Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 1, 2016

ထွေအုပ်နဲ့ရဲကို တိုင်းနဲ့ပြည်နယ်အစိုးရအောက်ပို့တာ ပြုပြင်ပြောင်းလဲရေးပါ – ရှေ့နေဦးကိုနီ



    By DVB
    30 August 2016

ရဲတပ်ဖွဲ့နဲ့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေ လက်အောက်မှာထားရှိဖို့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေက ညွှန်ကြားတယ်လို့ ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့နေပါတယ်။ အစိုးရဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသလို ငြင်းဆန်ခြင်းလည်းမပြုပါဘူး။ ဒါနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဦးကိုနီတို့အနေနဲ့  ထွေအုပ်နဲ့ရဲကို ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအောက်ပို့မယ်ဆိုတဲ့ ဖေ့စ်ဘွတ်ခ်မှာပျံ့နှံ့နေတဲ့ ဒီသတင်းက ဘယ်လောက်ဖြစ်နိုင်ခြေရှိလဲ။ တခြားဘာကြားသေးလဲ။

“ပထမအချက်ပြောချင်တာကတော့ ကျနော်တို့လည်း ဒီဖေ့စ်ဘွတ်ခ်မှာ တက်လာတာကိုတွေ့ရပါတယ်။ သို့သော်လည်းပဲ ဖေ့စ်ဘွတ်ခ်အပြင် နောက်ထပ် ရီဖားလုပ်လို့ရတာကတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုတာ ရွေးကောက်ပွဲကတိမှာ ပါတာရှိပါတယ်။ အဲဒီတော့ ဒီရွေးကောက်ပွဲကတိကို အကောင်အထည် ဖော်တဲ့အနေနဲ့ အခုလို ပြုပြင်ပြောင်းလဲရေးလုပ်လာတယ်လို့လည်း ကျနော်တို့သုံးသပ်လို့ ရနိုင်ပါတယ်ခင်ဗျ။”

ကျနော်တို့ကြားသိရတာက ဒီတာဝန်လွှဲပြောင်းပေးအပ်မှုကို ပြည်ထဲရေးဝန်ကြီးက ညွှန်ကြားချက်နဲ့ ပေးတယ်ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရော ညီရဲ့လားဗျ။

