Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 20, 2016

ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်မှု မှတ်တမ်း(၂)

................. ( ၄ ) ......................... ။
မီးပုံရှေ့ က ဝါးတန်းယားကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ကိုမျိုးဝင်း
ဟာ လောလောလတ်လတ်
သူ့ အမိန့် ကြောင့် လူတစ်ယောက်ကိုသတ်လိုက်ပြီးချိန်မှာ တကယ့်ကို
စိတ်ကြိးမာန်ကြီးနဲ့  ပြောဆိုဆက်ဆံနေမယ်ဆိုတာ ပြောစရာကို
မလိုလောက်ပါဘူး ။ ကျနော်တို့ က သူ့ မလှမ်းမကမ်းက မီးပုံလေးဘေး
 မြေကြီးပေါ်မှာ ဝိုင်းထိုင်ရင်းမီးလှုံနေကြပါတယ် ။ မကြာသေးတဲ့ ၈၈ အရေးတော်ပုံကာလမှာတုန်းက ... တို့ ကျောင်းသားတွေ ညီရဲ့ လာဟေ့ ... ညီတယ်ဟေ့ ညီတယ်ဟေ့ တို့ ကျောင်းသားသွေးနီရဲ့ လားဟေ့ ... နီတယ်ဟေ့ နီတယ်ဟေ့ ... ။ သေပါစေ ခွပ်ဒေါင်းသွေးဟေ့ ရဲ ရဲ ရှေ့ ကိုချီ ..စသဖြင့်ရဲရဲတောက် အားရပါးရ တက်ထောင်မောင်းတင်း ဟစ်ကြွေးခဲ့တဲ့ကျနော်ဟာ တကယ် ကိုယ့်ရှေ့ မှာကိုယ်နဲ့ ဘဝတူရဲဘော် ကျောင်းသားတစ်ယောက်ရဲ့ သေရေးရှင်ရေးကိစ္စမှာ ဘာမှ ဝင်မပြောဘဲနေ နေရတာက ပြန်တွေးမိတိုင်းကိုယ့်ဖာသာကိုယ်ပြန်ရှက်မိပါတယ် ။
ပိုဆိုးတာက .... ကိုစိုးဝင်းသန်းကို သတ်ပြီးပြန်လာတဲ့ ကိုသန်းဇော်တို့ ပြောလိုက်ပုံက .. ဒီကောင် က သေခါနီးအချိန်ထိ အလုပ်လုပ်သွားသေးတယ် သတ်ချင်သတ်လိုက်ကျောင်းသားကွလို့ အော်သွားသေးတာ ... အသံနဲ့ ခေါင်းပြိုင်တူ ကျင်းထဲကျသွားတာပေါ့ ..တဲ့ ။ တကယ်တော့ အဲဒီအချိန်က တကယ်ဘဲ ကိုယ့် 
အသက်ရှင်သန်ရေးအတွက် စဉ်းစားနေရချိန်ပါ ။ ခုလို ကိုမျိုးဝင်းရဲ့ မာန်တက်နေတဲ့အချိန်မှာ ဘယ်လို
သွားပြီးတော့ ကျနော် ထောက်လှမ်းရေးဖြစ်တာ သိတဲ့သူမရှိပါဘူးလို့ ပြောရမလဲ ... ။
ဒီအခက်ခဲကိုဖြေရှင်းပေးသွားသူကတော့ ကျနော်တို့ အာလုံးထဲမှာခေါင်းအကြီးဆုံးတစ်ယောက်ပါ ။
တကယ်ကို သူ အဖမ်းမခံရခင်ကာလမှာ သူ့ အတွက် သီးသန့် ဦးထုပ်ချုပ်ပေးရတာပါ ။ လူပုံကိုကြည့်လိုက်ရင် နှာရည်တရွဲရွဲ နှပ်ချေးတရှုံရူံ ကြောင်ချီးရုပ်နဲ့တူလို့ ချစ်စနိုးနဲ့ ကိုကြောင်လို့ ခေါ်တဲ့သူပါဘဲ ။
မီးပုံက ပြာတွေကို ထင်းချောင်းတုတ်လေးနဲ့ ခြစ်လို့ .... နှာခေါင်းတရှုံရူံနဲ့ လုပ်နေရင်းက ကိုမျိုးဝင်းဆီ ကို
ထသွားလေရဲ့  .... ဘာတွေ ဘယ်လိုပြောတယ်ဆိုတာ မကြားတစ်ချက်ကြားတစ်ချက်ရယ် ... ။
 နောက်မှ လိုင်းကျလာတာက ကျနော်တို့ မိဘတွေကိုခေါ်ရမယ်ဆိုတာပါဘဲ ။ ကိုမျိုးဝင်းက မငယ်ရဲ့ အဖေကို ရအောင်ခေါ်ခိုင်းတာတော့မှတ်မိနေပါသေးတယ် ။ မငယ်အဖေက ထောက်လှမ်းရေး ( ၂ ) တပ်မှုးဟောင်း ဗိုလ်မှုးခင်မောင်ကြည် ပါဘဲ ။ တကယ်ဘဲသူဟာ ကျနော်တို့  ၇ယောက်အသက်သခင်ကျေးဇူးရှင်တစ်ယောက်ပါ ။ ဘယ်လို ကယ်ခဲ့တယ်ဆိုတာကိုတော့နောက်ပိုင်းမှာ မှ ရေးပြတော့မလားလို့  ။( ဆက်ရန် )

