Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 20, 2016

ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်မှု မှတ်တမ်း(၁)

အဲဒီနေ့ ဟာ ဖေဖော်ဝါရီလ ( ၁၉ ) ရက်နေ့ ဘဲဖြစ်တယ် ။
တိတိကျကျမှတ်မိနေတာက ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ ကျနော်တို့ သူငယ်ချင်းများ အသတ်ခံခဲ့ရပြီးတစ်ပတ်အကြာမှာဆိုတာကို သေချာမှတ်မိနေလို့ ... ။
သူတို့ ၁၅ ယောက်ကိုထုတ်မသတ်ခင် နှစ်ရက် ၊ သုံးရက်အလိုလောက်မှာ ...
ကျနော်တို့ အကျဉ်းသားတွေအားလုံးကို အလုပ်လုပ်နေရင်း ရုတ်တရက် အလုပ်နားလိုက်တယ် .
ပါဂျောင်ထောင်ရှေ့ က မြေကွက်လပ်မှာ အားလုံးကိုတန်းစီပြီးတော့ထိုင်ခိုင်းထားတယ် ။ နောက် တစ်ယောက်ချင်းကို ခေါ်ပြီးတော့ စကားပြောတယ်ပေါ့ ။ နေရာကတော့ အေဘီမြောက်ပိုင်း ပရိုတင်းတဲ
( စိတ်ဓါတ်မြင့်တင်ရေးနဲ့ ဝါဒဖြန့် ချီရေး ) အတွင်းမှာဖြစ်ပါတယ် ။
အခြားသူတွေကိုတော့ ကိုမျိုးဝင်းက ဘာတွေပြောတယ်မသိဘူး ။ ကျနော့် ကိုပြောတာကတော့ ....
သူ လူစုခွဲတော့မယ်ဆိုတာပါဘဲ ။ လူစုခွဲမယ်ဆိုတဲ့စကားလုံးကို တိတိပပ မသိသော်လည်း ကောင်းတဲ့အလားလာမဟုတ်လောက်ဘူးလို့ တော့ သိနေပါတယ် ။ တဲအတွင်းမှာ ပရိုတင်းအဖွဲ့ သားအချို့ ရှိနေတာကို သေချာမှတ်မိနေသေးတယ် ။
ကိုကျော်ကျော် အဲနေ့ က ရှိနေသလားမရှိနေသလားဆိုတာကို ဝိုးတိုးဝါးတားဖြစ်နေတယ် ။ အတိုချူ ပ်ပြောရရင် ကိုမျိုးဝင်းက ... မင်းကိုငါ လုပ်ပေးနိုင်တာကို ငါပြောမယ် တကယ်တော့ ဒါဟာ မင်းကို ငါထုတ်ပြောရမှာမဟုတ်ဘူး .... သို သော့်မင်းကိုငါ သံယောဇဉ်ရှိလို့  ငါမင်းကိုပြောမယ် ...
မင်းထွက်ချက်မှာ မင်းထောက်လှမ်းရေးဖြစ်တာကို ဘယ်သူမှ မသိဘူးလို့ ထွက်ထားတယ် ...
ခုမင်းကိုနောက်ဆုံးအနေနဲ့ မေးမယ် မင်းထောက်လှမ်းရေး ဖြစ်နေတာကို သိတဲ့သူမရှိဘူးဆိုရင် ...
မင်း အခြေနေမကောင်းဘူး ။ သိတယ်ဆိုရင် ... မင်းအခြေနေကောင်းမယ် ။
ဒါဘဲ .... မင်းကြိုက်သလိုဖြေပေတော့ ။ အဲဒီအချိန်မှာ ...ကျနော့် ကို တစ်ယောက် ( ကိုကျော်ကျော်
ထင်တယ် ) ရီပြီးတော့ ပြောသေးတယ် မင်းကို ကိုမျိုးဝင်းက တော်တော်ချစ်တာနော် ...