“ဟုတ်ကဲ့၊ အခုဟာက ဖေ့စ်ဘွတ်ခ်ပေါ်ပေါ်တဲ့သတင်းကို အခြေခံပြီးပြောကြတာပေါ့လေ။ အဲဒီတော့ ဖွဲစည်းပုံအခြေခံဥပဒေနဲ့ ချိန်ထိုးပြီးပြောရမယ်ဆိုရင် နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်အုပ်ချုပ်ရေးရဲ့ အကြီးအကဲဖြစ်တယ်ဆိုတာ ပုဒ်မ ၁၉၉ (က) မှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်။ ဒါ့အပြင် ပိုပြီးတော့ ရှင်းတာက ပုဒ်မ ၁၉၉ (ခ) (၁) မှာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်း ထားတယ်ဆိုတဲ့အချက်ပေါ့ဗျာ။ အဲဒီတော့ နိုင်ငံတော်သမ္မတဟာ သူ့ရဲ့နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအကြီးအကဲအနေနဲ့ သူ့ကိုအပ်နှင်းထားတဲ့ အာဏာတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ခွဲပြီးတော့ပေးလို့ရတယ်ဆိုတာ ဒီပြဋ္ဌာန်းချက်အရ ပြဋ္ဌာန်းထားပြီး သားပေါ့လေ၊ ပေးလို့ရပါတယ်။ အဲဒီတော့ ဒီမှာ နည်းနည်းလေး ဟိုဥစ္စာ ဖြစ်နေတဲ့ဟာက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ ၂ ခုဖြစ်တဲ့နေရာမှာ ၁ ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘာမှ ပြောစရာမရှိဘူး။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို လွှဲပေးတဲ့ကိစ္စဟာ အုပ်ချုပ်ရေးဌာနရဲ့အကြီးအကဲ သမ္မတဟာ သူ့မှာလုပ်ပိုင်ခွင့်ရှိတယ်၊ သူညွှန်ကြားလို့ရှိရင် ပြည်ထဲရေးဝန်ကြီးကလည်း ဒါလုပ်ရမှာပဲ။ အဲဒီတော့ ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်၊ တိုင်း ၁၄ ခုမှာ အစိုးရအဖွဲ့ ၁၄ ဖွဲ့ ဖွဲ့ထားတယ်။ ၀န်ကြီးချုပ်တွေလည်း အသီးသီးခန့်ထားတယ်။ သို့သော် သူတို့အနေနဲ့ တကယ့်တကယ်သူတို့ရဲ့ အုပ်ချုပ်မှုအာဏာကို လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ယန္တရားကျတော့ သူတို့လက်ထဲမှာ မရှိဘူး။ ဆိုလိုတာက အုပ်ချုပ်ရေးအာဏာကို အကောင်အထည်ဖော်တဲ့ နေရာမှာ အဲဒီအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရယ်၊ ရဲတပ်ဖွဲ့ရယ် ဒီ ၂ ခုက မရှိမဖြစ် လိုအပ်တယ်။ အဲဒါမရှိဘဲနဲ့ အုပ်ချုပ်ရေးအာဏာကို အကောင်အထည်ဖော်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် တကယ့်လက်တွေ့ အရပ်သားအုပ်ချုပ်ရေးစနစ်ကို ပုံဖော်ဖို့ဆိုရင် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ၀န်ကြီးချုပ်တို့ကို ဒီအုပ်ချုပ်ရေးအာဏာကို အကောင်အထည်ဖော်နိုင်ဖို့ ဒီအတိုင်း လွှဲကိုလွှဲပေးရမယ်။ အဲဒီလိုလွှဲပေးတာဟာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရ ရည်ရွယ်ချက်နဲ့လည်း ကိုက်တယ်၊ ညီလည်း ညီညွတ်တယ်။ ဒါကို ကျနော်တို့က ဘာမှ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်စရာမလိုဘဲကို လုပ်လို့ရပါတယ်။