.............. ( ၅ ) .............. ။

ကိုကြောင်နဲ့ ကိုမျိုးဝင်းတို့  စကားပြောလို့ ရလာတဲ့နောက်ဆက်တွဲက ကျနော်တို့ ကို ပိုလို့ ဝေဝါးသွားစေပါတယ် ။ မိဘခေါ်ဘို့စာရေးပါ ။ တစ်ပတ်အတွင်း မိဘတွေလက်ထဲပို့ ပေးမယ် တစ်လအတွင်းသက်ဆိုင်ရာမိဘတွေ အရောက်လာရမယ်လို့ ပြော.... ။ သတ်မှတ်ရက်မှ မလာရင် ..... ကျနော်တို့အခြေနေဟာ ပြောစရာကိုမလိုလောက်အောင်ပါဘဲ ။ ခက်တာက ကျနော်တို့ဆီကိုလာမဲ့မိဘတွေကို ရွှေလီမှာကျောင်းသားတပ်က လာကြိုမယ် ။ လာကြိုတဲ့အခါမှာ မိဘတွေက ကျနော်တို့ ရဲ့  ဌာန နဲ့ အဆင့်ကိုပြောပြနိုင်ရမယ်ဆိုတာပါဘဲ ။ ဥပမာ ကျနော်ဆိုရင် ထောက်လှမ်းရေး ( ) က ကျနော့်အဆင့် ဘာဆိုတာကို ပြောပြနိုင်ရမယ်ပေါ့ ။ ဒါကိုစာထဲမှာတော့ထည့်ရေးလို့ မရနိုင်တာပါဘဲ ။ ပါဂျောင်မှာ အဖမ်းခံရစဉ်ကာလမှာ ဆုတောင်းဘူးတာလေးရှိပါရဲ့  မသေခင် မေမေနဲ့ တစ်ခါလောက်ဖြစ်ဖြစ် ဆုံတွေ့ ချင်တာလေးပါ ။ မေမေ မျက်နှာလေးမြင်တွေ့ သွားချင်တာပါ ။ ခုက အခက် ။ ဒိအခက်ကို ကိုကြောင်က ရှင်းပေးလိုက်တယ် .... မင်းအိမ်ကိုစာရေး .... မောင်နှမနာမည်တွေများများထည့်ရေး တဲ့ ။ ကိုကြောင်ဘာတွေလုပ်နေလဲ ဆိုတာကျနော်မသိ ။ မေးလို့ လည်းမရ ။သို့ သော်ဒီအခြေနေဟာအားလုံးအတွက် သိပ်အရေးကြီးတယ်ဆိုတာကိုတော့အားလုံးသဘောပေါက်ထားကြတယ် ။ လောလောလတ်လတ်လူသတ်လိုက်တဲ့လူတစ်ယောက်ကို သဘောထားပြောင်းလဲသွားအောင်လုပ်ဘို့ဆိုတာတကယ့်ကိုမလွယ်တဲ့ကိစ္စပါ ။ ပြောရရင် လက်တစ်လုံးကြားလှည့်ရတယ်ဆိုတာ တကယ်ကို့ မလွယ်တာမှန်းဆမိမှာပါ ။ ကိုကြောင်က ကိုမျိုးဝင်းကို ခပ်တည်တည်နဲ့ ပြောဆိုနေတာတွေကိုမှတ်မိသလောက် ပြန်ရှယ်လိုက်ပါတယ် ။

