Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 15, 2016

ဦးနှောက်တံခါး ဖွင့်ပေးခဲ့သော ခရီး

မင်းကျော်ကျော်ထွန်း (မော်လမြိုင်)

အမေရိကန်နေးတစ်တွေနေတဲ့ ကျေးရွာတွေဘက်ကို မကြာခဏခရီးထွက်ခဲ့တာကြောင့် အဲဒီဒေသဘက်မှာ နေထိုင်တဲ့ အမေရိကန်နေးတစ် အဖိုးအိုးတစ်ဦးနဲ့ ကျွန်တော်ရင်းနှီးခဲ့ပါတယ်။ သူ့နာမည်က မစ္စတာဝေလ်ဆင်ဝီလျှံ ပါ။ ကျွန်တော်တို့ကတော့ မစ္စတာဝေလ်ဆင် လို့ခေါ်တယ်။ သူက အရင်တုန်းက အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုတော့ အငြိမ်းစားတစ်ယောက်ပါ။ အနားယူပြီးချိန်က,စပြီး မြို့ကြီးမှာ မနေတော့ဘဲ သူတို့ အမေရိကန်နေးတစ်တွေ စုဝေးနေထိုင်ကြတဲ့ မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ ဂမ်နစ်ဆန်(Gunnison) မြို့ကို ပြောင်းရွေ့နေထိုင်ရင်း အနားယူနေခဲ့ပါတယ်။ မြို့ကြီးတွေလို လူတွေပြည့်ကြပ်စည်ကားနေတာ မရှိပေမယ့် သူ့အရပ် သူ့ဒေသ၊ သူ့လူမျိုးတွေနဲ့ သူ့ဆွေမျိုးသားချင်းတွေ နေထိုင်ကြတဲ့မြို့ ဖြစ်တာကြောင့် မစ္စတာဝေလ်ဆင်အတွက် အလွန်နေလို့ကောင်းတဲ့ ဇာတိမြို့လည်း ဖြစ်ပါတယ်။

လူမှုရေး၊နိုင်ငံရေး အလွန်ရင့်ကျက် တည်ငြိမ်တဲ့ အဲဒီအဖိုးအို မစ္စတာဝေလ်ဆင်နဲ့ စကားပြောရတာ ကျွန်တော့်အတွက် အတွေးအခေါ်သစ်တွေ၊ အသိဉာဏ်သစ်တွေ အများကြီးရလိုက်ပါတယ်။ မစ္စတာဝေလ်ဆင် ဆီကနေ သခင်နဲ့ကျွန် ဘယ်လို ကွာသလဲ၊ ဘာကြောင့် ကွာသလဲ၊ ဘာဖြစ်လို့ သခင်ဖြစ်တာလဲ၊ ဘာကြောင့် ကျွန်ဖြစ်တာလဲ ဆိုတဲ့ အတွေးအခေါ်တွေကိုလည်း သူနဲ့ စကားပြောလိုက်ပြီးတဲ့ အချိန်အခါ ကျတော့မှ ကျွန်တော်ပိုပြီး မျက်စိပွင့်၊ နားပွင့်၊ ဦးနှောက်အသိဉာဏ်တွေလည်း အမြင်ရှင်းပြီး ပိတ်နေတဲ့ ဦးနှောက်တံခါးတွေလည်း ပွင့်လာပါတော့တယ်။ မစ္စတာဝေလ်ဆင် ပြောပြတဲ့အကြောင်းအရာတွေကို နားထောင်ပြီး သူတို့ဘာကြောင့် သခင်ဖြစ်တယ်၊ သခင်ဖြစ်နေတယ် ဆိုတာကိုပါ ဆက်လက်သဘောပေါက်လာခဲ့တယ်။

အမေရိကန်နိုင်ငံကိုရောက်ပြီး ၅-နှစ်လောက် ကတည်းက ကျွန်တော်သတိပြုမိတာတွေ ရှိတယ်။ အဲဒီအထဲကမှ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး ပိုသတိပြုမိလာတယ်။ အမေရိကန်နိုင်ငံမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက်လူကြီး၊ မြို့နယ်လူကြီးဆိုတာတွေ တစ်ယောက်မှ ကျွန်တော်မတွေ့ရဘူး။ ဒါဆို သူတို့က နိုင်ငံကို ဘယ်လိုအုပ်ချုပ်နေလဲ၊ ဘယ်လို အုပ်ချုပ်မှုပုံစံနဲ့ တည်ဆောက်ထားလဲ၊ ဘာကြောင့် သူတို့နိုင်ငံ တည်ငြိမ်နေလဲ၊ ဘယ်လို စနစ်နဲ့ အုပ်ချုပ်နေလဲ စသည်စသည်ဖြင့် ကျွန်တော် စိတ်ဝင်စားလာတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော့်ကို ပြောပြမယ့်သူ ရှင်းပြမယ့်သူ ကျွန်တော်တစ်ယောက်မှ မတွေ့ခဲ့ပါ။