“ဒုတိယတခုကတော့ရဲတပ်ဖွဲ့ပေါ့ဗျာ။ ရဲတပ်ဖွဲ့နဲ့ပတ်သက်ပြီးတော့ ပြသနာရှိတဲ့အချက်က ဘာတုန်းဆိုတော့ ဒီနိုင်ငံတော်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့ အကြီးအကဲဟာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တယ်ဆိုပြီးတော့ ပုဒ်မ ၂၀ မှာ ပြဌာန်းထားတော့ ရဲကို အမိန့်ပေးရမယ့်၊ ပေးခွင့်ရှိတဲ့ပုဂ္ဂိုလ်က ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ပုံမျိုးဖြစ်နေတယ်။ အဲဒီတော့ ပြည်ထောင်စု ရဲတပ်ဖွဲ့ဆိုပြီး သီးသန့်ထားပြီးတော့မှ ဒေသန္တရတခုချင်းအတွက် ဒေသန္တရဆိုင်ရာရဲတပ်ဖွဲ့တွေကို ဖွဲ့နိုင်ရင် အဲဒီ ဒေသန္တရ ဆိုင်ရာရဲတပ်ဖွဲ့တွေအားလုံးကို အခု ဖေ့စ်ဘွတ်ခ်မှာပါတဲ့အတိုင်း သက်ဆိုင်ရာ ပြည်နယ်တိုင်းဝန်ကြီးချုပ်ရဲ့ အုပ်ချုပ်မှုအောက်ကို လွှဲပြောင်းပေးလိုက်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့ ထိသလိုလို၊ မထိသလိုလိုအနေအထားမှာတော့ ရှိတယ်။ သို့သော်လည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရရည်ရွယ်ချက်နဲ့ကတော့ မထိခိုက်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီအုပ်ချုပ်ရေးအာဏာကို အကောင်အထည်ဖောနိုင်ဖို့က ရဲတပ်ဖွဲ့က လိုတာကိုး၊ လိုတော့ ခုနကလို နာမည်တခုနဲ့ လွှဲပေးလိုက်မယ်ဆိုရင် ပြည်နယ်၊ တိုင်းအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတွေကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဝန်ကြီင်္းချုပ်ရဲ့အောက်ကို လွှဲပေးလိုက်တယ်ဆိုတော့ ပြည်ထဲရေးလက်အောက်ကနေ လွတ်သွားတဲ့သဘောရှိတယ်။ ပြည်ထဲရေးကတော့ Supreme အကြီးအကဲအနေနဲ့ပဲ ရှိမယ်။ လက်တွေ့အကောင်အထည် ဖော်တဲ့အလုပ်တာဝန်ကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေကို လွှဲပေးလိုက်တဲ့ သဘောဖြစ်သွားမယ်။ အဲဒီတော့ ကျနော့်အနေနဲ့ကတော့ လုပ်လည်းလုပ်သင့်တယ်၊ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းပဲ ကြီးကြီးမားမားဆန့်ကျင်တဲ့ ဆန့်ကျင်မှုမျိုး မရှိဘူးလို့ ကျနော်တော့ အဲဒီလိုပဲမြင်ပါတယ်။”