ဒီမှာ ... VCS ..ခင်ဗျားလည်းစစ်သား ကျနော်လည်းစစ်သားပါ ။ အခု ကျန်ခဲ့တဲ့ လူတွေထဲမှာကျနော်ကရာထူးအကြီးဆုံးပါ ။ ခုကိစ္စမှာဖြစ်ရင် ကျနော်ဟာခေါင်းဆောင်တစ်ယောက်အနေနဲ့  တာဝန်ခံရှင်းဘို့လိုပါ
တယ် . ကျနော် ... ကျောင်းသားတပ်ဘက်ခြမ်းကို စိတ်မပူဘူး ကျနော်စိတ်ပူတာ ဟိုဘက်ခြမ်း ။
ကျနော်တို့ က ပိုသိတာပေါ့ တကယ်လို ကျနော်တို့ ပြန်သွားရင် ဘယ်လိုလုပ်မယ် ဘယ်လိုဖြစ်မယ်ဆိုတာ ကျနော်တို့ ကပိုသိတာပေါ့ ။ ဒါကြောင့်ဖြစ်ရင်ကျနော်ဟာခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ကျနော်တာဝန်ခံရှင်းချင်ပါတယ် ။ ဒါကိုတော့ ခင်ဗျားနားလည်ပေးနိုင်မှာပါ ။ ဒီအတွက် ကျနော် မိဘက ခင်ဗျား
လိုချင်တဲ့ကျနော့်အဆင့်နဲ့ ဌာနကို ပြောပြပေးနိုင်ပါလိမ့်မယ် ။ သူတို့ မိဘတွေကိုတော့ မပြောပြပါစေနဲ့ 
လား ။ တစ်ခုတော့ရှိတယ်နော် ကျနော်တို လုပ်တဲ့အလုပ်ကထောက်လှမ်းရေး ... ခင်ဗျားလည်းသိပါတယ် ။ထောက်လှမ်းရေးဆိုတာခြေလျင်တပ်လို ယူနီဖောင်းကိုဝတ်ပြီးတော့ ရပ်ကွက်ထဲလာ၇ားလာ၇ားသွားနေလို့ ရတာမဟုတ် တကယ့်ကိုသိုသိုဝှက်ဝှက်နဲ့ လုပ်ရတာ .... နောက်တစ်ခုက ကျနော်ကအထူးထောက်လှမ်းရေးလေ အချင်းချင်းတောင်ပေးသိရတာမဟုတ်ဘူး ။ ဒါကြောင့် အိမ်တွေက ကျနော်အဆင့်ကိုသိချင်ရင်
ကျနော့် ဌာနက အရင်နှီးဆုံးသူငယ်ချင်းကိုသွားမေးမှ သိနိုင်လိမ့်မယ် ဒါတွေကို ခင်ဗျားနားလည်ပါတယ်လေ ..

မျိုးဝင်းတစ်ချက်စဉ်းစားပီးခေါင်းညိမ့်လိုက်တော့ ကျနော်အနေနဲ့ အမှန်ပြောရင် အတော်ကိုအခက်တွေ့ သွားစေပါတော့တယ် ။ ဒီမှာဘဲ သေမလား ။ အမေ့  ကိုတွေ့ ပြီးတော့မှ သေမလား ။ မေမေလာရင်ရော .... မေမေ့ အတွက် အန္တာရယ်ကင်းပါ့မလား ။
အားလုံးက ကိုကြောင်ပြောသလို အိမ်တွေကိုစာရေးကြတာမှတ်မိပါသေးတယ် ။ စိတ်ထဲမှာတော့
အတွေးတွေက ရှူပ်ရှက်ခတ်နေတာပါဘဲ ။ အသေချာမှတ်မိနေတာက ကိုမျိုးဝင်းတဲ့က အထွက် အပြန်
ကျနော်တို့ ထောင်နားမရောက်ခင်မှာကိုကြောင်က ငါတို့ တစ်လတော့အသက်ရှည်သွားပီ ဒီကိစ္စကိုအထဲကလူတွေကို မပြောထားနဲ့ဦး အရေးကြီးဆုံးမှာချင်တာက လုံးဝမျက်နှာတွေမပျက်စေနဲ့  ။
ကျနော်စိုးရမ်စိတ်တွေကြားကဘဲ အတတ်နိုင်ဆုံးမျက်နှာမပျက်အောင်နေခဲ့မိတယ်ထင်တာပါဘဲ
( ဆက်ရန် )

