိကပြချင်တာပေါ့။ ဒီကားကြည့်ပြီး ဒီလိုအမျိုးသမီးတစ်ယောက်က ဒီလို Performance တွေကို
လုပ်နေတယ်ဆိုတာကိုလည်း သိစေချင်တယ်"လို့ သူ့ဇာတ်ကားကနေ ပေးချင်တဲ့ ရည်ရွယ်ချက်ကို
ပြောပြပါတယ်။

လက်ရှိမှာလိုပဲ နောက်ပိုင်းကိုလည်း ၀ါသနာပါနှစ်သက်တဲ့ ဗီဒီယိုသတင်းထောက်အနေနဲ့ပဲ
အဓိက အသက်မွေးဝမ်းကျောင်းပြုသွားမယ်လို့ဆိုပြီး ရိုက်ချင်တဲ့ အကြောင်းအရာလေးတွေ
ပေါ်လာတဲ့အခါ၊ အချိန်ပေးနိုင်တဲ့ အခါမှာတော့ နောက်ထပ်ဝါသနာတစ်ခုဖြစ်တဲ့
မှတ်တမ်းရုပ်ရှင်တွေကို ဖန်တီးရင်းနဲ့ ဘ၀ကို ဖြတ်သန်းသွားမယ်လို့လည်း
ဗီဒီယိုသတင်းထောက်မလေး ခင်စုကြည်က ဆိုပါတယ်။
http://myanmar.mmtimes.com/index.php/timeout/22659-2016-11-03-11-15-20.html

No comments:

Post a Comment