ဒါတကယ်တော့ ကိုမျိုးဝင်းက ပြောလို့ မရဘူးကွ မင်းကိုချစ်လို့ ... ဒီစကားပြောတာကိုမှတ်မိနေသေးတယ် ။
ကျနော် .... ထောက်လှမ်းရေးဖြစ်တာကိုသိတဲ့သူရှိပါတယ်လို့ ကျနော်ပြန်ဖြေလိုက်ခဲ့တယ် ။
အဲနေ့ က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မရောက်သေးတာသေချာပါတယ် ။
ဆက်ရန် ..... ။

................... ( ၂ ) ............ အဲဒီနေ့ဟာ ဖေဖော်ဝါရိ ၁၉ ရက်နေ့ ရဲ့ ညပိုင်းအချိန် ဖြစ်တာသေချာပါ
တယ် ။ ပါဂျောင်လရောင်စမ်းတဝါးဝါးအောက်မှာ ကိုကျော်နိုင်ဦး ( ကိုကြောင် ) ကိုရဲလင်း
ကိုညီ (မန်းလေး ) ကိုညီညီအောင် ( ကျနော်တို့ အခေါ် ဒိုဇာကြီး ) ဝဏ္ဏဇော် ( ရုပ်ရှင်မင်းသားကြီးဦးဇောင်ခင်ရဲ့ သား ) မငယ်နဲ့ ကျနော်တို့ .. မပ လုံခြုံရေးများခေါ်ဆောင်ရာလိုက်ပါလာခဲ့ပါတယ် ။
ပါဂျောင်အအေးဒဏ်အောက်မှာ လွန်ခဲ့တဲ့တစ်ပတ်လောက်က မှ ထာဝရခွဲသွားတဲ့သူငယ်ချင်းတွေကိုသတိရလို့ ... ခုခြေလှမ်းတွေကလည်း ဘယ်လိုဖြစ်မလဲ မပြန်လမ်းဘဲဖြစ်လေမလားလို့ တွေးမိပါသေးတယ် ။
အဲညက ဒိုကြီးက ကြက်မျက်သင့်တယ်လို့ပြောတာဘဲ သူက ညဘက်ဆိုရင် မျက်လုံးတွေက မမြင်တော့ဘူးလို့ ပြောတာကိုမှတ်မိနေပါသေးတယ် ။ စိတ်ထဲက စိုးရွံ စိတ်ကြောက်စိတ်တွေနဲ့  ကျောထဲက စိမ့်နေအောင်တုန်လာတာကို ပါဂျောင်လေနဲ့ ရောချပစ်လိုက်တယ် ...တဘက်မှာလည်း သေလည်းအေးတာဘဲ ဝဋ်ကျွတ်တာပေါ့လို့ တွေးမိတော့ စိတ်ထဲနေသာထိုင်သာရှိသွားသလိုဘဲ ... ။ သူတို့ကိုခေါ်ထုတ် ပြီးသတ်လိုက်တဲ့ အာစံကုန်းဘက်ကိုလှမ်းကြည့်မိတာကိုလည်း သတိရနေသေးတယ် ။ အမှောင်ထဲမှာ အမဲရောင်တောင်
ကုန်းကြီးက အေးစက်စက်ထိုင်နေသလို ခံစားလိုက်ရတယ် ... ငါ့အလှည့် ဘယ်တော့လဲ ....