................ ( ၆ ) .................. ။
ကျနော်တို့ တတွေဟာ ... ညဘက်အချိန်မတော် ဘယ်သူဘဲထွက်သွားထွက်သွား အဲဒီလူ အတွက်
ကိုယ်ရတဲ့ ဘုရားစာလေးတွေ ရွတ်ပေးလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုတော့ ညဘက်ထွက်သွားတယ်ဆိုတာ အကောင်းထက် အဆိုး ပိုဖြစ်နိုင်ခြေများလို့ ပါဘဲ ။ စစ်ကြောရေးလား ၊ ထုတ်သတ်တာလား
စသဖြင့်ပေါ့ ။ အဲဒီလူ ပြန်လာမှသာ ကိုယ့်အိပ်ယာထဲကနေ အသံကိုနားထောင်ရင်း သက်ပြင်းချနိုင်ပါတော့တယ် ။ အခြေနေကောင်းတယ်ဆိုရင် တာဝန်ကျလုံခြုံရေးရဲဘော်ကို အကြောင်းမရှိအကြောင်းရှာပီးတော့ စကားပြောတာပေါ့ ဥပမာ .. ကျနော်အိပ်လို့ ရပြီလား ၊ ကြိုးစစ်ပါဦးလား စသဖြင့်ပေါ့ ။

အဲလိုဆိုအခြေနေကောင်းတယ်ပေါ့့။ အခြေနေမကောင်းဘူးဆို ညတွင်းချင်းစောင်ခြံအောက်က သတင်းပို့ ရတယ် ။ လူတွေက ဘေးခြင်းကပ်အိပ်တော့ အခြေနေကြည့်ပြီးတော့ တဘက်လူနား အနားကိုကပ်ပြီးတော့ ဘယ်သူကိုတောာ့ဖြင့် ဘယ်လိုထွက်ခဲ့တယ်ပေါ့ ၊ ဥပမာ .... ကျနော်စစ်ကြောရေးမှာ
မခံနိုင်တော့လို့ 
လက်နက်/.....ကို ကိုထိန်ဆီအပ်ထားတယ်
လို့ ပြောလိုက်တယ် ။ ဒါဆိုတဆင့်ကနေတဆင့် အဲဒီလူဆီကို တိတ်တဆိတ် ပို့ တော့တာဘဲ ။ အဲဒီလူကလည်း အဲဒီသတင်းကြားလို့ ကတော့တစ်ညလုံးအိပ်မပျော်တော့ဘူး ဥာဏ်ကာလာစုံ ထုတ်သုံးတော့ဘဲ ။ခုဟာ က ကျနော်တို့ က ဘာဖြစ်မယ်မှန်းမသိ ကိုစိုးဝင်းသန်း
ကတော့ သေသွားပြီ ။ ဘယ်လုပ်ရမှန်းမသိဘူး ။ကိုကြောင်ကတော့ မျက်နှာလုံးဝမပျက်စေနဲ့လို့ ပြောထားတယ် ။ အပြန်လမ်းမှာလည်းလုံခြုံရေးက ပါလာတော့လွတ်လွတ်လပ်လပ်စကားပြောလို့ မရဘူး ။
ကိုကြောင့်အနေနဲ့ ဘာကြောင့် မျက်နှာမပျက်စေနဲ့ လို့ ပြောတယ်ဆိုတာကို နည်းနည်းလောက်တော့
ရှင်းပြချင်သေးတယ် ။ ထောင်စကားအရပြောရရင် ကျနော်တို့က နည်းနည်းရုပ်ပေါက်တယ်ပေါ့ ။ သင်တန်းစဆင်းကတည်းက ဗဟိုမှာနေတာရယ် ကျနော့်ဌာနကလည်း ဗဟိုမှာရှိတာရယ်နဲ့ အပေါင်းသင်းတွေက
လည်း များနေတာရယ်ကြောင့် ကျနော်က အခြားသူတွေလောက်ဒုက္ခမရောက်ဘူးပေါ့ ။ ကျနော့်တို့ဆီက
သတင်းလေးဘာလေးလဲ ရနိုင်တယ်မဟုတ်လား ။ ဘယ်ထောင်ဖြစ်ပါစေ အကျဉ်းကျတာနဲ့  လွတ်လပ်ခြင်းကိုတောင့်တတာဘဲလေ ။ လွတ်သတင်းပေါ့ ။ လွတ်သတင်းဆိုတာကလည်း ပုံစံအမျိုးမျိုးနဲ့ ရောက်လာ
တတ်တာဘဲ ။ ကျနော် ၁၉၈၉ / ၉၈ ထောင်ကျခဲ့တဲ့အချိန်တွေမှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို
အီးယူကတောင်းနေပြီ ယူအန်ကတောင်းနေပြီ ပရက်ရှာများတယ်မလွတ်လို့ မရတော့ဘူး ။ ရွှေတိဂုံဘုရားထီးတော်တင်မှာလွတ်လိမ့်မယ် ဘယ်ဆရာတော်ကြီးက ဘာညာစသဖြင့် လွတ်သတင်းတွေ ထွက်လာသလိုဘဲ ပါဂျောင်မှာလည်းအမျိုးမျိုးသောလွတ်သတင်းတွေ ထွက်ပေါ်လာတာပါဘဲ ။ တခါတလေဆို
ရက်နာရီအချိန်အတိကျနဲ့ ကိုထွက်လာတာ ... ။ တပ်ထောက် က ယူနီဖောင်းတွေ ချက်ခြင်းသွားဝယ်နေ
တယ် ငါတို့တတွေကို ပြန်လွတ်တော့မယ် ဘယ်နေ့ အလံချ ချိန်နောက်ဆုံးထားပြီးတော့လွတ်ဘို့  ဘယ်သူက တောင်းနေပီ စသဖြင့်လွတ်သတင်းတွေ ထွက်ထွက်လာတတ်တာပါဘဲ ။

