Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 12, 2016

သံုးစဲြသူအမ်ားစု မ်က္နွာအသားအေရ ပ်က္စီးခဲ့သည့္ FYM အလွကုန္ပစၥည္း သံုးစဲြရန္မသင့္ေၾကာင္း FDA ေၾကညာ


မ်က္ႏွာအသားအေရလွပေစရန္ အသံုးျပဳရသည့္ Forever Young Myanmar (FYM) အလွကုန္ပစၥည္းႏွစ္မ်ဳိးအား အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန FDA မွ သံုးစဲြရန္ မသင့္ေၾကာင္း ေဖေဖာ္၀ါရီ ၁၀ ရက္ ညေန ပိုင္းက FDA ၏ တရား၀င္ Facebook စာမ်က္နွာ၌ ထုတ္ျပန္ခဲ့သည္။

အဆိုပါ အလွကုန္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ ၂၀၁၅ ႏွစ္ကုန္ပိုင္းမွစတင္၍ သံုးစဲြသူ အမ်ားစု၏ မ်က္ႏွာအသားအေရပ်က္စီးေနေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေ၀ဖန္မႈမ်ားျမင့္တက္လာခဲ့သည္။ ယင္းကဲ့သို႔ ေ၀ဖန္မႈမ်ားရိွေနျခင္းအေပၚ FYM မွ စနစ္တက်ရွင္းလင္းေျဖၾကားမႈမရိွဘဲ ရန္စကားမ်ားျဖင့္ တံု႔ျပန္ခံရေၾကာင္း အသံုးျပဳသူ အမ်ားစုက ေ၀ဖန္ေနၾကသည္။ FYM မွ ေျပလည္သည့္ ေျဖရွင္းခ်က္ျဖင့္ ေျဖရွင္းမေပးဘဲ အြန္လိုင္းေပၚတြင္ ေ၀ဖန္သူမ်ားအား တရားစဲြဆိုသြားမည္ဟု FYM မွ သတင္းစာတြင္ ထည့္ သြင္းေၾကညာခဲ့သည္။

လက္ရိွ FDA မွ အသံုးျပဳရန္ မသင့္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္သည့္ အေပၚတြင္လည္း ရံုးတံဆိပ္တံုးမပါေၾကာင္း FYM မွ ျပန္လည္တံု႔ျပန္ခဲ့ၿပီး ထိုင္းႏိုင္ငံ FDA ပင္ ခြင့္ျပဳထားျပီး ျမန္မာနိုင္ငံ FDA အေပၚလည္း ေ၀ဖန္ေနခဲ့သည္။

ယင္းကဲ့သို႔ FDA မွ ထုတ္ျပန္အၿပီး FYM မွ ေပးထားသည့္ လက္ကိုင္ဖုန္း ၀၉-၂၅၄၀၅၃၁၂၄ သို႔ ဆက္သြယ္ေမးျမန္းရာ FYM မွ ပစၥည္းမ်ားအား ေရာင္းခ်မႈမရိွေတာ့ေၾကာင္း ဖုန္းလက္ခံေျဖၾကားသူသည္ ဧည့္သည္တဦးသာျဖစ္ေၾကာင္းႏွင့္ မီဒီယာသည္ ရဲကဲ့သို႔ စစ္ေမး၍ရျခင္း ရိွ၊ မရိွ ျပန္လည္ေျဖၾကားခဲ့ၿပီး တာ၀န္ရိွသူဆို သူႏွင့္လည္း ေတြ႕ဆံုခြင့္မေပးခဲ့ေပ။

News Watch ဂ်ာနယ္မွ အဆိုပါ သတင္းႏွင့္ပတ္သက္၍ FYM ထံမွ တိက်သည့္အေျဖအား ေတာင္း ခံခဲ့ေသာ္လည္း ျငင္းဆန္ခဲ့၍ သတင္းစာမွ တရားစဲြမည္ဟို ထည့္သြင္းေၾကညာထားသည့္ ၎တို႔၏ ေရွ႕ေန ေဒၚအမိလထံ ဆက္သြယ္ေမးျမန္း ရာ ''အန္တီတို႔က ေရွ႕ေနလုပ္ငန္း သေဘာအရ ေၾကညာခိုင္းတဲ့ဟာကို ေၾကညာခ်က္ထုတ္ေပးတာပါ။ သူတို႔က စီးပြားေရးလုပ္ငန္းက အမ်ားႀကီးရိွတယ္။ သူတို႔က Facebook ေပၚ ကေန ၿခိမ္းေျခာက္တာ၊ ဆဲတာဆိုတာေတြ မလုပ္ဖို႔ အန္တီတို႔ကို လုပ္ခိုင္းတာက်န္တဲ့ အပိုင္းေတြကေတာ့ အန္တီတို႔နဲ႔ေတာ့ မဆိုင္ဘူး။ က်န္တာ သူတို႔အပိုင္းျဖစ္သြားၿပီ၊ FDA ကထုတ္ျပန္ ၿပီးတဲ့အခိ်န္ အန္တီတို႔ဆီကိုလည္း တစံုတရာ ညႊန္ၾကားလာတာ မရိွပါဘူး''ဟု ေျဖၾကားခဲ့သည္။

အဆိုပါ FYM ေဆးမ်ားအား အြန္လိုင္းမွတဆင့္ ေၾကာ္ျငာေရာင္းျခင္းျဖစ္ၿပီး လက္ရိွ သံုးစဲြခဲ့သူ အမ်ားစု၏ မ်က္ႏွာအေရျပားမ်ား၌ နီရဲေနသည့္ အဖုအပိန္႔ အနာအဆာမ်ားထြက္ေနသည္ဟု သိရသည္။

ကိုခက္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal

................................................