အခုတော့ ကျွန်တော်တွေ့ပါပြီ။ သူကတော့ မစ္စတာဝေလ်ဆင် ပါဘဲ။ “မစ္စတာဝေလ်ဆင် တို့ဆီမှာ ရပ်ကွက်လူကြီးလည်း မတွေ့ပါလား၊ ရပ်ကွက်လူကြီး မရှိဘူးလား” လို့ မစ္စတာဝေလ်ဆင်ကို ကျွန်တော် မေးကြည့်ရာကနေ စခဲ့တယ် ဆိုပါတော့။ “ရပ်ကွက်လူကြီး! ဘာလုပ်တဲ့ ရပ်ကွက်လူကြီးလဲ” လို့ မစ္စတာဝေလ်ဆင်က ထူးဆန်းတဲ့ အကြည့်နဲ့ ကျွန်တော့်ကို ကြည့်ရင်း ပြန်မေးလာတယ်။ ကျွန်တော် မေးတဲ့မေးခွန်းဟာ သူ့အတွက် တော်တော် ထူးဆန်းနေတယ်။ သူ့တစ်သက်မှာ တစ်ခါမှ မကြားခဲ့ဘူးတဲ့ စကားကို သူ့အရှေ့မှာ ကျွန်တော်လာပြောနေသလို ဖြစ်နေတယ်။ “ဒီလိုပါ ကျွန်တော်တို့ နိုင်ငံမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက်လူကြီး စသည်ဖြင့် အုပ်ချုပ်ဖို့ လူတွေ ခန့်ထားပြီး အုပ်ချုပ်တယ်” ဆိုတဲ့အကြောင်း ကျွန်တော်ပြောပြလိုက်တော့ သူကျွန်တော့်ကို သေသေချာချာ ကြည့်တယ်။ စူးစူးစမ်းစမ်း ကြည့်တယ်။ သူ့ အကြည့်တွေက ကျွန်တော့် ခန္ဓာကိုယ်ကို ဖောက်ထွက်စိမ့်ဝင် သွားသလို ခံစားလိုက်ရတယ်။ ကျွန်တော် အနေရခက်သွားတယ်။ “အဲဒီလိုဘဲ နင်တို့နိုင်ငံမှာ အုပ်ချုပ်လား” လို့ သူ ကျွန်တော့်ကို ပြန်မေးတယ်။ “ဟုတ်ကဲ့”လို့ ကျွန်တော် ဖြေလိုက်တယ်။ သူက “အခု အုပ်ချုပ်နေတာလား”လို့ မေးပြန်တယ်။ ကျွန်တော်က “ဟုတ်ကဲ့ အခု အုပ်ချုပ်နေတာပါ”လို့ ဖြေလိုက်တယ်။ “နင်တို့ နိုင်ငံက လွတ်လပ်ရေး ရသွားပြီဆို” “ဟုတ်ကဲ့ ၁၉၄၈-ခုနှစ်၊ ဇန္နဝါရီလ ၄-ရက်နေ့ ကတည်းက လွတ်လပ်ရေး ရတာပါ” လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။ သူတော်တော် အံ့သြသွားတယ်။ ဘာကြောင့် အဲဒီလောက် အံ့သြသွားတယ်ဆိုတာ သူ့ကိုကြည့်ပြီး ကျွန်တော် နားမလည်နိုင်အောင် ဖြစ်ရတယ်။

“မစ္စတာကျော် နင်ပြောတာတွေဟာ တော်တော်အံ့သြဖို့ကောင်းတယ်၊ ငါ တော်တော်အံ့သြတယ် နင်တို့လူမျိုး တွေ ဒါကြောင့် အခုထိ လွတ်လပ်မှု မရကြသေးဘူးဆိုတာ အခုမှ ငါလည်း သဘောပေါက်တယ်”လို့ သူ့စကားကို ဆက်ရင်း ကျွန်တော့်ကို သေသေချာချာ ပြန်ကြည့်တယ်။ “နင်တို့နိုင်ငံကို အင်္ဂလိပ်အုပ်ချုပ်သွားတယ်၊ နင်တို့ သူ့ဆီက လွတ်လပ်ရေးရတယ်” “ဟုတ်ကဲ့ပါ” “ဗြိတိန်က ကမာ့္ဘနိုင်ငံ တော်တော်များများကို အုပ်ချုပ်သွားတယ်၊ တို့နိုင်ငံဟာလည်း သူ့ဆီက လွတ်လပ်ရေး ရခဲ့တာဘဲ”လို့ မစ္စတာဝေလ်ဆင်က ကျွန်တော်ကို ကြည့်ပြီး ဆက်ပြောလာတယ်။ “တို့က ၁၇၇၆- ခုနှစ်၊ ဇူလိုက်လ ၄-ရက်နေ့မှာ ဗြိတိန်ကနေ လွတ်လပ်ရေးရခဲ့တယ်၊ နင်တို့နဲ့တော့ နှစ်ပေါင်း ၁၇၂- နှစ်လောက် စောတာပေါ့” “ဟုတ်ကဲ့” “တို့က လွတ်လပ်ရေးရပြီး ၁၁-နှစ် အတွင်းမှာ တို့ နိုင်ငံအတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံကို တို့နိုင်ငံ၊ တို့လူမျိုးတွေနဲ့ ကိုက်ညီပြီး တရားမျှတမှုဖြစ်အောင် ရေးခဲ့တယ်၊ တို့ နိုင်ငံသားတွေ အဖိနှိပ်ခံဘဝ မရောက်အောင် ရေးခဲ့တယ်၊ တို့နိုင်ငံရဲ့ အခြေခံဥပဒေမှာကို ထည့်ရေးထားတယ်၊ ဒါကို မစ္စတာကျော်လည်း အခု သိနေပြီဘဲ” သူက ကျွန်တော့်ကို အားမရသလို ကြည့်ပြီး အဲဒီအကြောင်းတွေကို ပြောပြလာတယ်။ “ကျွန်တော့် စိတ်ထဲမရှင်းတာက ရပ်ကွက်မှာ ရပ်ကွက်လူကြီးမရှိဘဲ ဘယ်လို အုပ်ချုပ်ထားလဲ ဆိုတာကိုပါ” “အစိုးရက အုပ်ချုပ်ထားတာပေါ့ မစ္စတာကျော်ရယ်၊ အစိုးရမှာ လုံခြုံရေးအတွက် ရဲရှိတယ်၊ နိုင်ငံ ကာကွယ်ဖို့အတွက် စစ်တပ်ရှိတယ်” လို့ ပြောပြီး သူ့ရဲ့တောက်ပတဲ့ မျက်လုံးအစုံနဲ့ ကျွန်တော့်ကို ကြည့်ပြန်တယ်၊ ပြီးမှ “မစ္စတာကျော်ကို ပြောပြမှ ဖြစ်တော့မယ်” ဆိုပြီး သူ့ရဲ့ထူးဆန်းတဲ့ စကားကို စတင်လိုက်ပါတော့တယ်။

