သံသယလမ်းပေါ်က မြို့ပြတက္ကစီ


|| ဆောင်းဖြူ ||

တက္ကစီယာဉ်မောင်းက ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် မိန်းကလေးငယ်ကို 'မဖွယ်မရာကား' ဖွင့်ပြသည့် သတင်းကို ဖတ်ရတော့ မညိုညိုမြင့် ဒေါသဖြစ်သွားသည်။ အနီးအနားတွင် ထိုကားသမားရှိပါက စိတ်ရှိလက်ရှိ ထုထောင်းရိုက်နှက်မိမည် ထင်သည်။ မိခင်နှင့်အတူတူ လိုက်ပါလာသည့် မိန်းကလေးငယ်ကိုပင် ထိုသို့ စော်ကားမော်ကား ပြုမူဝံ့သူလူမျိုး၏ တက္ကစီပေါ်တွင် အဖော်မပါ တစ်ကိုယ်တည်း ငှားစီးရသည့် မိန်းကလေးတို့ ဆိုလျှင်ကား ပို၍စိုးရွံ့စရာ ကောင်းပေမည်ဟု မညိုညိုမြင့် တွေးနေမိသည်။

တစ်ဆက်တည်း လွန်ခဲ့သည့် တစ်နှစ်ခန့်က မညိုညိုမြင့်သူငယ်ချင်း ကြုံခဲ့ရသည့် ရင်ထိတ်ဖွယ် အဖြစ်အပျက် ကိုလည်း ပြန်လည် သတိရမိသွားသည်။ မညိုညိုမြင့် သူငယ်ချင်းက အစိုးရရုံးဌာနတစ်ခုက စာရေးတစ်ဦးဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ ထိုတစ်နေ့က သူ့သူငယ်ချင်းမှာ ရုံးဌာနချင်း ချိတ်ဆက် လုပ်ကိုင်ရသည့် တာဝန်တစ်ခုဖြင့် တခြားမြို့နယ်ရှိ ရုံးသို့ တက္ကစီငှားပြီး သွားဖြစ်ခဲ့သည်။ တစ်ဖက်ရုံးတွင် ဆောင်ရွက်ရသည့် အလုပ်ကလည်း ခဏတစ်ဖြုတ်မို့ တက္ကစီသမားကို ရုံးရှေ့တွင်စောင့်ခိုင်းပြီး အသွားအပြန် ငှားမည်ဟု မှာထားခဲ့လိုက်သည်။

ရုံးကိစ္စပြီး၍ ထိုတက္ကစီကို စီးပြီးပြန်လာစဉ်မှာ ဇာတ်လမ်းက စတော့သည်။ တက္ကစီသမားက အကြောင်းမရှိ အကြောင်းရှာ စကားစလာသည်။ သူငယ်ချင်းဖြစ်သူ၏ အလုပ်နှင့် မိသားစုဘ၀ကို စပ်စုလာသည်။ မညိုညိုမြင့် သူငယ်ချင်းက ပွင့်ပွင့်လင်းလင်းနှင့် ရိုးရိုးဘွင်းဘွင်း စိတ်ရှိသူမို့ တက္ကစီသမားကို ရယ်ရယ်မောမောဖြင့် စကားတွေ ပြန်ပြောဖြစ်သည်။ သည်မှာတင် သည်သကောင့်သား၏ ဥာဏ်တစ်ထွာတစ်မိုက်က ဘယ်လို ကောက်ချက်ချလိုက်သည် မသိ။ လမ်းတစ်နေရာတွင် ကားထိုးရပ်လိုက်ပြီး -