လွတ်သတင်းတွေထွက်လာပြီးတော့ မလွတ်တဲ့အခါ ...အချို့ ချို့ သော သူငယ်ချင်းများဟာ စိတ်ဓါတ်ကျဆင်းသွားတတ်တာကို ကျနော်တို့ကောင်းကောင်းသတိထားမိလာတယ် ။ မျောလင့်ချက်ပေြး့ပီးတော့ လူကို
ဆွဲတင်တာမှန်သော်လည်းမျော်လင့်သလိုဖြစ်မလာတော့ လူ့ တချို့  စိတ်ဓါတ်တွေဟာ ပြုတ်ဆင်းလာ
သလိုတွေဖြစ်လာတယ် ။ဒီအခြေနေကိုကောင်းကောင်းသိလို့ ကိုကြောင်က ကျနော်တို့ ကို လုံးဝမျက်နှာ
မပျက်စေနဲ့ လို မှာခြင်းဖြစ်ပါတယ် ။ နောက်နေ့ တွေမှာကိုကြောင်ကို ကျနော်တို့ အခြေနေကိုမေးတော့ ... သူက ငါကတော့အကောင်းဆုံးလုပ်လိုက်တာဘဲ စောင့်ကြည့်ပေါ့တဲ့ .. သူ့ မျက်နှာကလည်း မှန်းဆရ
အခက်သားရယ် ။ ဒီကြားထဲအလုပ်လုပ်နေစဉ်ကာလမှာသူငယ်ချင်းတွေက အခြေနေကိုမေးတယ် ။
ကျနော်ကလည်း ခပ်တည်တည်နဲ့ ကောင်းမှာပါ ဒီလောက်ဘဲပြောထားတယ် ။ မေးတဲ့သူတွေအနေနဲ့ 
ကတော့ ကျနော့်အဖြေအတွက်အားမလိုအားမရဖြစ်မိတာသိပေမဲ့  .. ကျနော်ကိုယ်တိုင်လည်း ကျနော့်
အခြေနေ ကို ဘာဖြစ်မယ်ဆိုတာ မှန်းလို့ မရဘူးဖြစ်နေမိပါတယ် ။
ဒီကြားထဲမှာသိလိုက်ရတာက ကိုညီ အစ်ကို ကိုမောင်မာင် ဆိုတဲ့
သူရောက်လာတယ်ဆိုတာပါဘဲ ။ခက်တာက ကိုညီစကားကိုလည်းသိပ်မယုံရဲဘူး ။သူက ခဏခဏ
 နိုင်ငံတော်လာနေတဲ့သူမို့  ... ။ ( အကျဉ်းထောင်တွေထဲမှာ နိုင်ငံတော်လွတ်ငြိမ်ချမ်းသာခွင့်ပေးတာကို
 နိုင်ငံတော်လာတယ်လို့ ပြောကြတယ်လေ ) ( ဆက်ရန်)