“အင်္ဂလိပ်ဟာ ကမာ့္ဘနိုင်ငံတွေကို ကိုလိုနီလုပ်တဲ့အခါ အဲဒီနိုင်ငံတွေကို ဘယ်လိုနှိပ်ကွပ်ထားရမယ် ဆိုတာကို အမြဲတမ်းစဉ်းစားတယ်။ သူ အဲဒီလို နှိပ်ကွပ်ထားမှ ဖိနှိပ်ထားမှ အဲဒီနိုင်ငံကို ထိန်းထားလို့ရမယ်။ ဒါကြောင့် သူ အမြဲတမ်းစဉ်းစားတာက နိုင်ငံတစ်ခုကို ရောက်တိုင်းရောက်တိုင်း အဲဒီနိုင်ငံက လူမျိုးတွေကို အသုံးချပြီး အဆင့်ဆင့် ဘယ်လိုနှိပ်ကွပ် ထားရမယ်၊ ချိုးနှိမ်ထားရမယ် ဆိုတာကိုဘဲ” မစ္စတာဝေလ်ဆင်က စကားကို ခဏ နားလိုက်ပြီး ဆက်ပြောပြတယ်။ “သူခိုင်းထားတဲ့သူတွေကိုတော့ ထုံးစံအတိုင်း အခွင့်အရေး နဲနဲပေးထားရတာပေါ့။ လူဆိုတာ အခွင့်အရေး မက်တယ်၊ ပညာ မတတ်တဲ့သူတွေက ပိုပြီးအခွင့်အရေးမက်တယ်၊ ဦးနှောက် အသိဉာဏ် နည်းတဲ့သူတွေက ပိုပြီးအခွင့် အရေးမက်တယ်၊ အဲဒါတွေကိုက သူ့လူမျိုးအချင်းချင်းကို ပြန်ပြီး နှိပ်ကွပ်ထားနိုင်ဖို့အတွက် နည်းလမ်းတစ်ခု ဖြစ်သွားတယ်”လို့ ပြောပြလာတော့ ကျွန်တော် သူ့စကားတွေကြားပြီး အလွန်အံ့သြသွားတယ်။ အဲဒီစကားတွေရဲ့ နောက်မှာဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ဆက်ပြီး တွေးလိုက်တဲ့ အချိန်မှာတော့ ကျွန်တော့်ရဲ့ စဉ်းစားနိုင်တဲ့ ဦးနှောက်ဉာဏ်တံခါးတွေဟာလည်း ချက်ချင်းပွင့် ထွက်လာပြီး ကမ္ဘာကြီးကို ကမ္ဘာ့ဝင်ရိုးစွန်းထိပ်ပေါ်က ထိုင်ပြီး ကြည့်မြင်လိုက်ရသလို လှမ်းမြင်နိုင်တဲ့အထိ အမြင်ကျယ်သွားတယ်။ အော် နိုင်ငံကြီးတွေဆိုတာ ကမ္ဘာနဲ့ယှဉ်တဲ့ အသိဉာဏ်ပိုင်ရှင်တွေ နေထိုင်နေကြတဲ့ နိုင်ငံပါလား။ လွတ်လပ်စွာ တွေးခေါ်နိုင်ခြင်းဆိုတာ ဖိနှိပ်ထားခြင်းကင်းတဲ့ ဦးနှောက်တွေနဲ့ တွေးခေါ်စဉ်းစားနိုင်မှသာ လွတ်လပ်စွာ တွေးခေါ်နိုင်ခြင်း ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်နားလည်လိုက်တယ်။ မစ္စတာဝေလ်ဆင်ရဲ့ လွတ်လပ်စွာ တွေးခေါ်ပြောပြနေမှုတွေကနေ ကျွန်တော်အသိအမြင်တွေ အများကြီး ရရှိလိုက်တယ်။ စိုးရိပ် ကြောင့်ကြမှု အောက်က တွေးခေါ်ခြင်း၊ ပြောဆိုခြင်းတွေဆိုတာ ဘယ်လိုမှ လွတ်လပ်စွာ တွေးခေါ်ခြင်းတွေ မဟုတ်ဘူး ဆိုတာကိုလည်း ကျွန်တော်နားလည် သဘောပေါက်လာရပါတော့တယ်။