"ညီမ အစ်ကိုနဲ့ ခဏလိုက်ခဲ့ပါလား" တဲ့။ သူငယ်ချင်းဖြစ်သူက ဗြုန်းခနဲ နားမလည်။ တက္ကစီသမား ဘာကို ရည်ရွယ် ပြောမှန်း သဘောမပေါက်။ သို့နှင့် တက္ကစီသမား မေးထိုးညွှန်ပြသည့်နေရာကို လှမ်းကြည့်လိုက်တော့ 'အအေးခန်း တည်းခိုရိပ်သာ' တဲ့။ သူ တဆတ်ဆတ်တုန်ပြီး ထိတ်လန့်သွားသည်။ စောစောက ကားသမားကို ပြန်ပြောခဲ့သည့် စကားတွေထဲမှာ တစ်ဖက်သားကို မြှူဆွယ်သည့်စကားတွေ၊ ညုသည့်စကားတွေ တစ်လုံးမှမပါ။ သည်ကားသမား ရူးများနေသလားဟု တွေးပြီး ဘေးဘီကိုကြည့်လိုက်တော့ သူ့ရုံးကို ပြန်လာသည့် လမ်းကြောလည်း မဟုတ်။ လူကလည်း နည်းနည်းပြတ်နေသည်။ စကားပြောရင်း လိုက်ပါလာသည်မို့ လမ်းကြောကို သတိမပြုမိလိုက်။ ကားသမားကလည်း သူ့ဘက်လှည့်ပြီး တတွတ်တွတ်ခေါ်နေသည်။ မညိုညိုမြင့်သူငယ်ချင်းခမျာ "ကျွန်မ အဲဒီလိုအမျိုးအစား မဟုတ်ဘူး" ဟု ဗလုံးဗထွေးပြောပြီး ကားပေါ်က အတင်းဆင်းပြေးလာခဲ့ရသည်။ ကြောက်လန့်စိတ်ဖြင့် ပတ်ဝန်းကျင်ကို အကူအညီတောင်းရန်လည်း သတိမရ၊ ကားနံပါတ်မှတ်ရန်လည်း စိတ်မှာမပေါ်ဘဲ ထိုတက္ကစီ၊ ထိုလူနှင့် ဝေးလျှင်ပြီးရော အတွေးဖြင့် အပြေးတစ်ပိုင်း ထွက်လာခဲ့မိသည်။

သူ့မှာ ချွေးစီးတွေထွက်၊ တစ်ကိုယ်လုံးတုန်တုန်ရီရီဖြစ်ပြီး နောက်ထပ်တက္ကစီကိုလည်း မငှားရဲတော့။ တွေ့သည့်လူကို လမ်းကြောင်းမေးမြန်းပြီး ဘတ်စ်ကား အဆင့်ဆင့်စီးကာ ရုံးသို့ပြန်လာခဲ့ရသည်။

သည့်နောက်ပိုင်း ကိစ္စဘယ်လောက် အရေးကြီးကြီး အုပ်စုမတောင့်လျှင် တက္ကစီငှားမစီးရဲတော့။ သွားစရာ လာစရာရှိလျှင် အများတကာလို ဘတ်စ်ကားကို တိုးကြိတ်ပြီး စီးရသည်။ စပယ်ယာ၏ အဆူအဟောက်ကို ကျိတ်ခံရသည်။ အခွင့်အရေးသမားများ နှင့် ခါးပိုက်နှိုက်တို့၏ရန်ကို သတိနှင့်ရှောင်ရသည်။ ပြောရလျှင် မညိုညိုမြင့် သူငယ်ချင်း တက္ကစီ အလာ့ဂျစ်ဖြစ်သွားသည်။ ကားတိုက်ခံရသူ ကားမြင်လျှင် ထိတ်လန့်သလို သူလည်း တက္ကစီမြင်လျှင် အလိုလိုကြောက်ချွေးပြန်လာတတ်သည်။