ရဲတပ်ဖွဲ့နဲ့ ထွေအုပ်ကို သက်ဆိုင်ရာပြည်နယ်၊ တိုင်းအစိုးရလက်အောက်ကို ထည့်ခြင်းကြောင့်ရလာမယ့် ကောင်းကျိုးတွေကဘာတွေဖြစ်မလဲ၊ အားနည်းပျော့ကွက်တွေက ဘာတွေဖြစ်မလဲ။

“ကျနော် ကောင်းကျိုးက စပြောပါမယ်။ ပြည်နယ်တိုင်းဒေသအသီးသီးမှာရှိတဲ့ ရဲတပ်ဖွဲ့တွေကို ပြည်ထောင်စုအစိုးရကနေ တိုက်ရိုက်ကွပ်ကဲအမိန့်ပေးနေတဲ့အတွက် လမ်းကြောင်းက ဝေးလွန်းတယ်၊ ကြန့်ကြာနေတယ်။ ချက်ခြင်းလက်ငင်းအရေးယူ ဆောင်ရွက်ရမယ့်ကိစ္စတွေအားလုံးဟာ အဆင့်ဆင့်တင်ပြနေတဲ့အတွက် အချိန်ကြာတဲ့အပြင် အဲဒီတင်ပြတဲ့နေရာမှာလည်း အလွဲအချော်ရှိနိုင်တယ်၊ ဘက်လိုက်မှုတွေရှိနိုင်တယ်၊ လိုသွားတာ ပိုသွားတာရှိနိုင်တယ်။ အဲဒါတွေအားလုံးဟာ မကောင်းတဲ့အကျိုးဆက်တွေကို ဖြစ်လာနိုင်တယ်။ အခုလို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအလိုက် တိုက်ရိုက်အုပ်ချုပ်နေတဲ့ ၀န်ကြီးချုပ်အောက်ကို လွှဲပေးလိုက်တဲ့အခါကျတော့ ၀န်ကြီးချုပ်ဟာ သူ့နေရာဒေသမှာ ဖြစ်နေတဲ့ဟာတွေအားလုံးကို သူက လွယ်လွယ်ကူကူ ထိတွေ့မြင်တွေ့နိုင်တဲ့အတွက် သူ အကောင်းဆုံး စီမံခန့်ခွဲနိုင်မယ်။ သူ့လက်ထဲကို ဒီယန္တရားကို ထည့်ပေးခြင်းအားဖြင့် သူက ထိထိရောက်ရောက် အကောင်အထည်ဖော်လို့ရတယ်။ ပိုပြီးတော့ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ သွက်လက်လာမယ်၊ ထက်မြက်လာမယ်။ နောက်ပြီးတခါ ပြည်သူလူထုနဲ့ ထိထိတွေ့တွေ့ရှိ လာမယ်။ ပြည်သူ့အကျိုးကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ အနေအထား ရှိလာမယ်၊ တကယ်လို့ မရှိဘူးဆိုရင်လည်း မရှိတဲ့ဟာတွေက ထင်သာမြင်သာတွေဖြစ်လာမယ်။ မီဒီယာတွေကနေ ထုတ်ဖော်လာမယ်ဆိုလို့ရှိရင် ဒီအုပ်ချုပ်ရေးယန္တရားအသစ်ဟာ ပိုပြီး ရှေ့ကိုကောင်းသွားနိုင်တယ်။ ကျနော်တို့က မြန်နိုင်သမျှမြန်မြန် ကျနော်တို့က စနိုင်ရမယ်။ ဒါမှ ကျနော်တို့ နောက်ကျနေတာတွေကို တခြားနိုင်ငံတွေကို ရင်ဘောင်တန်းလိုကနိုင်မယ်။ ဒါကြောင့်မို့လို့ ကောင်းကျိုးပဲရှိတယ်။ ဆိုးကျိုးမရှိဘူး။ ဒါပေမယ့် ခုနလို ဦးအေးနိုင်ပြောသလို ဆိုးကျိုးလုံးဝမရှိဘူးဆိုပေမယ့်လို့လည်း အတွေ့အကြုံမရှိတဲ့အပေါ်မှာ အမှားအယွင်းတော့ ဖြစ်ကောင်းဖြစနိုင်တယ်။ အဲဒီတော့ အမှားအယွင်းဖြစ်လာရင်လည်း ဒီအမှားအယွင်းကို သင်ခန်းစာယူရမယ်။ နောက်တခု၊ ကျနော်တို့က ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေကို အာဏာက ခွဲပေးခြင်းသာဖြစ်တယ်။ သူတို့က အပြီးအပိုင်ရတာမဟုတ်ဘူး။ သူတို့အထက်မှာ ပြည်ထောင်စု အစိုးရအဖွဲ့ဆိုတာရှိနေဦးမယ်၊ ပြည်ထောင်စုအစိုးရအထက်မှာ နိုင်ငံတော်သမ္မတ ဆိုတာ ရှိနေဦးမယ်။ အဲဒီတော့ ကြီးကြပ်ကွပ်ကဲမှုက မပြတ်ရှိနေမှာဖြစ်တယ်။ အဲဒီတော့ ပြည်ထဲရေးဝန်ကြီးကလည်း ဒါဟာ ဒီလိုလွှဲပေးလိုက်လို့ သူ့တာဝန်က လွတ်မသွားဘူး။ သူက အကြီးအကဲအနေနဲ့ ပြည်နယ်၊ တိုင်း ၁၄ ခုလုံးကို သူက ကြည့်နေရမယ်။ တကယ်လို့လိုအပ်ရင် လိုအပ်တဲ့နေရာကို သူ့ရဲ့အမိန့်အာဏာနဲ့ လိုအပ်တဲ့ရဲတပ်ဖွဲ့တွေ အားဖြည့်ပေးတာ ဘာညာ လုပ်ရဦးမယ်ဆိုတော့ အမှားအယွင်းကတော့ အလွန်နည်းသွားပါလိမ့်မယ်။ ကောင်းတဲ့ဘက်ကို များတယ်လို့ ကျနော်ကတော့ အဲလိုသုံးသပ်ချင်ပါတယ်။”

“လက်နက်ကိုင်အဖွဲ့တွေရဲ့အကြီးအမှူးဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုတော့ ရဲတပ်ဖွဲ့နဲ့ပတ်သက်လို့ ထိထိရောက်ရောက်ရှိအောင်ဆိုရင် တိုင်းနဲ့ပြည်နယ်အစိုးရတွေက သင်တန်းပေးတာတွေ၊ ဘတ်ဂျက်စီးဆင်းတာတွေ ဘယ်လိုဖြစ်လာမလဲ။ မရှုပ်ထွေးဘူးလား။”