“ဟုတ်ကဲ့ မစ္စတာဝေလ်ဆင်၊ မစ္စတာဝေလ်ဆင်ပြောပြတဲ့ စကားတွေက ကျွန်တော့်အတွက် အလွန်တန်ဖိုးရှိတဲ့ စကားတွေဖြစ်ပါတယ်၊ အင်္ဂလိပ်တွေက သူတို့ ကိုလိုနီပြုခဲ့တဲ့ နိုင်ငံတွေကို ဘယ်လိုမျိုးစနစ်တွေနဲ့ ဖိနှိပ်ထားခဲ့တယ် ဆိုတာကိုလည်း ပြောပြပေးပါအုံး၊ ကျွန်တော် မစ္စတာဝေလ်ဆင်ရဲ့ အမြင်ကိုလည်း သိပါရစေ” လို့ မေးလိုက်တော့ မစ္စဝေလ်ဆင်က ကျွန်တော်ကို ပြုံးပြီးပြန်ကြည့်လာတယ်။ သူ့အပြုံးက သူ့မြေးတွေ မုန့်ဖိုးတောင်းခါနီး သူ့နား ချည်းကပ်လာတဲ့အခါ ပြုံးပြတတ်တဲ့ အပြုံမျိုးဖြစ်နေတာကို ကျွန်တော်သတိပြုမိလိုက်တယ်။ ကျွန်တော်က သူတို့ မိသားစု အသိုင်းအဝိုင်းနဲ့ ရင်းနှီးခဲ့တာ ကြာပါပကော။ ဘယ်လိုဘဲဖြစ်ဖြစ် သူအခု ကြည့်လိုက်တဲ့ အပြုံးတွေက ကျွန်တော့်ရင်ကို အေးမြစေပါတယ်။ သူ့ရဲ့ ရင်းနှီးစာနာတဲ့ အပြုံးတွေကို ကျွန်တော် ချိုမြိန်စွာ ရရှိလိုက်ခြင်းပါ။

“မစ္စတာကျော်တို့ နိုင်ငံမှာ ရပ်ကွက်လူကြီး၊ ဘာတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး အဲဒါတွေရှိတယ်လို့ ပြောတယ်နော်” “ဟုတ်ကဲ့ ပြောခဲ့ပါတယ်” “အင်္ဂလိပ်တွေဟာ သူတို့ ကိုလိုနီပြုထားတဲ့ နိုင်ငံတစ်ခုကို အထက်ကနေ အောက်ခြေ ရောက်တဲ့အထိ ဘယ်လိုနှိပ်ကွပ်အုပ်ချုပ်ထားရမလဲ စဉ်းစားတဲ့အခါ အခု မစ္စတာကျော်တို့ဆီမှာ အုပ်ချုပ်ထား သလိုဘဲ အမြဲစဉ်းစားတယ်၊ ဒါပေမယ့် သူ့နိုင်ငံကိုကြည့် သူအဲဒီလို သူ့လူမျိုးကို နှိပ်ကွပ်ပြီး မအုပ်ချုပ်ထားဘူး၊ တွေ့လား” “ဟုတ်ကဲ့ စိတ်ဝင်စားစရာပါ ဆက်ပြောပြပါအုံး မစ္စတာဝေလ်ဆင်” “နိုင်ငံတစ်ခုကို ကိုလိုနီပြုလိုက်တဲ့အခါ အဲဒီနိုင်ငံမှာရှိတဲ့ သူတွေအားလုံးငြိမ်နေဖို့နဲ့ အစိုးရရဲ့ ဘဏ္ဍာငွေကို အနည်းငယ်သာသုံးပြီး ထိန်းချုပ်ထား နိုင်ဖို့ဆိုတာကိုသာ ကိုလိုနီတွေက အဓိကထား စဉ်းစားတယ်။ ဒီတော့ အဲဒီနိုင်ငံက အဲဒီလူမျိုးတွေနဲ့ ပိုက်ဆံ မကုန်ဘဲ ပြန်ပြီးခိုင်းစေလို့ရတဲ့ နည်းတွေကို သူတို့အတတ်နိုင်ဆုံး တည်ထွင်စဉ်းစားရတယ်။ ဒါကြောင့် အဲဒီ တိုင်းပြည်က လူမျိုးအချင်းချင်းကိုဘဲ အလကား အုပ်ချုပ်ထားခိုင်းပြီး နိုင်ငံတော် ဘတ်ဂျက်က ပိုက်ဆံမပေးရတဲ့ နည်းတွေကို သုံးလိုက်တာဘဲ။ အဆင့်ဆင့်နှိပ်ကွပ်အုပ်ချုပ်ထားမှ သူတို့(ကိုလိုနီ)အတွက် ပိုအဆင်ပြေစေတယ်၊ အဲဒီနည်းတွေက နိုင်ငံငယ်တွေနဲ့ အသိဉာဏ် မကြွယ်တဲ့နိုင်ငံတွေကို အုပ်ချုပ်တဲ့နေရာမှာ အလွန်အသုံးဝင်တယ်၊ ငါ့အထင်တော့ မစ္စတာကျော်တို့ နိုင်ငံမှာလည်း အင်္ဂလိပ်ပေးသွားတဲ့ အဲဒီအမွေဆိုးတွေ ကျန်ခဲ့ပြီနဲ့တူတယ်” လို့ မစ္စတာဝေလ်ဆင် ပြောပြပြီးချိန်မှာတော့ “ကျန်ခဲ့တာမဟုတ်ဘူး မစ္စတာဝေလ်ဆင်ရေ အခုထိ ကျင့်သုံးနေတာ” လို့ မစ္စတာဝေလ်ဆင်ကို အော်ပြီး ပြောပြလိုက်ချင်ပါတော့တယ်။ ဒါပေမယ့် အဲဒီစကားကို ကျွန်တော် စိတ်ထဲ ကဘဲ ပြောဖြစ်ခဲ့ပါတယ်။