မျက်နှာအသားအရေလှပစေရန် အသုံးပြုရသည့် Forever Young Myanmar (FYM) အလှကုန်ပစ္စည်းနှစ်မျိုးအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA မှ သုံးစွဲရန် မသင့်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက် ညနေ ပိုင်းက FDA ၏ တရားဝင် Facebook စာမျက်နှာ၌ ထုတ်ပြန်ခဲ့သည်။

အဆိုပါ အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ ၂၀၁၅ နှစ်ကုန်ပိုင်းမှစတင်၍ သုံးစွဲသူ အများစု၏ မျက်နှာအသားအရေပျက်စီးနေကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများမြင့်တက်လာခဲ့သည်။ ယင်းကဲ့သို့ ဝေဖန်မှုများရှိနေခြင်းအပေါ် FYM မှ စနစ်တကျရှင်းလင်းဖြေကြားမှုမရှိဘဲ ရန်စကားများဖြင့် တုံ့ပြန်ခံရကြောင်း အသုံးပြုသူ အများစုက ဝေဖန်နေကြသည်။ FYM မှ ပြေလည်သည့် ဖြေရှင်းချက်ဖြင့် ဖြေရှင်းမပေးဘဲ အွန်လိုင်းပေါ်တွင် ဝေဖန်သူများအား တရားစွဲဆိုသွားမည်ဟု FYM မှ သတင်းစာတွင် ထည့် သွင်းကြေညာခဲ့သည်။

လက်ရှိ FDA မှ အသုံးပြုရန် မသင့်ကြောင်း ကြေညာချက်ထုတ်ပြန်သည့် အပေါ်တွင်လည်း ရုံးတံဆိပ်တုံးမပါကြောင်း FYM မှ ပြန်လည်တုံ့ပြန်ခဲ့ပြီး ထိုင်းနိုင်ငံ FDA ပင် ခွင့်ပြုထားပြီး မြန်မာနိုင်ငံ FDA အပေါ်လည်း ဝေဖန်နေခဲ့သည်။

ယင်းကဲ့သို့ FDA မှ ထုတ်ပြန်အပြီး FYM မှ ပေးထားသည့် လက်ကိုင်ဖုန်း ၀၉-၂၅၄၀၅၃၁၂၄ သို့ ဆက်သွယ်မေးမြန်းရာ FYM မှ ပစ္စည်းများအား ရောင်းချမှုမရှိတော့ကြောင်း ဖုန်းလက်ခံဖြေကြားသူသည် ဧည့်သည်တဦးသာဖြစ်ကြောင်းနှင့် မီဒီယာသည် ရဲကဲ့သို့ စစ်မေး၍ရခြင်း ရှိ၊ မရှိ ပြန်လည်ဖြေကြားခဲ့ပြီး တာဝန်ရှိသူဆို သူနှင့်လည်း တွေ့ဆုံခွင့်မပေးခဲ့ပေ။

News Watch ဂျာနယ်မှ အဆိုပါ သတင်းနှင့်ပတ်သက်၍ FYM ထံမှ တိကျသည့်အဖြေအား တောင်း ခံခဲ့သော်လည်း ငြင်းဆန်ခဲ့၍ သတင်းစာမှ တရားစွဲမည်ဟို ထည့်သွင်းကြေညာထားသည့် ၎င်းတို့၏ ရှေ့နေ ဒေါ်အမိလထံ ဆက်သွယ်မေးမြန်း ရာ ''အန်တီတို့က ရှေ့နေလုပ်ငန်း သဘောအရ ကြေညာခိုင်းတဲ့ဟာကို ကြေညာချက်ထုတ်ပေးတာပါ။ သူတို့က စီးပွားရေးလုပ်ငန်းက အများကြီးရှိတယ်။ သူတို့က Facebook ပေါ် ကနေ ခြိမ်းခြောက်တာ၊ ဆဲတာဆိုတာတွေ မလုပ်ဖို့ အန်တီတို့ကို လုပ်ခိုင်းတာကျန်တဲ့ အပိုင်းတွေကတော့ အန်တီတို့နဲ့တော့ မဆိုင်ဘူး။ ကျန်တာ သူတို့အပိုင်းဖြစ်သွားပြီ၊ FDA ကထုတ်ပြန် ပြီးတဲ့အချိန် အန်တီတို့ဆီကိုလည်း တစုံတရာ ညွှန်ကြားလာတာ မရှိပါဘူး''ဟု ဖြေကြားခဲ့သည်။

အဆိုပါ FYM ဆေးများအား အွန်လိုင်းမှတဆင့် ကြော်ငြာရောင်းခြင်းဖြစ်ပြီး လက်ရှိ သုံးစွဲခဲ့သူ အများစု၏ မျက်နှာအရေပြားများ၌ နီရဲနေသည့် အဖုအပိန့် အနာအဆာများထွက်နေသည်ဟု သိရသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment