Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 15, 2016

ကျွန်တော်နဲ့ ထောင်နီးနားချင်းတစ်ဦး (သို့မဟုတ်) စောက်ရူးခြောက်ခါ ပြောတဲ့သူ - ဇာဂနာ


အရင်ကတော့ ကျွန်တော်နဲ့ ထောင်နီးနားချင်းများဆိုပြီး တူမောရိုးဂျာနယ်မှာ အခန်းဆက် ဆောင်းပါးတွေ ရေးခဲ့ဖူးပါတယ်။ စာအုပ်လည်း ထုတ်ခဲ့ဖူးပါတယ်။ ဒီတုန်းက ထည့်မရေးခဲ့ရတဲ့ သူ တစ်ယောက်ရှိပါတယ်။ တမင်သက်သက် ချန်ထားခဲ့တာလို့ ပြောရင်လည်း ရပါတယ်။ ကျွန်တော်နဲ့ အသက်အရွယ်လည်း မတူတော့ ကျွန်တော့် ရေးဟန်အတိုင်း ပြောင်ပြောင်နောက်နောက် ရေးရင်ဖြင့် မသင့်တော်ပေဘူးလို့ ယူဆတဲ့အတွက် သူ့ကို ချန်လှပ်ထားခဲ့တာပါ။ သူကတော့ ဒီကနေ့ နာမည်ကျော် ဦးဝင်းထိန်ပါပဲ။

ကျွန်တော်တို့ကတော့ သူ့ကို ထိန်ထိန်လို့လည်း ခေါ်တယ်။ ဦးထိန်လို့လည်း ခေါ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ကျွန်တော် အဖမ်းခံရတော့ အင်းစိန်ထောင် အထူးတိုက်မှာ စံမြန်းခဲ့ရတာပေါ့။ ဒီတုန်းက ဦးထိန်တို့ ရောက်မလာသေးပါဘူး။ သူတို့က NLD နဲ့ တိုင်ပတ်နေချိန်ပေါ့။ အမှန်ကိုပြောရရင် ၁၉၈၈ တုန်းက NLDဆိုတာ ဖွဲ့သာဖွဲ့တယ်၊ တံတွေးနဲ့ကပ်တဲ့ စာရွက်လိုပါ။ စေးစေးပိုင်ပိုင် မရှိသလို ကပ်ကပ်နီးနီးလည်း မရှိပါဘူး။ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးဘက်က ပါလာတဲ့ မျိုးချစ် တပ်မတော်သားဟောင်းများကို ကျွန်တော်တို့က (မခ)တွေလို့ ခေါ်ပါတယ်။ ဦးအောင်ကြီးဖက်က ပါလာတဲ့ သူတွေကိုတော့ (စမူဆာ)တွေလို့ ခေါ်ပါတယ်။ ထင်တဲ့အတိုင်းပါပဲ။ ဦးအောင်ကြီးကစလို့ NLDကို စွန့်ခွာခဲ့ပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ တတ်သိပညာရှင်များ အဖွဲ့နဲ့ ဦးတင်ဦး ခေါင်းဆောင်တဲ့ (မခ)တွေပဲ ကျန်တော့တာပေါ့။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ NLDကို ဖမ်းပါလေရော။ ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချုပ်၊ ဦးတင်ဦးကိုလည်း ထောင်ထဲပို့၊ ဦးဝင်းတင်ကြီးလည်း ထောင်ထဲရောက်လာနဲ့ အင်းစိန်ထောင်ကြီး စည်ကားသွားတာပေါ့။ ဒီတော့မှ ဦးဝင်းထိန်နဲ့ ကျွန်တော်တို့ ဆုံခဲ့ကြရပါတယ်။ မျက်စိထဲ မြင်အောင်ပြောရရင် ကျွန်တော်တို့ ရောက်နေတဲ့ အထူးတိုက်ဆိုတာ ဆယ်ခန်းတွဲ တန်းလျားတစ်ခုပါ။ ထောင်ထဲမှာတော့ အကျယ်ဆုံး အခန်းတွေပေါ့။ ၁၆ ပေ၊ ၁၂ပေ ကျယ်ပါတယ်။ ရေလောင်းအိမ်သာနဲ့ ရေချိုးဖို့ ဘုံဘိုင်တစ်ခု ပါပါတယ်။