“အမေရိကန်နိုင်ငံကိုကြည့်၊ နိုင်ငံသူ နိုင်ငံသားတွေကို ဖိနှိပ်တဲ့ ဘာဥပဒေမှ မရှိဘူး။ ညီညွတ်အောင်နေဖို့၊ တရား မျှတဖို့၊ လွတ်လပ်စွာ သွားလာနေထိုင်နိုင်ဖို့၊ အမေရိကန်ပြည်သူတွေ အခက်အခဲမရှိ တိုင်းပြည်ထဲမှာ နေထိုင်နိုင်ဖို့ အဲဒီလို လုပ်ပေးထားတယ်၊ ဖိနှိပ်တာကို အစိုးရကလည်း မကြိုက်ဘူး၊ ဥပဒေလည်း မပြဋ္ဌာန်းဘူး။ မစ္စတာကျော် တို့ကို အမေရိကန်နိုင်ငံမှာ ဘယ်သူဖိနှိပ်တာ တွေ့ဘူးသလဲ” “ဟုတ်ကဲ့ ဘယ်သူမှ ဖိနှိပ်လာတာ မရှိပါဘူး။ ကြုံလည်း မကြုံဘူးပါဘူး” “အမေရိကန်နိုင်ငံမှာ နေရတာ ကြိုက်လား” “ကြိုက်ပါတယ်” လို့ ကျွန်တော်ချက်ချင်း ပြန်ဖြေလိုက်တယ်။ ဖြေပြီးသွားတဲ့အခါမှ ငါ့ပါးစပ်က ဘာလို့ အဲဒီလိုဖြစ်သွားပါလိမ့်လို့ ကျွန်တော်ပြန်တွေးလိုက် မိတယ်။

ကျွန်တော်တို့ရဲ့ လူနေမှုဘဝနဲ့ ဘဝအာမခံချက်က အမေရိကန်နိုင်ငံရောက်မှ နောက်ကျောလုံသွားတယ်လို့ ခံစားလိုက်ရတာတော့ အမှန်ပါ။ နိုင်ငံမဲ့လို ဖြစ်နေတဲ့ ကျွန်တော့်သားသမီးတွေလည်း အခုမှ သူတို့ မှီခိုဖို့အတွက် နိုင်ငံတစ်ခု ရသွားသလိုပါဘဲ။ သူတို့လွတ်လပ်စွာ ပညာသင်ကြား၊ လွတ်လပ်စွာ တွေးခေါ်ပြောဆိုနေတာကို တွေ့ရတယ်။ ကျွန်တော်တို့ တစ်ချိန်က နားမျက်စိတွေ၊ ဦးနှောက်တွေ ပိတ်ထားခံရပြီး ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေကို စဉ်းစားလိုက်တဲ့အခါ အကျဉ်းတန် အရုပ်ဆိုးခဲ့တဲ့ ဘဝရဲ့ ပုံရိပ်တွေက ဘဝသရှည်တွေလို အိပ်မက်ဆိုးတွေအဖြစ် အခုထိ လာရောက်ချောက်လှန့် နေဆဲပါ။