........................ ( ၇ ) .............. ( နိဂုံး )
ကျနော်တို့က အိမ်တွေကိုစာရေးပြီးတဲ့နောက်ပိုင်းအချိန်တွေဟာ ... ဒီလိုပါ စိုးရိမ်ကြောင့်ကျစိတ်နဲ့ နေ
ထိုင်နေခဲ့တာပါ ။သိပ်တော့အထွေထူးမရှိလှပါဘူး ။ သို့ သော် အိမ်တွေကတော့ တကယ့်ကို
အရူးမီးဝိုင်းဖြစ်တော့တာဘဲ ။ မိဘခြင်းအတူမှာပိုလို့ဆိုးတာ ကိုကြောင့် မိဘတွေက ပိုဆိုးတယ်လို့သိရ
တယ် ။ ဆိုးရမယ်လေ .... ကိုမောင်မောင်ကို ပေးလိုက်တဲ့စာတွေနဲ့ အမှာစကားအရ ..
ကျနော့် အိမ်တွေက ပြသနာမဟုတ်ဘူး ။ ပြသနာက ကိုကြောင့် မိဘ ...
ကိုမောင်မောင်နဲ့အတူ ပါဂျောင်ကို ပြန်တက်လာရင်ရွှေလီမှာ ကိုကျော်နိုင်ဦးရဲ့ အဆင့်နဲ့ ဌာနကို ကိုကြောင့်အဖေ ဦးကျားကြီး ( ဦးအေးနိုင် )
 ဖြေရမယ် ။ ဖြေဆိုမှု မှန်မှသာလျှင် မိဘတွေအားလုံး ပါဂျောက်ကိုဆက်ပြီးတော့
တက်ခွင့်ရှိမယ် ။
တကယ်လို့ မှားဖြေခဲ့ရင် ကျနော်တို့ ဟာ ဆက်တွေးစရာကိုမလိုတော့ဘူး ။
ဒီအတွက် မိဘတွေက ထောက်လှမ်းရေးအကူတပ်က ဗိုလ်မှုးကျော်ငြိမ်းကိုသွားအကူညီတောင်းကြတယ် ။ ထောက်လှမ်းရေးက သွားပါလို့ လည်းမပြောသလို သားသမီးတွေဖြစ်တဲ့အတွက်
မသွားပါနဲ့ လို့ လည်းမတားလိုဘူး ..သွားမယ်ဆိုရင်တော့သူတို့ဗမာပြည်ဘက်အခြမ်းမှာ သူတို့တတ်နိုင်တာကူညီမယ်လို့ ပြန်ပြောတယ်လို့ သိရပါတယ် ။

အခြေနေအရ ကိုကျော်နိုင်ဦးရဲ့ အဆင့်နဲ့ ဌာနကို မသိလို့  မေးတဲ့အခါ ထောက်လှမ်းရေးက သူတို့ လည်း
မသိဘူးလို့ပြန်ပြောလာပါတယ်တဲ့  ။ ဒါဆိုလည်း သိအောင်လုပ်ပေးလို့မရဘူးလားလို့ မိဘတွေကထောက်လှမ်းရေးတာဝန်ရှိသူတွေကို မေးမြန်းတော့ သူတို့ က သူတို့ မတတ်နိုင်ပါဘူးလို့ ပြန်ဖြေသတဲ့ ။ အခုချိန်မှ
 ပြန်စဉ်စားမိတာက ချက်ခြင်းကြီးဒီလိုဖြေလိုက်တဲ့အဖြေကိုနည်းနည်းသံသယဖြစ်မိတယ်ဆိုတာပါဘဲ ။ ဘာကြောင့်လဲဆိုတော့အဲအချိန်မှာကိုညီကျော် ( မန်းလေး ) နဲ့ ကိုသက်တင်( ဗမော် )
တို့ ပြန်ရောက်နေပြီလေ ။စုံစမ်းချင်ရင် နည်းနည်းပါးပါးစုံစမ်းလို့ ရတာဘဲ ။ အဲဒီကာလမှာ မိဘတွေက
 ဗေဒင်တွေရောနတ်တွေေ၇ာ ဘိုးတော် ဝိဇ္ဇာတွေေ၇ာ အတော်ကိုစုံသွားတယ် ပြန်ပြောပြတယ် ။
ခက်တာက အချိန် အကန့် သတ်ရှိတယ် ဒီကြားထဲမှာ ကိုကြောင့် မေးခွန်း မဖြေနိုင်ရင်ဘယ်လိုမှ ပါဂျောင်ကိုတက်မလာနိုင်ဘူးမဟုတ်လား ဒီအခက်ခဲကိုဖြေရှင်းပေးလိုက်တာက မငယ်ရဲ့ အဖေ အန်ကယ်ကြီး
( ဦးခင်မောင်ကြည်ပါဘဲ )။