ဦးထိန်ကို တော်တော်ချစ်ပုံရပါတယ်။ အခန်းနံပါတ် (၁)မှာ ထားပါတယ်။ တစ်မှာထားလို့ ချစ်သဒ္ဓါပွားပြီး မေတ္တာထားတယ်လို့ မထင်စေလိုပါ။ အခန်း (၁)ဟာ ထိပ်ဆုံးမှာပါ။ ထောင်ဝင်းထဲကို ဘယ်သူဝင်လာလာ ပထမဆုံး ရောက်မှာက အခန်းအမှတ် ၁၀ပါ။ အဲဒီအခန်းမှာက KNU ကိုကိုနိုင်ပါ။ သူကတော့ သန်လျင်ရော၊ မြို့တော်ခန်းမရောကိုပါ ဗုံးဖောက်ခဲ့တဲ့သူပေါ့။ သူပြီးရင်တော့ ဗကပ ကိုသက်ခိုင်၊ (ဗိုလ်ချုပ်ကျော်ဇောရဲ့ သမက်၊ မြေပေါ်ဗကပ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူပေါ့)၊ အခန်းနံပါတ် ၈မှာက ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ရှေ့နေကြီး ဦးကိုယု (NLD) ပါ၊ မြန်မာတစ်နိုင်ငံလုံးမှာ ဟိုးဟိုးကျော်ခဲ့တဲ့ အမှုနှစ်မှုရှိပါတယ်။ တစ်မှုကတော့ ဗိုလ်ကြီးအုန်းကျော်မြင့် အမှု၊ နောက်တစ်မှုက သခင်စိုးအမှု၊ အဲဒီ ၂မှုလုံးကို ဦးကိုယုက ရှေ့နေလိုက်ပေးခဲ့တာပါ။ သူ့ရဲ့ ပြောတာဆိုတာ မေးမြန်းတာ၊ စကားအသုံးအနှုန်း ကြွယ်ဝတာတွေကြောင့် အရမ်းကို နာမည်ကျော်ကြားခဲ့တာပေါ့။ ဗိုလ်ကြီး အုန်းကျော်မြင့်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်ထင်ရဲ့ ကိုယ်ရေး အရာရှိပါ။ သူကတပ်မတော် ထောက်လှမ်းရေး ဗိုလ်မှူးချုပ် တင်ဦး၊ သမ္မတ ဦးစန်းယုနဲ့ တခြားခေါင်းဆောင်တွေကို တပ်မတော်နေ့ ညစာစားပွဲမှာ လုပ်ကြံဖို့ ကြံစည်ခဲ့တာပေါ့။ မအောင်မြင်တော့ ဖမ်းခံရပြီး သေဒဏ် ပေးခံခဲ့ရပါတယ်။ တိုက်ဆိုင်ချင်လို့ပဲလား မသိပါဘူး။ (ဗိုလ်ကြီး အုန်းကျော်မြင့် အမှုကြောင့် အဖမ်းခံပြီး တပ်မတော်ကနေ အနားပေးခံခဲ့ရတဲ့ ဦးဝင်းထိန်ရယ်၊ ဗိုလ်ကြီး အုန်းကျော်မြင့် အမှုကြောင့် အဖမ်းခံပြီး ထောင်ခုနှစ်နှစ် ချခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရယ်၊ ဗိုလ်ကြီး အုန်းကျော်မြင့် အမှုကို လိုက်ခဲ့တဲ့ ရှေ့နေကြီး ဦးကိုယုရယ် သုံးဦးသား အထူးဝင်းထဲမှာ လာဆုံနေကြတာပါ။)