“မရှုပ်ထွေးဘူးဗျ။ တခုတော့ရှိတာပေါ့ဗျာ။ နည်းနည်းအစပိုင်းမှာ အခက်အခဲနည်းနည်းရှိကောင်းရှိမယ်။ ဘတ်ဂျက်ခွဲဝေမှုပုံစံတွေ နည်းနည်းပါးပါး ပြန်ပြောင်းသွားမယ်။ ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ယန္တရား ၂ ခုကို ပြည်နယ်၊ တိုင်းအစိုးရအောက်ကို ပို့လိုက်တဲ့အတွက် သူတို့အတွက် လစာ၊ ရိက္ခာ အထောက်အပံ့အတွက်လိုတဲ့ဘတ်ဂျက်ကတော့ ကျနော်တို့က ထပ်ဖြည့်လို့ရတယ်။ ဖြည့်ပေးရမှာပဲလေ၊ လုပ်ငန်းတာဝန်နဲ့အတူ ဘတ်ဂျက်ကိုလည်း ကျနော်တို့က ဖြည့်ပေးလို့ရတယ်။ ဘတ်ဂျက်ပိုင်းကိတ်စကတော့ ဖြေရှင်းလို့ရပါတယ်။ ဒီပိုက်ဆံပဲလေ၊ ပိုမကုန်ဘူးလေ၊ ဗဟိုဘတ်ဂျက်ကနေသုံးတာနဲ့ ပြည်နယ်၊ တိုင်းတွေကို ခွဲပေးပြီးသုံးတာ ဒါပဲကွာသွားမယ်။  သင်တန်းပိုင်းကတော့ လိုအပ်သလိုပေးရမယ်။ အခုလည်း တော်တော်များများတော့ ကူညီပေးနေတာပဲ။ အဲဒီတော့ အခုလို လုပ်လိုက်ခြင်းအားဖြင့် အရပ်ဘက်အုပ်ချုပ်ရေးပုံစံကို ပီပီပြင်ပြင်ဖြစ်လာမယ်။ ရဲရဲ့ အလုပ်က ပြည်သူတွေ အေးချမ်းသာယာရေး၊ ငြိမ်းချမ်းသာယာရေး၊ ငြိမ်ဝပ်ပိပြားရေး၊ လူဆိုးသူခိုင်းတွေ မရှိရေး၊ လူတိုင်းလုံလုံခြုံခုံနေထိုင်ရေးဆိုတဲ့ သူ့ရဲ့အဓိကတာဝန်။ တပ်မတော်ကျတော့ သူက နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံ့နယ်ပယ် အချုပ်အခြာအာဏာကိုသူက ကာကွယ်တာ။ ပြည်သူတဦးချင်းရဲ့ အေးချမ်းသာယာရေး၊ လုံခြုံရေးက ဒီရဲက လုပ်ရတာ။ ဒီဟာ တချိန်ကတော့ ရောရောထွေးထွေးဖြစ်ခဲ့တယ်၊ အဲဒီလိုရောထွေးနေတာကို အခုလို ခွဲထုတ်လိုက်တဲ့အခါကျတော့ ဒါမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတင်တာပဲ။ သို့သော် အတွေ့အကြုံမရှိတဲ့ပေါ်မှာတော့ အားနည်းချက်တွေက ပေါ်တော့ ပေါ်လာနိုင်တယ်။ ဒါတွေကို ကျနော်တို့က ကြောက်လို့မဖြစ်ဘူး၊ ရင်ဆိုင်ရမယ်။ အဲဒီအားနည်းချက်တွေကို ရအောင်ကျော်ဖြတ်ရမယ်။ အဲဒီအခါမှာ လိုအပ်တဲ့သင်တန်းတွေလည်း ရှိမှာပဲ၊ အမှားအယွင်းလည်း ရှိချင်ရှိမှာပဲ။ ဒါကို သင်ခန်းစာယူပြီးတော့ ဆက်လုပ်ရမှာပဲ။ မှားမှာစိုးလို့တော့ မပြောင်းလဲဘဲနေလို့ကတော့ ရမှာမဟုတ်ဘူး။ အဲဒါဆိုရင်တော့ ကျနော်တို့က အများကြီး နောက်ကျကျန်ရစ်ခဲ့မယ်။ ဒါကြောင့်မို့လို့ ရှေ့ကို နည်းနည်းလေးကြိုးစားပြီးတိုးရမယ်၊ စွန့်စားမှုလည်း ကျနော်တို့က ယူရမယ်။ ဒါမှ ကျနော်တို့ တကယ်လိုချင်တဲ့ လွတ်လပ်ခွင့်နဲ့ အပြောင်းအလဲဆိုတာ ရမယ်။”