“အမေရိကန်နိုင်ငံလည်း အင်္ဂလိပ်ဆီက လွတ်လပ်ခဲ့တဲ့ နိုင်ငံဖြစ်ပြီး ဘာလို့အခုလို တိုးတက်သွားတာလဲ မစ္စတာဝေလ်ဆင်” လို့ ကျွန်တော် မစ္စတာဝေလ်ဆင်ကို မေးလိုက်မိတယ်။ “ငါတို့က ငါတို့နိုင်ငံကို ဗြိတိသျှတွေ ကိုလိုနီ လုပ်ခံရ ကတည်းက ဗြိတိသျှတွေရဲ့ တို့လူမျိုးအပေါ် ချိုးနှိမ်မှုကို မကြိုက်ခဲ့ဘူး။ တို့လူမျိုးကို တို့ကိုယ်တိုင်တောင် အဲဒီလို မလုပ်ဘဲနဲ့ သူတို့က လုပ်နေတာကို တို့ မကြိုက်ဘူး။ ဒါကြောင့်လည်း တို့လူမျိုးအပေါ် သူတို့ချိုးနှိမ် အုပ်ချုပ်တဲ့ စနစ်ကို တို့အတု မခိုးခဲ့ဘူး။ အမေရိကန်နိုင်ငံ လွတ်လပ်ရေးရလာတော့ တို့လူမျိုးအတွက် လွတ်လပ် ပြီး တရားမျှတတဲ့ အခြေခံဥပဒေကို ရေးဆွဲခဲ့တယ်။ ဥပဒေ ရေးဆွဲခဲ့ကြစဉ်က သတိမပြုမိခဲ့တဲ့ အချက်တွေကို လည်း the first ten amendments (ပထမအကြိမ် ပြင်ဆင်ဖြည့်စွက်ခဲ့တဲ့ ၁၀-ချက်) ဆိုပြီး ပြန်လည်ပြုပြင် ဖြည့်စွက်ခဲ့တယ်၊ ဒါကို မစ္စတာကျော်လည်း သိတာဘဲ” လို့ သူ့နိုင်ငံရဲ့ ဂုဏ်ယူစရာ ပြယုဒ်ကိုပါ ကျွန်တော့်ကို အားပါးတရ ပြောပြလာပါတော့တယ်။

အမေရိကန်နိုင်ငံသူ၊ နိုင်ငံသားဖြစ်လာမယ့် အမေရိကန်နိုင်ငံသားလျှောက်သူတွေ သိရှိစေဖို့အတွက် အမေရိကန် အစိုးရက သူ့နိုင်ငံသားလျှောက်ထားသူတွေ ဖြေဆိုရမယ့် မေးခွန်း ၁၀၀ ထဲမှာ နံပါတ်(၅) မေးခွန်းကို What do we call the first ten amendments to the Constitution? (ဖွဲ့စည်းအုပ်ချုပ်ပုံထဲမှာပါတဲ့ ပထမအကြိမ် ပြင်ဆင် ဖြည့်စွက်ခဲ့တဲ့ အချက် ၁၀ ချက်ကို ဘယ်လိုခေါ်ပါသလဲ) ဆိုတဲ့မေးခွန်းကို မေးပြီး နားလည်အောင် ရှင်းပြခဲ့တယ်။ တဆက်တည်းဘဲ မေးခွန်းနံပါတ်(၆)မှာ လွတ်လပ်မှုတွေဟာ ဘာတွေလဲသိအောင် အသိပေးခဲ့တယ်။ အဲဒါတွေက လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ခွင့်၊ (ဆင်ဇာ မလိုဘူး)။ လွတ်လပ်စွာ မဲပေးပိုင်ခွင့် (သို့မဟုတ်) ရွေးချယ်ခံပိုင်ခွင့် ဆိုပြီး အမေရိကန် နိုင်ငံသားတွေကို သင်ပေးခဲ့တယ်။ အမေရိကန်ပြည်သူတွေဟာ လွတ်လပ်ခွင့်တွေကို ကလေးကအစ လူကြီး အဆုံး သိနေကြတယ်။ အဲဒီ အခွင့်အရေးတွေကိုလည်း ခံစားနိုင်ကြတယ်။

“ကိုလိုနီဆိုတာ သူတို့နိုင်ငံမဟုတ်တဲ့ တစ်ခြားနိုင်ငံကို အုပ်ချုပ်လိုက်တာနဲ့ သူ့ရဲ့အဓိကအချက်က အဲဒီနိုင်ငံကို ဖိနှိပ်ထားနိုင်ဖို့ဘဲ၊ သူ့ကို သစ္စာခံတဲ့ အဲဒီနိုင်ငံက လူကိုဘဲ သူတို့ ပြန်ခိုင်းပြီး အုပ်ချုပ်ထားတာ၊ အဲဒီလူတွေ သူတို့ အပေါ် သစ္စာခံနေသ၍ သူတို့ အုပ်ချုပ်မှု သက်တန်းလည်း ရှည်နိုင်တယ်” လို့ မစ္စဝေလ်ဆင် ပြောပြလာတဲ့ အခါမှာတော့ အော် ကျွန်ပြုတာကို ခံနေရတဲ့သူတွေ ကိုယ်တိုင်က လက်ခံနေသ၍ ကျွန်သက်လည်း ရှည်မယ်လို့ ကျွန်တော် နားလည်လိုက်ပါတော့တယ်။