သည်လိုအဖြစ်မျိုးတွေ၊ သည့်ထက်ဆိုးသည့် အဖြစ်မျိုးတွေ ဘယ်သူတွေ ဘယ်လောက် ကြုံနေကြရပြီလဲဟု မညိုညိုမြင့် တွေးပူနေမိသည်။ မြို့ပြနေသူများ လွယ်ကူချောမွေ့မြန်ဆန်စွာ သွားလာရေးအတွက် တက္ကစီက မရှိမဖြစ် အရာတစ်ခုဟုလည်း သူနားလည်ထားသည်။ မညိုညိုမြင့်တို့ ရန်ကုန်မှာ ၁၉၅၄ ခုနှစ်ခန့်က ဂျပန်လုပ် သုံးဘီးယာဉ် ကလေးများဖြင့် တက္ကစီပြေးဆွဲခြင်း စတင်ခဲ့သည်ဟု စာထဲမှာ ဖတ်ဖူးသည်။ အဲသည် သုံးဘီးတွေ မြို့ပြအင်္ဂါနှင့် မကိုက်ညီတော့ နယ်ဘက်တွေ ရောက်သွားသည်။ မညိုညိုမြင့်ကတော့ သုံးဘီးခေတ်ကိုမမီလိုက်။ ပဲခူးဘုရားဖူးသွားတုန်းက တစ်ကြိမ်စီးဖူးသည်။ သုံးဘီးခေတ်အလွန်၊ မညိုညိုမြင့် ကလေး အရွယ်မှာတော့ B 600၊ B 350 လေးဘီးကားတွေ ပေါ်လာပြန်သည်။ ဘ၀သရုပ်ဖော် စာရေးဆရာကြီး မောင်သာရလည်း လေးဘီးမောင်းသမားဘ၀ကိုရချင်၍ ကိုယ်တိုင်လေးဘီးမောင်းပြီး ဘ၀သရုပ်ဖော် ၀တ္ထုရှည်ကြီးတစ်ပုဒ် ရေးခဲ့သည်ဟု စာဖတ်ဝါသနာ ပါသူ မညိုညိုမြင့် ဖခင်က ပြောပြဖူးသည်။

သုံးဘီး၊ လေးဘီးကားလေးများအလွန် ယနေ့ခေတ်မှာတော့ မော်ဒယ်မြင့်သော၊ ပုံစံမျိုးစုံ အမျိုးအစားမျိုးစုံသော တက္ကစီကားတွေ နေရာယူလာကြသည်။ ကားဈေးတွေလည်း အတန်အသင့်ကျပြီး ရန်ကုန်မှာ တက္ကစီတွေနှင့် ကျပ်တောက်လာသည်။ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ပြီး ပြေးဆွဲနေသည့်အရေအတွက်ပင် ၂၀၁၆ ဧပြီလအထိ ၆၃,၀၀၀ ခန့်ရှိသွားပြီဟု သတင်းတစ်ခုက ဆိုသည်။ သည့်ပြင် မှတ်ပုံမတင်ထားသည့် တက္ကစီတွေကလည်း ဒုနဲ့ဒေး။ ထို့ကြောင့် အပြင်ထွက်လိုက်သည်နှင့် ဘယ်ကြည့်ကြည့် တက္ကစီက လက်ညှိုးထိုးမလွဲ။ ၀မ်းရေးအတွက် တက္ကစီ မောင်းသူတွေ များပြားလာသည်။

တစ်ဆက်တည်း တက္ကစီနှင့်ပတ်သက်သည့် အမျိုးမျိုး အထွေထွေသော မှုခင်းတွေ ပေါ်ပေါက်လာသည်။ မညိုညိုမြင့် ငယ်စဉ်က အိမ်နားက အစ်ကိုကြီးတစ်ယောက်၏ကားကို ခရီးသည်အသွင် ဟန်ဆောင်လာသည့် လူနှစ်ဦးက ညအချိန် လူပြတ်သည့် နေရာသို့ငှားသွားပြီး လူကို ဓားနှင့်ထိုးကာ ကားရော ငွေရော လုယူသွားခဲ့သည်။ ကျူးလွန်သူတွေကို ကားနှင့်တကွ ပြန်ဖမ်းမိ သော်လည်း ထိုအစ်ကိုကြီးမှာတော့ ဒဏ်ရာကို အတော် ဆေးကုလိုက်ရသည်။

ထိုသို့ ခရီးသည်ယောင်ဆောင်ကာ လုယက်မှုတွေ များလာတော့ ကားသမားတွေမှာ သတိနှင့် မောင်း ကြရသည်။ ညပိုင်းမောင်းသူတွေမှာလည်း အဖော်တစ်ဦးခေါ်ပြီး မောင်းလာကြသည်။ ခရီးဝေးပြီး လူပြတ်သည့် နေရာတွေဆို သိပ်မလိုက်ရဲကြတော့။ ကားလာငှားသူတွေ၏ အနေအထားကို အကဲခတ်ပြီး လိုက်သင့်/မသင့် ချင့်ချိန်ရသည်။