ထွေအုပ်အပိုင်းကျတော့ ဘယ်လိုရှိမလဲ။ အောက်ခြေက ရွေးတင်တယ်။ ခရိုင်နဲ့မြို့နယ်အဆင့်က ရွေးမတင်ဘူးဆိုတော့။

“ဒီလိုပါ။ ကျနော်တို့နိုင်ငံတော်တည်ဆောက်ပုံအရဆိုရင်အဆင့် ၅ ဆင့်ပေါ့ဗျာ။  အမြင့်ဆုံးကတော့ ပြည်ထောင်စုအစိုးရ၊ ဒုတိယကတော့ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရ၊ တတိယကျတော့ ခရိုင်အုပ်ချုပ်ရေး၊ နောက်တခါ မြို့နယ်အုပ်ချုပ်ရေးက။ တတိယကတော့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးဆိုပြီးတော့ အဆင့် ၅ ဆင့်ခွဲထားတယ်။ အဲဒီတော့ အမြင့်ဆုံးဗဟိုအစိုးရက ရွေးကောက်ပွဲကနေလာတယ်။ အလားတူ ဒုတိယအဆင့်ဖြစ်တဲ့ ပြည်နယ်တိုင်းဒေသကြီးအစိုးရလည်း ရွေးကောက်တင်မြှောက်ပွဲကနေလာတယ်။ အနိမ့်ဆုံးဖြစ်တဲ့ ရပ်ကျေးလည်း ရွေးကောက်တင်မြှောက်ပွဲကလာတယ်။ တကယ့်အခြေခံအကျဆုံးဖြစ်တဲ့ ခရိုင်နဲ့မြို့နယ်ကိုက ပြည်ထဲရေးက ခန့်ထားတဲ့လူနဲ့ အုပ်ချုပ်တဲ့စနစ်ဖြစ်နေတယ်။ အဲဒီတော့ တကယ့်ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်မယ်ဆိုရင် အဲဒီမြို့နယ်နဲ့ခရိုင်ကိုလည်း အုပ်ချုပ်ရေးကောင်စီတွေကိုပေါ့ဗျာ၊ အမေရိကန်အခေါ်ဆိုရင်တော့ အစိုးရပေါ့ဗျာ၊ Local Government တွေခေါ်တာပေါ့။ ဒီအစိုးရအုပ်ချုပ်တဲ့အဖွဲ့တွေကို  အစိုးရအဖွဲ့ငယ်လေးတွေကိုလည်း ရွေးကောက်ပွဲက တဆင့်ပဲသွားရမယ်။ ဒါမှ မှန်ကန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်မယ်။ ဒါပေမယ့် အခက်အခဲက လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၈ က နည်းနည်းလေး အဟန့်အတားဖြစ်နေတယ်။ ပုဒ်မ ၂၈၈ မှာ တော်တော်လေးရှင်းရှင်းလင်းလင်းပြောတားတဲ့အချက်က မြို့နယ်နဲ့ ခရိုင်အဆင့်အုပ်ချုပ်ရေးကို နိုင်ငံဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်ဆိုတဲ့ ပုဒ်မန ၂၈၈ ပြဋ္ဌာန်းချက်က လာညိစွန်းသွားတာ။ အဲဒီအချက်ကြောင့် ကျနော်တို့က  ရွေးကောက်ပွဲလုပ်လို့မရဘူး။ သူတို့ကို အုပ်ချုပ်တဲ့သူက ခန့်ထားရမယ်ဆိုတဲ့အကြောင်းအရာပေါ်လာတယ်။ ပြည်ထဲရေးဝန်ကြီးက အဲဒါကို