အန်ကယ်ကြီး က ကိုကြောင်စာကိုအခေါက်ခေါက်ဖတ်တယ်လို့ သိရတယ် ။ စာထဲမှာ က သူ့ ညီ ညီမ တူတူမတွေနာမည်တွေရေးထားတယ် ။ ကျနော်တို့ ကိုလည်း ညီ ညီမ တွေနာမည်တွေ များများရေးလို့ ပြောခဲ့ဘူးတာ ရှေ့ အပိုင်းမှာ ရေးခဲ့ဘူးပါတယ် ။ အဲတော့ အန်ကယ်ကြီးက စာပါလူတွေကိုတစ်ယောက်ခြင်းမေးသတဲ့လေ ။ ဥပမာ မစံပါယ် ဆိုတာ ဘယ်သူလဲ .... အန်ကယ်ဦးအေးနိုင်က ပြန်ဖြေရတယ် ။ ကျော်နိုင်ဦး ညီမပါပေါ့ ။ မောင် .... ဆိုတာ ဘယ်သူလဲ သူ့ ညီပါပေါ့ ။ မ ... ဆိုတာ သူ့ တူပါပေါ့ ။ အဲဒီစာထဲမှာ ထူးခြားတာက ... ကျနော့်အဆင့်နဲ့ ဌာနကိုသိချင်ရင် အမျိုးသားထောက်လှမ်းရေးက ဗိုလ်မောင်မောင်ဝင်းက
 မေးကြည့်ပါလို့ ပါတယ် ။ ဒါကြောင့်လည်း မိသားစုတွေက ထောက်လှမ်းရေးအကူက ဗိုလ်မှုးကျော်ငြိမ်း ကိုသွားမေးတယ်ပြောတယ် ဗိုလ်မောင်မောင်ဝင်းဆိုတာရှိသလားပေါ့
။ ဟိုက မရှိဘူးလို့ ပြန်ဖြေတယ်လေ ။ ဆိုတော့ထူးခြားတာကတော့ ဗိုလ်မောင်မောင်ဝင်း.... ဟုတ်ပြီ ကျော်နိုင်ဦးသူငယ်ချင်းထဲမှာ မောင်မောင်ဝင်းဆိုတဲ့သူရှိလားလို့ အန်ကယ်ကြီးက မေးတော့ ... အင်း ရှိတယ်
သို့ သော် သူက ဗိုလ်တောမဟုတ်ဘူး အိမ်ဘေးမှာရေစည်လှည်းတွန်းတယ် လို့ အန်ကယ်ဦးအေးနိုင်က
 ပြန်ဖြေသတဲ့ ။ ခက်တာက မသေချာမရေရာဘဲနဲ့ လည်း မှန်းဆပြောလို့ မရဘူး ဖြေတာမှားသွားရင်သူတို့ သား သမီး ကျနော်တို့အသက်ကိုပါဆုံးရူံးသွားနိုင်တယ်မဟုတ်လား ။( ဒီကြားထဲ ကြားဖြတ်လို့ ပြောချင်တာက ကျနော်တို့ မိဘတွေဆီစာရေးတော့ ရေးတဲ့စားတွေ စစ်သေးတယ်လေ ။ အဲဒီမှာ ကိုကြောင်ကို
ကိုမျိုးဝင်းက မေးသေးတာမှတ်မိသေးတယ် ။ ဗိုလ်မောင်မောင်ဝင်းအကြောင်းကိုလေ ။ ) ဒီလိုနဲ့ 
ဗိုလ်မောင်မောင်ဝင်း ( အမျိုးသားထောက်လှမ်းရေး ) ဆိုတဲ့ ဝေါဟာရ က ထူးခြားပြီးလည်ခံနေတုန်းမှာ အန်ကယ်ကြီးဦးခင်မောင်ကြည်က စာကို တစ်ကြောင်းချင်း တစ်လုံးချင်းလိုက်စစ်တယ် ။ အဲဒီစာမှာ ပါတဲ့နာမည်ကို ကိုကြောင့်မိသားစု တစ်စုလုံးက မသိကြဘူးတဲ့ . ရှေ့ စာကြောင်းတွေမှာ ဥပမာ စံပါယ်အေး
 ရောနေကောင်းလား မားမားရော နေကောင်းလားသတိရတယ် ဘာညာ ဘယ်သူနေကောင်းလားသတိရတယ်ပြောပေးပါ စသဖြင့်တွေရေးနေရင်းက ပင်းပင်းရောနေကောင်းလားဆိုတဲ့ နေရာမှာ .... ပင်းပင်းဆိုတဲ့နာမည်ကို ဘယ်သူမှ မသိကြဘူးဖြစ်နေပါရောတဲ့  ။ တခဏကြာတော့မှ အန်ကယ်ဦးခင်မောင်ကြည်က