ယခုတော့ ထိုအနေအထားနှင့် ပြောင်းပြန်ဖြစ်လာသည်။ ကောင်းကောင်းမွန်မွန် လုပ်ကိုင်ရှာဖွေနေကြသည့် တက္ကစီလောကထဲ အရောင်ဆိုးသူတွေ တဖြည်းဖြည်းစိမ့်ဝင်လာသည်။ ကားမောင်းသူက ခရီးသည်ကို ကြောက်ရသည့် အနေအထားမှ ခရီးသည်က ကားမောင်းသူကို သံသယပြန်ဖြစ်ရသည့် အနေအထားသို့ ရောက်လာသည်။ ခရီးသည်တွေကို လူပြတ်သည့်နေရာခေါ်သွားပြီး ဓားထောက် ခြိမ်းခြောက်ကာ လုယက်သည့် သတင်းတွေ၊ ခရီးသည်ပစ္စည်းတွေယူပြီး ကားမောင်းပြေးသည့် သတင်းတွေကို ဟိုမှာသည်မှာ ကြားလာရသည်။
ကားပေါ်တွင် ရှေ့နားဆင်းမည့် ခရီးသည်ဟန်ဆောင်ကာ၊ ကားနောက်ခန်းတွင် ပုန်းလျှိုးကွယ်လျှိုးလိုက်ကာ ယာဉ်မောင်းနှင့် ပူးပေါင်းကျူးလွန်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာသည်။ တလောကပင် ခရီးသည်ဟန်ဆောင် ထားသူတစ်ဦးနှင့် တက္ကစီသမားတို့က ဘဏ်မှငွေထုတ်လာသည့် အဘွားအိုတစ်ဦးကို မူးမေ့သတိလစ်အောင် ပြုလုပ်ပြီး ရွှေထည်ပစ္စည်းနှင့် ငွေများကို ယူဆောင်သွားခဲ့ကြသည်။

တချို့သော တက္ကစီသမားကတော့ ခါးပိုက်နှိုက်တွေနှင့် ချိတ်ဆက်ပြီး ထိုသူတို့လိုက်ပါသွားသည့် ဘတ်စ်ကားနောက် လိုက်မောင်းနေတတ်သည်။ ပြီးလျှင် ဘတ်စ်ကားစီး ခရီးသည်ထံမှ ပစ္စည်း/ငွေကြေး နှိုက်ပြီးဆင်းလာသည့် ခါးပိုက်နှိုက်တွေကို တင်ဆောင်ကာ လမ်းကြောင်းပြောင်း မောင်းပို့သည့် အလုပ်ကိုလုပ်ပေးတတ်သည်။

ထိုသို့ တက္ကစီသမားအသွင်ဆောင်ကာ လစ်လျှင်လစ်သလို မကောင်းမှုဒုစရိုက် ပြုလုပ်ကြသူတွေအပြင် ခရီးသည် မိန်းမပျိုများကို ထိကပါးရိကပါး ပြောဆိုသူတွေ၊ အပြုအမူဖြင့် မတော်တရော် လုပ်ပြသူတွေ၊ သားသမီးချင်း နှမချင်း မစာနာဘဲ အပြာကားကို မသိမသာဖွင့်ပြသူတွေ အစရှိသည့် စုန်းပြူး တက္ကစီသမားတွေ ပေါ်ပေါက်လာသည်။

အကျိုးဆက်ကား ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသည့် ကားသမားတွေအပေါ် ခရီးသည်တွေက ယုန်ထင်ကြောင်ထင် ဖြစ်လာသည်။ ကားငှားချင်လျှင်ပင် တက္ကစီတွေ့တိုင်း လက်မတားရဲတော့။ ကားပေါ် လူပိုပါလာလျှင် မလိုက်ရဲတော့။

"တက္ကစီတွေက အရမ်းများလာပြီ သမီးရေ။ အရင်တုန်းကလို မောင်းမကောင်းတော့ဘူး။ တစ်ခါတစ်ခါ အုံနာခရအောင်တောင် တော်တော်ရှာယူရတယ်။ ဒီကြားထဲ ခရီးသည် ယောင်ဆောင်ထားတဲ့ ဒုစရိုက် သမားတွေက တစ်မျိုး၊ တက္ကစီသမား ယောင်ဆောင်ထားတဲ့ ကောင်တွေကလည်း တမှောင့်နဲ့ တို့လောက က တော်တော်စိတ်ပျက်ဖို့ ကောင်းလာပါပြီ။ ဦးလေးကားဆိုရင် တားပြီးကာမှ ဈေးစကားတောင် မပြောရသေးဘူး မလိုက်တော့ဘူး၊ မလိုက်တော့ဘူးနဲ့ အသားလွတ်ကြီး ငြင်းလွှတ်တာတောင် ကြုံဖူးတယ်"

မညိုညိုမြင့်နှင့် ဆွေမျိုးနီးစပ်တော်သည့် ဦးလေးတစ်ယောက်က သည်လိုဖွင့်ဟဖူးသည်။ ဦးလေး၏ အပြင်ပန်း ရုပ်ရည်ကလည်း ခပ်ကြမ်းကြမ်း ခပ်ရင့်ရင့်မို့ ကားငှားသူတွေက သံသယ၀င်ပြီး စိုးရိမ်ကြဟန်ရှိသည်။ မရိုးသားသူတွေ၏ လုပ်ရပ်က ရိုးရိုးသားသား ရှာဖွေစားသောက် ကြသူတွေထံ လာပြီး သက်ရောက်သည့် အတွက် မညိုညိုမြင့်စိတ်ထဲ မကောင်း။

သမ္မာအာဇီဝကျကျ လုပ်ကိုင်နေကြသည့် လုပ်ငန်းတစ်ခု အမည်းစက် စွန်းထင်းလာသည်ကို သူ့အနေဖြင့် မနှစ်မြို့။ မိသားစုဝမ်းရေးအတွက် လမ်းပေါ်မှာ တစ်နေကုန် မောင်းနှင်ရှာဖွေနေကြရသည့် မှန်မှန်ကန်ကန် တက္ကစီသမားတွေကိုလည်း ဘေးအန္တရယ် ကင်းစေချင်သည်။ ထို့အတူ မညိုညိုမြင့်တို့လို ကားစီးခရီးသည်တွေ ဘက်ကလည်း ကိုယ်ငှားစီးသည့်ကားကို စိတ်အေးလက်အေး၊ အန္တရာယ်ကင်းကင်း စီးလိုလှသည်။ အထူးသဖြင့် သူတို့လို မိန်းကလေးတွေအတွက် စိတ်လုံခြုံမှု အပြည့်အ၀ ပေးသော တက္ကစီမျိုးတွေ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာ ဖြစ်ဖြစ် ရှိစေချင်သည်။

ယခုအနေအထားမှာတော့ သူ့ဘက်ကိုယ့်ဘက် သံသယ အနေအထားမှာရှိနေကြဆဲ။

တက္ကစီနှင့်ပတ်သက်သည့် ကာတွန်းတစ်ခုကို မညိုညိုမြင့်ဖတ်ဖူးသည်။ ကာတွန်းထဲမှာ လူတစ်ဦးက တက္ကစီတစ်စီးကို ငှားနေသည်။ တက္ကစီသမားက ကားငှားမည့်သူကိုကြည့်ပြီး ခရီးသည် အမှန်အကန် ဖြစ်ပါစေဟု တွေးနေသလို၊ ခရီးသည်ကလည်း ကားမောင်းသူကိုကြည့်ကာ တက္ကစီသမားအစစ် ဖြစ်ပါစေဟု တွေးနေသည်။

မညိုညိုမြင့်ကတော့ ထိုသံသယများ လွန်မြောက်သော ကာလတစ်ခုကို တကယ် မျှော်လင့်နေပါသည်။

ဆောင်းဖြူ
- ၂၀၁၆ မေ ၁၀ -
Photo - Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)