ခန့်ပြီးအုပ်ချုပ်တယ်ဆိုတဲ့သဘောဖြစ်နေတယ်ပေါ့ဗျာ။ အဲဒီတော့ ၂၈၉ ကျတော့၊ ရပ်ကွက်ကျတော့ သူက တမျိုးဖြစ်တယ်၊ ရပ်ကွက်နဲ့ကျေးရွာကျတော့ ရပ်ကွက်က ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်တဦးကို ဥပဒေနဲ့အညီ ခန့်အပ်တာဝန်ပေးရမယ်ဆိုတော့ သူက ရွေးကောက်ပွဲဆန်ဆန်ဖြစ်သွားတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘဲနဲ့တော့ မြို့နယ်နဲ့ခရိုင်အဆင့်ကို ရွေးကောက်ပွဲကနေအုပ်ချုပ်ဖို့က နည်းနည်းလေး အခက်အခဲဖြစ်နေတယ်။ အဲဒါကြောင့်မို့လို အခုလို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို  ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့အောက်ကို လွှဲပြောင်းပေးလိုက်ခြင်းအားဖြင့် ဘာဖြစ်သွားမလဲဆိုတော့ မြို့နယ်နဲ့ ခရိုင်အဆင့်ကို ရွေးကောက်ပွဲက အုပ်ချုပ်တာ မဟုတ်သော်လည်း သူတို့ကို တိုက်ရိုက်ကြီးကြပ်ကွပ်ကဲတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရကျတော့ ရွေးကောက်ပွဲက တက်လာတာဖြစ်တဲ့အတွက် နည်းနည်းလေးတော့ ဒီမိုကရေစီဘက်ကို ဦးတည်တဲ့အနေအထားရှိတယ်၊ နည်းနည်းလေးတော့ပိုပြီးတော့ လုပ်သာကိုင်သာ ချောင်လာမယ်။ ခုနလို အပေါ်ကိုပိုင်တယ်ဆိုတာပုံမျိုးနဲ့အောက်မှာ လုပ်ချင်တာလုပ်လို့ မရတော့ဘူး၊ နီးနီးကပ်ကပ် ကြီးကြပ်ကွပ်ကဲလာတဲ့အခါကျတော့။ သဘောကတော့ဗျာ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေး မဟုတ်တာလုပ်ရင် ဘယ်ကိုသွားဆောင့်မလဲဆိုတော့ အရင်က ပြည်ထဲရေးဝန်ကြီးဆီကိုသွားတယ်၊ လမ်းကြောင်းရှည်တယ်၊ အခုကျတော့ ဒါရိုက် ပြည်နယ်နဲ့တိုင်းဝန်ကြီးတွေကို တက်ဆောင့်တော့မယ်။ ဒီပြဿနာ သူတို့ဆီကို တိုက်ရိုက်ရောက်တော့မယ်ဆိုတော့ ဒါတွေကို သူတို့အဖြစ်ခံလို့ရမှာ မဟုတ်ဘူး။ အဖြစ်ခံတာနဲ့ သူတို့ရဲ့ အရေအချင်းညံ့တယ်၊ အုပ်ချုပ်မှု ညံ့ဖျင်းတယ်ဆိုတဲ့ စွပ်စွဲ၊ ဝေဖန်၊ ပြစ်တင်ခံရတာတို့က ဖြစ်လာမယ်။ ဆိုတော့ ကျနော်တော့ တော်တော်လေးထောက်ခံတယ်။ ဒါကို ပိုကောင်းအောင် ကောင်းသထက်ကောင်းအောင် ဘယ်လိုလုပ်မလဲ ၀ိုင်းစဉ်းစားပြီးတော့ အကောင်အထည်ဖော်စေချင်တယ်။”