ဒီညလား မနက်မှလား ခု က စစ်ကြောရေးလား ထုတ်သတ်မလို့လား လာပေါင်းများစွာနဲ့  ကျနော်တို့
လုံခြုံရေးရဲဘော်ခေါ်ဆောင်ရာလိုက်ပါခဲ့ကြပါတယ် ။
သိပ်မကြာဘူး ကျနော်တို့ သိလိုက်တယ် ... မပရဲ့ ကီးပလေရာ ( သို့ မဟုတ် ) ဒုစစ်ရေးတာဝန်ခံ ဗိုလ်ကြီးမျိုးဝင်းရဲ့ တဲ .... Vice Chief of Staff ( VCS တဲ )
ဝါကျင့်ကျင့်မီးရောင်အောက် ရှေ့ ဧည့်ခန်းမီးပုံဘေးမှာ စစ်အနွေးထည်ကိုဝတ်လို့ အောင်နိုင်သူ တစ်ယောက်လို ယုံကြည်မှုအပြည့်နဲ့ ထိုင်နေတာကတော့ ကိုမျိုးဝင်း .... ။ သူ့ ပြောဆို ဆက်ဆံပုံထောက်ရင်တော့
အခြေနေကတော့ သိပ်မဆိုးလှသေးဘူးထင်တာဘဲ လို့ စိတ်ထဲတွေးနေမိတယ် .... ။ သိပ်မကြာပါဘူး အဲဒီအတွေးတွေက မုန်တိုင်းထဲမှာလွင့်ကျသွားတဲ့ ငှက်မွေးတစ်ချောင်းလို လွင့်စင်သွားလေရဲ့  ။
ခင်ဗျားတို့  ထောက်လှမ်းရေးဖြစ်တာကို သိတယ်လို့ပြောထားကြတယ်နော် ။ အဲဒီတော့ ခင်ဗျားတို့ ထောက်လှမ်းရေးဖြစ်တာကိုသိတဲ့သူတွေကိုဒီကိုခေါ်ပါ ကျနော်တို့ကသူတို့ နဲ့ ပါတ်သက်လို့ ....
အဲအချိန်မှာ အရေးပေါ်သတင်းပို့ စရာရှိလို့ ဆိုပြီးတော့ ကျနော်တို့စကားဝိုင်းကို ခဏရပ်လိုက်ပါတယ် ။
သတင်းလာပို့ တဲ့သူကတော့ ... ကိုသန်းဇော် ( မပ ထောက်လှမ်းရေးတာဝန်ခံ ) လို့ မှတ်မိနေပါတယ် ။
 ဖြစ်စဉ်က ကျနော်တို့ နဲ့ ဘဝတူသူငယ်ချင်း တစ်ယောက်က ကေအိုင်အေ နယူးကန့် ဆေးရုံမှာတက်နေရာက ထွက်ပြေးသွားတယ်လို့ သတင်းလာပို့ တာပါ ။ ချက်ခြင်းဘဲ စင်္ကြဝတေးမင်းလို အထင်ရှိနေတဲ့ကိုမျိုးဝင်းတစ်ယောက် ဆက်သွယ်ရေးစက်တွေဖွင့်ကာတိကျတဲ့အမိန့် ကို ပေးနေတာကိုကြားနေရပါတယ် ။
ဦးကျော်ရွေတို့အဖွဲ့ က ဘယ်ကိုသွား ကိုသန်းဇော်တို့အဖွဲ့ က ဘယ်ကိုသွား ဘယ်အဖွဲ့ ကဘယ်ကိုသွားပေါ့ ။ တွေ့ တာနဲ့  ပြန်ခေါ်မလာခဲ့နဲ့ တော့ ...ကိစ္စကိုအပြတ်ရှင်းလိုက် .... ။
စောစောက လေပြေလေးဟာ ခုတော့ အတော်တန် မုန်တိုင်းထန်လာပါတော့တယ် ။ အဓိကအနှစ်ချုပ်
ကတော့ ကျနော်တို့ကိုထောက်လှမ်းရေးဆိုပြီးသိတဲ့သူကို ပါဂျောင်ကိုခေါ်ခိုင်းတယ် ။ သူတို့ က
အချိန်တစ်လပေးမယ် ။ အဲဒီနေ့  ၁၉ . ၂ . ၁၉၉၃ ကနေ ၁၉ . ၃ . ၁၉၉၃ အချိန်အတွင်းမှာ လာရမယ် . ကျနော်တို့ ရေးတဲ့စကာကို တစ်ပတ်အတွင်းရည်ညွန်းတဲ့သူဆီကိုရောက်အောင်ပို့ ပေးမယ် ။
အဲဒီလူက ဒီကို ၁၉ . ၃ . ၉၂ နောက်ဆုံးထားပီးတော့လာရမယ် ။ သူမိန့် ကြားစရာရှိတာတွေမိန့် ကြားရင်း တဘက်ကလည်းသိပ်အရေးကြီးတဲ့ စစ်ဆင်ရေးကို ညွှန်ကြားနေရတယ်မဟုတ်လား ။ ဘယ်အဖွဲ့ က ဘယ်ရောက်နေပြီလဲ ... ဘာလဲညာလဲပေါ့ ။
ကျနော်တို့ ကတော့ စိတ်ထဲမှာ တကယ့်ကို ဆောက်တည်ရာမရလောက်အောင်ဖြစ်နေတယ်ဆိုတာ ပြောဘို့ ကိုလိုမယ်မထင်ပါဘူး ။ အချိန်ခဏကြာသွားရင်ဘဲ .... မိပြီးဆိုတဲ့အသံကြားလိုက်ရတာပါဘဲ ။
မိသွားတဲ့ သူကတော့ မန်းလေးက တက္ကသိုလ်ကျောင်းသားကိုစိုးဝင်းသန်း ..... ။ သေချာတယ် သူတော့
 ပြန်လမ်းမရှိတော့ဘူး ... ဒါဆို ငါသူနဲ့ ခဏနေတွေ့ ဖြစ်မလား မတွေ့ ဖြစ်ဘူးလား စိတ်ထဲမှာ မေးခွန်းတွေ တန်းစီလို့ .... ။ (ဆက်ရန် )

................. ( ၃ ) .............. ။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည သန်းခေါင်ယံအချိန်လောက်မှာ မန်းလေးကျောင်းသား ကိုစိုးဝင်းသန်းကို
အာစံကုန်းမှာ ကိုသန်းဇော်တို့အဖွဲ့ ခေါင်းဖြတ်သတ်လိုက်ပါတယ် ။ ကျနော်တို့ ၇ ယောက်ရှေ့ မှာဘဲ သတ်ဘို့ အမိန့်ပေးလိုက်တဲ့ကိုမျိုးဝင်းရဲ့ စကားသံကိုခုထိမှတ်မိနေတုန်း ...
အေး .... ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရိုးထုံးစံမရှိဘူးကွ ... ။
ကိုစိုးဝင်းသန်းဖြစ်စဉ်ကို ရေးပြီးသားတွေပါ သို့ သော်မဖတ်ရသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီးတော့ ရေးသားမိခြင်းပါ ။
ကိုစိုးဝင်းသန်းက ရင်း ၆ ဖားကန့်ဘက်က တောခိုဘို့ တက်လာရင်း မန်းလေးကဖြစ်တာကြောင့် ဗဟို
မရောက်ခင်လမ်းခရီးမှာဘဲ ထောက်လှမ်းရေးလို့ အဖမ်းခံရသူလို့ မှတ်မိနေပါတယ် ။ ( ဒီအကြောင်းကို မှားနေရင် မပ ထဲကလူတွေ အထောက်ထားနဲ့ ပြင်ပေးဘို့ မျော်လင့်ပါတယ် ) ဗဟိုရောက်တော့ ကျနော်
တို့ ထောင်ထဲကိုရောက်လာပါတယ် . ဗဟိုအကြောင်းမသိတာရော ဒီမှာဖြစ်ပျက်နေတာတွေကို
မသိတာကြောင့် ....သူဟာ ကျောင်းသားစစ်ဖြစ်တယ်ဆိုတဲ့စကားကိုတွင်တွင်ပြောနေတာကိုမှတ်မိပါ
တယ် ။ ဒီလိုသူဟာ ဓမ္မစစ် ကျောင်းသားဖြစ်တယ်လို့ တင်းခံနေရတဲ့နောက်ဆက်တွဲ့တော့ စစ်ကြောရေး