ရှေ့က စကားကို ဆက်ရရင် အခန်း (၇) မှာက ဦးဝင်းတင်၊ အခန်း (၆)မှာတော့ ဗကပယူဂျီ ဦးတင်အောင်၊ အခန်း (၅)မှာက ကျွန်တော်၊ အခန်း (၄)မှာ ဗိုလ်ကြီး ဒေါက်တာမော်ဇင်၊ အခန်း (၃)မှာတော့ မင်းကိုနိုင်တို့ပေါ့။ ကျွန်တော်ပြောချင်တဲ့ နေရာခုမှ ရောက်ပါပြီ။ အခန်း နံပါတ် (၂)ကို တမင်သက်သက် တစ်ယောက်မှ မထားဘဲ လွှတ်ထားခဲ့ပါတယ်။ အကြောင်းအကြီးကြီး ရှိပါတယ်။ တစ်ခန်းနဲ့ တစ်ခန်း စကားပြောကြတဲ့ အခါမှာ တစ်ယောက်မျက်နှာ တစ်ယောက် မြင်ရတာ မဟုတ်ပါဘူး။ အသံပဲကြားရတာပါ။ ဒါပေမဲ့ စကားပြောဖော်လေး ရှိနေသေးလို့ အပျင်းပြေတာပေါ့။ တစ်ခါတစ်လေတော့လည်း ငြင်းကြခုန်ကြရတာ အရသာလေ။ ဦးဝင်းထိန်ကိုတော့ ဘေးခန်းနဲ့ စကားပြော မရအောင် ထိပ်ဆုံးက တစ်နံပါတ် အခန်းပို့ထားပြီး အခန်းအမှတ် (၂)ကို လူမထားဘဲ ခြားလိုက်တာပေါ့။ ဘယ်သူနဲ့မှ စကားပြောလို့ မရတော့အောင်ရယ် ပြောချင်လည်း လိပ်ခေါင်း ထွက်အောင် အော်မှရယ်ဆိုပြီး ညစ်တာပါ။ ပိုဆိုးတာက ထောင်ပိုင်တွေ။ ထောင်ညွှန်မှူးတွေ လာရင် အခန်းနံပါတ် (၂)ကနေ ပြန်ကွေ့ထွက်သွားတော့တာချည်းပါပဲ။ သဘောကတော့ ဦးထိန်နဲ့ စကားမပြောချင်လို့ ရှောင်တာပေါ့။ ရှောင်လည်း ရှောင်ချင်စရာပါ။ ထောင်ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေက တပ်ထဲမှာ ဦးထိန်ထက် ငယ်တဲ့သူတွေ ဖြစ်သလို၊ တပ်ထဲမှာ ဦးထိန်ရဲ့ ထက်မြက်မှုကို လိုက်မမီတဲ့သူတွေလည်း ဖြစ်နေလို့ပါ။

နောက်ပြီး ဦးထိန်ကို ကြောက်ကြတာလည်း ဖြစ်ဖို့များပါတယ်။ ဘာလို့လဲဆိုတော့ ဦးထိန်က တုတ်ထိုးအိုးပေါက် ပြောတတ်တာကိုး။ ဘာကိုမှ ဂရုမစိုက်၊ ဘယ်သူ့ကိုမှ မကြောက်။ ထောင်ထဲ ရောက်နေတာတောင် ပြောချင်သလို ပြောတတ်တဲ့ ဦးထိန်ကို သူတို့ ကြောက်ကြပုံရပါတယ်။

ဦးထိန်ကလည်း တော်တော်ဆိုးတယ် ခင်ဗျ။ ထောင်က ညွှန်မှူးရောက်လာပြီး သူ့အခန်းရှေ့ကို မလာဘဲ အခန်းနံပါတ် ၂ ကနေ လှည့်ပြန်တော့
(အိုညွှန်မှူးရဲ့၊ ကို ...ရဲ့၊ ကျုပ်ဆီ ခဏလာနေပါ။ အနူမဟုတ်ပါဘူး။ ခင်ဗျားမျက်နှာ ဖူးချင်လို့ပါဗျ) လို့ အသံကုန် အော်တာကိုး။ ဒီတော့လည်း ညွှန့်မှူးခမျာ အောင့်သက်သက်နဲ့ ဦးထိန်အခန်းရှေ့ သွားရတာပေါ့။ ဘာလိုလဲ ပြောပါဆိုပြန်တော့လည်း (ဘာမှမလိုပါဘူး၊ ကျုပ် အခန်းရှေ့မလာဘဲ လှည့်လှည့်ပြန်သွားကြလို့ ခေါ်ကြည့်တာ ကျေးဇူးပဲ) ဆိုပြီး လုပ်ချတော့တာ ခင်ဗျ။

တစ်လောက ဦးထိန်နဲ့ ပတ်သက်ပြီး စောက်ရူးစောက်ရူးလို့ ပြောတယ်ဆိုတာ ကြားလိုက်ရတော့ ပြုံးမိပါတယ်။ ဒီစကား ဒီအသံကို လွန်ခဲ့တဲ့ ၂၆နှစ်ကတည်းက ကြားဖူးခဲ့တာပါ။ လေယူ လေသိမ်းကအစ အတူတူပါပဲ။ ၁၉၉၀ ရွေးကောက်ပွဲပြီးတော့ ထောင်ပိုင် ဦးအုန်းဟန် ဆိုတာက ထောင်ထဲ လှည့်လာပါတယ်။ ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းပြီးတဲ့ အကြောင်း၊ ခင်ဗျားတို့ လွတ်နိုင်ကြောင်းပေါ့လေ။ တစ်ခန်းဝင် တစ်ခန်းထွက်လိုက် ဖောရှောတာပေါ့။

ဟော.. ဦးဝင်းထိန် အခန်းနားလည်း ရောက်ရော ထောင်ပိုင်ကြီးက လှည့်ပြန်ပါရော၊ ဘာရမလဲ။ ဦးထိန်က အော်ခေါ်တော့တာပေါ့။ (ဓာတ်ဆီ၊ ဓာတ်စံ အသံနဲ့ခင်ဗျ) ဗျိုး ကိုအုန်းဟန်၊ ထောင်ပိုင် ကိုအုန်းဟန်ရဲ့တဲ့လေ။ ထောင်ပိုင်လည်း ဘာတတ်နိုင်မှာလဲ။ ပြန်လှည့်လာရတာပေါ့။ ဒီမှာတင် ဦးထိန်က မေးတော့တာ

ထိန် ။ ။ ခင်ဗျား မနေ့က မဲပေးခဲ့လား။
အုန်း ။ ။ ပေးတာပေါ့။
ထိန် ။ ။ ဘယ်ပါတီပေးလဲ။
အုန်း ။ ။ ဘယ်ပြောလို့ ဖြစ်မလဲ။
ထိန်။ ။ ခမောက်ထဲ မထည့်ခဲ့ဘူးလား။
အုန်း ။ ။ မသိပါဘူးဗျာ။

ထောင်ပိုင်က တစ်ခါတည်း လှည့်ထွက်တော့တာပါပဲ။ ဒါကို ဦးထိန်က ဘာဆက်ပြောတယ် ထင်ပါသလဲ။

ထိန်။ ။စောက်ရူးစောက်ရူး ခင်ဗျားမှ စောက်ရူး၊ ကိုယ်ဘယ်ထဲ မဲထည့်ခဲ့မှန်း မသိတဲ့ စောက်ရူး။

ပြီးတော့ တ၀ါးဝါး၊ တဟားဟား တစ်ယောက်တည်း ရယ်နေပါတော့တယ်။ သြော် ဦးထိန်၊ ဟိုတုန်းကတည်းက စောက်ရူးကို ခုထိသယ်ဆောင်လာတုန်းပဲကိုးလို့ ပြုံးမိတာပါ။ ခုတော့ ဦးထိန်က သူပြောချင်တဲ့ ဗိုလ်ကြီး အုန်းကျော်မြင့် အကြောင်း စာအုပ်တစ်အုပ် ရေးထုတ်လိုက်ပါပြီ။ တကယ်တော့ သူဖြတ်သန်းခဲ့တဲ့ လမ်းမှာ ရေးစရာတွေ တပုံတပင် ရှိနေမှာပါ။ ရေးဖို့လည်း တိုက်တွန်းချင်ပါတယ်။ သူမရေးခင် ကျွန်တော် အရင်ဖော်ကောင်လုပ်ပြီး သူ့စောက်ရူးကို ရေးချလိုက်ပါပြီ။ ခွင့်လွှတ်ပါ ဦးထိန်။ ဒီစာဖတ်ပြီး ကျွန်တော့်ကို စောက်ရူးလို့ ပြောချင်ပြောပါလေဦး။

ဇာဂနာ

No comments:

Post a Comment