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အများပြည်သူစိတ်ချလက်ချဖြစ်ရအောင် လွှတ်တော်မှာ ဥပဒေတရပ်မပြဋ္ဌာန်းသင့်ဘူးလား၊ ပြဋ္ဌာန်းရင် ပိုလုံခြုံမလားလို့ပါ။

“အဲဒါကတော့ နိုင်ငံတော်သမတရဲ့လုပ်ပိုင်ခွင့် အတွင်းကိုကျရောက်တဲ့ဟာက ဥပဒေပြဋ္ဌာန်းစရာမလိုဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံတော်သမ္မတကို အပ်နှင်းထားပြီးဖြစ်တဲ့အတွက်  နိုင်ငံတော်သမ္မတကနေပြီးတော့ လိုအပ်တဲ့ အမိန့်ကြော်ငြာစာများထုတ်ပြန်ပြီးတော့ ဆောင်ရွက်နိုင်တယ်၊ ဥပဒေပြဋ္ဌာန်းဖို့မလိုဘူး။ တကယ်လို့ ခုနလိုပေါ့ဗျာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်လို့ မြို့နယ်နဲ့ခရိုင် အဆင့်ထိကိုပါ ရွေးကောက်ပွဲကနေ တက်လာတဲ့လူတွေက အုပ်ချုပ်မယ်ဆိုရင်တော့ ရပ်ကျေးအုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းသလိုမျိုး ကျနော်တို့က ဒေသန္တရ အုပ်ချုပ်ရေးဆိုတဲ့ဥပဒေတခု ပြဋ္ဌာန်းဖို့လိုသွားပြီ။ ဆိုလိုတာက အခု ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရ ဥပဒေဆိုတာရှိတယ်ဗျာ။ အဲဒီလိုမျိုး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အတွက်ပဲ ရေးရတော့မယ်။ ခရိုင်တခု မြို့နယ်တခု မရေးတော့ဘဲနဲ့ ဒေသန္တရဥပဒေဆိုပြီး ဥပဒေတခုရေးပြီးတော့မှ ခရိုင်အုပ်ချုပ်ရေးဌာနရဲ့ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေကဘာ၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေ၊ တာဝန်တွေက ဘာ၊ ရပ်ကျေးက ဘာ အဲဒါအားလုံးဥပဒေထဲမှာ ထည့်ပြဋ္ဌာန်းလိုက်ရင်တော့ အဲဒါ အင်မတန်ကောင်းတယ်။ အဲဒါက လုပ်သင့်ပါတယ်။ ကျနော်တို့လည်း ပိုသဘောကျပါတယ်။ ပြည်သူတွေလည်း လုံလုံခြုံခြုံရှိသလို အုပ်ချုပ်သူတွေရဲ့ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေကိုလည်း တိတိကျကျ ပြဋ္ဌာန်းလိုက်တဲ့အခါကျတော့ သူတို့က ဥပဒေဘောင်အတွင်းကပဲ တိတိကျကျလုပ်ရမယ့်သဘောဖြစ်သွားမှာပေါ့။ အဲဒီလို မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးဥပဒေရေးဆွဲဖို့ ဟို ပြီးခဲ့တဲ့လွှတ်တော်ကတည်းက သူတို့ အကြံအစည်ရှိတယ်။ အဲဒီတော့ ရေးဆွဲရမယ့်ဥပဒေစာရင်းထဲမှာလည်း အဲဒီဥပဒေ ၂ ခုကို ကျနော်တို့က တွေ့ထားပါတယ်။ တွေ့ထားတဲ့အတွက် နောက်ပိုင်းမှာ ဥပဒေက လိုက်လာဖွယ်ရာ အကြောင်းရှိပါတယ်။”

No comments:

Post a Comment