“ကိုလိုနီတွေဟာ သူ့လူမျိုးလည်း မဟုတ်၊ သူ့နိုင်ငံလည်း မဟုတ်တဲ့ ဘယ်နိုင်ငံကိုမှ သနားတယ်ဆိုတာ မရှိဘူး၊ သူတို့ကို သနားတတ်တဲ့ သူတွေလို့ထင်ရင် အဲဒီနိုင်ငံလည်း ကိုလိုနီသက်တမ်းရှည်မယ်။ နောက်ပြီး မိမိနိုင်ငံလွတ်လပ်ရေးရလာတဲ့အခါ သူတို့ဆီက ဖိနှိပ်တဲ့ အမွေဆိုးတွေကို အသုံးမပြုဖို့ လိုတယ်။ သူတို့က အဆင့်ဆင့်ဖိနှိပ်ဖို့ သူ့သြဇာခံတဲ့ လူတွေနဲ့ ခိုင်းထားမယ်။ ဒါကို အတုယူရင် မှားမယ်။ သူတို့က ဖိနှိပ်ဖို့ ဥပဒေတွေ လုပ်ထားမယ်။ ဒါကို လွတ်လပ်ရေးရပြီးတဲ့အခါ အသုံးပြုနေရင် မှားမယ်။ သူတို့က သူတို့လိုချင်တဲ့ အတွေးအခေါ်တွေကို ပညာရေးစနစ်တွေမှာ ထည့်ထားမယ်၊ ဒါကြောင့် လွတ်လပ်ရေးရပြီးရင် သေချာစီစစ်ပြီး ပြင်တာ၊ဖျက်တာ မသုံးတော့တာတွေ အကုန်လုပ်ရတယ်။ မစ္စတာကျော်ပြောတဲ့ မစ္စတာကျော်တို့ နိုင်ငံက အုပ်ချုပ်ထားပုံဟာ ဗြိတိသျှ ပေးတဲ့ ကိုလိုနီအမွေ ဖြစ်နေပြီနဲ့တူတယ်” လို့ ကျွန်တော့်ကို ထပ်ပြီးပြောပြလာတယ်။ အော် တို့နိုင်ငံလည်း ကျွန်ဖြစ်နည်း အမွေကိုမှ ဆက်လက်ကျင့်သုံး နေကြတာပါလားလို့ ကျွန်တော်တွေးလိုက်မိပါတော့တယ်။

အင်္ဂလိပ်က ကိုလိုနီပြုစဉ် မြန်မာနိုင်ငံကို ချိုးနှိမ်ဖို့အတွက် ရပ်ကွက်တွေ၊ နယ်မြေတွေမှာ သူကြီးဆိုပြီး လူကြီးခန့် တယ်။ အဲဒီ လူဟာလည်း မြန်မာနိုင်ငံထဲက မြန်မာလူမျိုးဘဲ ဖြစ်တယ်။ ကိုယ့်ဆီနဲ့ ကိုယ့်ကိုကြော်ပြီး ကိုယ့်လူမျိုး ကိုဘဲ လူမိုက်မွေး အုပ်ချုပ်စေတယ်။ အင်္ဂလိပ်ကတော့ နိုင်ငံရဲ့ အမြင့်ဆုံးနေရာမှာဘဲ နေတယ်။ တစ်ခါတစ်ခါမှ လာတယ်။ ကိုယ့်လူမျိုးကို ကိုယ့်လူမျိုးနဲ့ဘဲ ပြန်အုပ်ချုပ်ခိုင်းထားတယ်။ မစ္စတာဝေလ်ဆင် စကားနဲ့ပြောရင် သစ္စာ ခံနေသ၍ အုပ်ချုပ်တဲ့ သက်တန်းလည်း ရှည်မယ်ဆိုတာလို့ နားလည်လိုက်တယ်။ ကျွန်တော်နားလည်တဲ့ စကားနဲ့ ပြောရင်တော့ သစ္စာခံနေသ၍ ကျွန်သက်လည်း ရှည်မယ်ဆိုတာပါဘဲ။

“မစ္စတာဝေလ်ဆင် အမေရိကန်နိုင်ငံမှာ လွတ်တော်ကိုယ်စားလှယ်ရှိတယ်၊ ဒါပေမယ့် အရပ်ဘက်အုပ်ချုပ်ရေး မတွေ့ရဘူး၊ အဲဒါ ဘာဖြစ်လို့လဲ” လို့ မစ္စတာဝေလ်ဆင်ကို ကျွန်တော် မေးလိုက်မိတယ်။ “နိုင်ငံကို အုပ်ချုပ်ဖို့ အစိုးရဘဲ လိုလို့ပေါ့၊ အစိုးရအဖွဲ့ထဲမှာ ဝန်ကြီးဋ္ဌာနတွေ ရှိနေပြီဘဲ၊ အဲဒီမှာ နိုင်ငံကာကွယ်ဖို့လည်း စစ်တပ်ရှိတယ်။ မြို့၊ရွာတွေအတွက် ရဲအဖွဲ့တွေရှိတယ် ဒီတော့ အရပ်ဘက်အုပ်ချုပ်ရေးဆိုတာ ထားစရာ မလိုတော့ဘူး” “ကျွန်တော်တို့ ဆီမှာက အစိုးရရော၊ အရပ်သား အုပ်ချုပ်နေတာကော တွေ့နေရတယ်” “အဲဒါကိုတော့ ငါလည်း နားမလည်ဘူး၊ ငါ့အထင်တော့ အဲဒါမျိုးတွေဟာ ဗြိတိန်က အုပ်ချုပ်သွားတဲ့ နိုင်ငံတွေမှာ ဗြိတိန်ပေးခဲ့တဲ့အမွေတွေဘဲ ဖြစ်ရမယ်၊ ဒါပေမယ့် ဗြိတိန်က သူ့နိုင်ငံကိုတော့ အဲဒီလိုမျိုးစနစ်နဲ့ မအုပ်ချုပ်ဘူးနော်၊ ဒီတော့ ဒါဟာ မကောင်းဘူးလို့တော့ ငါမြင်တယ်။ မစ္စတာကျော်ပြောတဲ့ အုပ်ချုပ်ပုံမျိုးဟာ ကိုလိုနီခေတ်က ကိုလိုနီပြုခံရတဲ့ နိုင်ငံတွေ ခံခဲ့ရတဲ့ နည်းတွေနဲ့ တူနေတယ်၊ ဒါကြောင့် ငါ့အထင်ပြောရရင်တော့ မစ္စတာကျော်တို့ နိုင်ငံဟာ လွတ်လပ်ရေး ရတာတော့ မှန်တယ်၊ မစ္စတာကျော်တို့ လူမျိုးတွေ လွတ်လပ်ရေး မရသေးဘူးလို့ မြင်တယ်” လို့ သူ ပွင့်ပွင့် လင်းလင်း ကျွန်တော့်ကို ပြောပြလာတယ်။