...နေဦးဗျ ဦးကျားကြီးရဲ့  ...ခင်ဗျားတို့ တရုတ်ဘာသာစကားမှာ ပင်းပင်းဆိုတာရှိသလားလို့ မေးတော့ .... အန်ကယ်ဦးကျားကြီးက အင်း .. ရှိတယ်ဗျ ။ ဘာအဓိပ္ပါယ်လည်းလို့ မေးတော့ ပင်းပင်းဆိုတာ အတူတူဘဲလို့ အဓိပ္ပါယ်ရကြောင်းပြန်ဖြေသတဲ့ ။ အဲဒီအဖြေကိုကြားတာနဲ့ ချက်ခြင်းဘဲအန်ကယ်ဦးခင်မောင်ကြည်က ... ဟုတ်ပြီ ကျော်နိုင်ဦးအဆင့် က ဗိုလ် သူ့ ဌာနက အမျိုးသားထောက်လှမ်းရေးလို့အဖြေထုတ်ပေးလိုက်ပါသတဲ့ ။အဲဒီအဖြေဟာ ကျနော်တို့ ၇ယောက်ရဲ့ အသက် ကိုကယ်တင်လိုက်တဲ့အဖြေဆိုရင်လည်း မှားမယ်
မထင်ပါဘူး ။
ဒီအဖြေနဲ့ မိဘတွေ ပါဂျောင်တက်လာတယ် ပေါ့ ။ နောက်ရေးချင်တာလေးတွေရှိပါသေးတယ် ခုတော့
ဒီလောက်ပါဘဲ။
ဘာကြောင့်ဒါကိုရေးသလဲဆိုတာကိုလည်းနည်းနည်းတော့ပြောပြချင်ပါတယ် ။ ဒီအကြောင်းကို
ဘယ်စာအုပ်မှာမှ မဖတ်မိသေးတာတစ်ကြောင်း ( တကယ်တော့ ကျနော်တို့ ၇ယောက်ထဲက
တစ်ယောက်ယောက်ရေးမှ ရမှာမဟုတ်လား ) ကိုယ့်အသက်ကိုကယ်တင်ခဲ့တဲ့သူတွေရယ် ၊ ကိုကြောင်တို့ တရုတ်သားအဖအကြောင်းကို ပြောပြချင်တာလေးနဲ့ တွေးမိတာလေးရှိလို့ ရေးလိုက်တာပါ ။ စဉ်းစားကြည့်ပါလေ ... မြန်မာနိုင်ငံဒီမိုကရေစီတော်လှန်ရေးမှာ ထောက်လျောက် သူတို့ နိုင်တဲ့နေရာကနေပါဝင်လာခဲ့
တယ် ခုချိန်ထိလည်းကိုကျော်နိုင်ဦးက သူနိုင်သလောက်လုပ်တုန်း ... ပြောမယ်ဆို ကျနော် ဖြတ်သန်းမှုတွေထဲမှာ ကိုကျော်နိုင်ဦးလို ( မြန်မာဒီမိုကရေစီအေ၇းမှာရိုးသားစွာ ပါဝင်လှုပ်ရှားခဲ့တဲ့သူတွေ )
တရုတ်တွေကုလားတွေ အများကြီးရှိပါတယ် မန်းထောင်ထဲမှာကြုံခဲ့တဲ့ ကိုညီထွေး ( ဗမော် ၊ ကိုအောင်စိုး
မင်း ) မဲဇလီကုန်းက ကိုထွန်းထွန်း ပြောရရင်အများကြီးရယ် ။
ဒီလိုလူတွေကို ခုချိန်မှ ခင်ဗျားကတော့ တရုတ်ဖြစ်လို့ ကုလားဖြစ်လို့  ခွဲခြားဆက်ဆံလို့ ရပါ့မလား ။
ခုမှ ဝင်တာပီးတိုင်းပြည်ကို ထင်ရာစိုင်းနေတဲ့ခါတော်မှီ တရုတ်ကုလားတွေကိုမဆိုလိုပါဘူး ။ နောက် ပရက်ပိုဇယ်တွေပရောဂျက်တွေခေတ်စာနေတဲ့အချိန်မှာ တကယ့်ကို စုတ်ပြတ်သတ်နေတဲ့  တရုတ်ဆိုင်ကယ်စုတ်လေးစီးပီးတော့ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံမှာ နိုင်သလောက်လုပ်ကိုင်နေတဲ့ကိုကျော်နိုင်ဦးကို
လူငယ်တွေ လေးစားအားကျစေချင်တာနဲ့ အထူးအားဖြင့် မမေ့အပ်သူများအတွက်ရည်ရွယ်ရေးသားလိုက်ပါတယ်။
စမ်းချောင်းဘိုဘို

ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်မှု မှတ်တမ်း(၂)................. ( ၄ ) ......................... ။မီးပုံရှေ့ က ဝါး...

Posted by The Melting Pot 4 U on Saturday, 20 February 2016

No comments:

Post a Comment