ဒဏ်ကြောင့် ဆေးရုံတက်ရခြင်းပါ ။ အရင့်အရင်တွေက စစ်ကြောရေးကြောင့် ကေအိုင်အေ ဆေးရုံတက်ရတယ်ဆိုတာ မကြားမိခဲ့ဘူးပါဘူး သို့ သော် ဖေဖော်ဝါရီ ၁၂ နောက်ပိုင်းမှာတော့ ကေအိုင်အေဆေးရုံ တက်တယ်ဆိုတာကြားရလို့ ကျနော်တို့တတွေကြားမှာ အမျိုးမျိုးသော ထင်ကြေးတွေပေးနေကြလေရဲ့ 
အခြေနေကောင်းလောက်တယ် ကေ ကလွတ်မထားတော့ဘူး စသဖြင့် ထင်မြင်ချက်တွေများစွာ .... ။
အဲလိုကေအိုင်အေ နယူးကန့် ဆေးရုံတက်နေတဲ့ ကိုစိုးဝင်းသန်းဟာ ရောဂါဝေဒနာ သက်သာလို့  ဆေးရုံက တာဝန်ရှိတဲ့သူတွေက ကျောင်းသားတပ်ကိုဖုန်းဆက်အကြောင်းကြားတာက
မင်းတို့ တင်ထားတဲ့ လူနာ( ရောဂါ ) ပျောက်သွားပီ လာခေါ်တော့ လို့ ပြောတယ်လို့ ဆိုပါတယ် ။
ဖုန်းလက်ခံနားထောင်တဲ့သူက ကျောင်းသားတပ် ဘဏ္ဍာရေးဌာန က တရုတ်ကြီး ( မုံရွာ ) ကလို့ သိရပါ
တယ် ။ တရုတ်ကြီးက ဖုန်းနားထောင်တာ နားကြားလွဲပီးတော့ အထက်ကိုသတင်းပို့ မိတာက ကျောင်းသားတပ်က တင်တားထဲ့လူနာပျောက်သွားပြီ ... ။ ဒီလိုနဲ့ ကိုမျိုးဝင်းဆီရောက်လာတာက စိုးဝင်းသန်းထွက်ပြေးသွားပြီ ဆိုတဲ့သတင်းရောက်လာတာပါဘဲ ။ ဒီလိုနဲ့  အဖွဲ့ တွေခွဲပြီးတော့ ကိုစိုးဝင်းသန်းကို လိုက်ဖမ်းတော့ .... ကိုစိုးဝင်းသန်းက ဆေးရုံကုတင်ဘေးမှာငုတ်တုတ်လေးထိုင်လို့  သူ့ ကိုလာခေါ်မဲ့ သူတွေကိုစောင့်နေရှာသတဲ့လေ ။ ဒီဖြစ်စဉ်ကို ကိုမျိုးဝင်းဆီကို တင်ပြကြတယ်ပေါ့ ။ နားကြားလွဲသွားတာပါ တကယ်တော့
စိုးဝင်းသန်းထွက်ပြေးတာမဟုတ်ပါဘူး ။ ရောဂါ ပျောက်သွားလို့  ဖုန်းဆက်အကြောင်းကြားတာက
တရုတ်ကြီးက နားကြားလွဲပြီးတော့ စိုးဝင်းသန်းပျောက်သွားတယ်ဆိုတဲ့ စကားကနေ သတင်းပို့ ရာက ခုလိုတွေဖြစ်ကုန်ပါတယ်ပေါ့ ။ သို့ သော် ... ခုနက ပြောသလို ကိုမျိုးဝင်းက ကျနော်တို့  ၇ ယောက်ရှေ့ မှာ
ဘဲ ပေးလိုက်တဲ့အမိန့် က
အေး ... ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရိုးထုံးစံမရှိဘူးကွ ... ။ ( ဆက်ရန် )


ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်မှု မှတ်တမ်း(၁)အဲဒီနေ့ ဟာ ဖေဖော်ဝါရီလ ( ၁၉ ) ရက်နေ့ ဘဲဖြစ်တယ် ။တိတိကျကျမှတ်မိနေတာ...

Posted by The Melting Pot 4 U on Saturday, 20 February 2016

No comments:

Post a Comment