နိုင်ငံတစ်ခုမှာ အစိုးရရှိနေပြီး အဲဒီအစိုးရက ဝန်ကြီးဋ္ဌာနအလိုက် တာဝန်ကျေပွန်စွာ လုပ်ကိုင်နေမယ်ဆိုရင် အရပ်ဘက် အုပ်ချုပ်ဖို့အတွက် နောက်ထပ်အုပ်ချုပ်ရေးအဖွဲ့တစ်ခု ထပ်ပြီး ထားစရာမလိတော့ကြောင်းကိုလည်း ကျွန်တော် ပိုပြီးနားလည်လာတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံမှာ နေနေတဲ့ ကျွန်တော့်အတွက် အစိုးရဆိုတဲ့ အုပ်ချုပ်ရေးအဖွဲ့ထဲမှာ ပါဝင်ဖွဲ့စည်းထားတဲ့ လုံခြုံရေးအတွက် ရဲဝန်ထမ်းတွေ၊ နိုင်ငံကာကွယ်ရေးအတွက် တပ်မတော်သားတွေ ဘယ်လို တာဝန်ထမ်းဆောင်တယ်ဆိုတာ လက်တွေ့မြင်တွေ့နေရတယ်။ ထူးခြားမှု အနေနဲ့ အဲဒီ စစ်သားတွေ၊ ရဲတွေအပါအဝင် ဝန်ကြီးဋ္ဌာနရုံးတွေမှာ တာဝန်ထမ်းဆောင်နေသူ အားလုံးဟာ အရပ်ထဲမှာဘဲ အိမ်ငှားနေတဲ့သူတွေ၊ ကိုယ့်အိမ်နဲ့ကိုယ် နေသူတွေ စသည်စသည်ဖြင့် ပြည်သူတွေနဲ့အတူ ပြည်သူကြားမှာဘဲ အတူတူ နေထိုင်ကြတာဖြစ်ပြီး သီးသန့်နေရာတစ်ခုမှာ ကမ္ဘာတစ်ခုလို မနေကြတာပါဘဲ။

အခုတော့ ကျွန်တော်အများကြီးနားလည်လိုက်ပါပြီ မစ္စတာဝေလ်ဆင်။ မစ္စတာဝေလ်ဆင်ဟာ ကျွန်တော့်ရဲ့ ပိတ်နေတဲ့ ဦးနှောက်တံခါးတွေကို ဆွဲဖွင့်ပေးခဲ့တဲ့သူပါ။ မစ္စတာဝေလ်ဆင် ပြောပြတာကို ကျွန်တော်နားထောင် ပြီးတဲ့အချိန်မှာ နိုင်ငံတစ်ခု ဘာကြောင့် နောက်ကျခဲ့ရတယ်၊ အောက်တန်းကျခဲ့ရတယ် ဆိုတာကိုလည်း ကျွန်တော် နားလည်ခဲ့ရတယ်။ နိုင်ငံတစ်ခု ဘာကြောင့် တိုးတက်သွားတယ်၊ ကမ္ဘာကို လွှမ်းမိုးနိုင်တယ်ဆိုတာ ကိုလည်း ကျွန်တော် သိသွားတယ်။ မစ္စတာဝေလ်ဆင်လို လူမျိုးတွေ အမေရိကန်နိုင်ငံမှာ အများကြီးရှိနေနိုင်တယ်။ အဲဒီလိုဘဲ ကျွန်တော့်လို နားမလည်ခဲ့တဲ့သူတွေလည်း မြန်မာနိုင်ငံမှာ အများကြီး ရှိနေနိုင်တယ်။

ကျွန်တော် အမေရိကန်နိုင်ငံမှာ နေနေပေမယ့် မစ္စတာဝေလ်ဆင်လို လူမျိုးတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိလာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ နောက်ပြီး မစ္စတာဝေလ်ဆင် ပြောပြခဲ့လို့ ကျွန်တော့်ဦးနှောက်တံခါးတွေ ပွင့်လာသလို ကျွန်တော်ရေးတဲ့ ဒီစာကို ဖတ်ပြီးတဲ့အခါ မြန်မာနိုင်ငံမှာလည်း ကျွန်တော့်လို ဦးနှောက်မျက်စိတံခါးတွေ ပွင့်လာကြပါစေလို့။

မင်းကျော်ကျော်ထွန်း(မော်လမြိုင်)
၂၀၁၄ ဒီဇင်ဘာလ ၂၈-ရက်နေ့ ရေးသည်။

No comments:

Post a Comment