Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 7, 2015

ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်ခဲ့သူမှာ ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့သူဟုဆို


သန်လျင်မြို့နယ်တွင် နယ်ထိန်းခေါင်းဆောင် ရဲအရာရှိ အပါအဝင် ရဲနှစ်ဦးကို သတ်ဖြတ်ခဲ့သူဟု ဆိုသူမှာ ယခင်ရဲအရာရှိတစ်ဦးကို သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုနှင့် အခြားရာဇဝတ်မှုပေါင်း များစွာ ကျူးလွန်ခဲ့သူဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ နှစ်ကြိမ်လွတ်မြောက်ခဲ့သူဟု ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
ပြစ်မှုပေါင်းများစွာ ကျူးလွန်ခဲ့သူဟုဆိုသော အသက် ၄၇ နှစ် အရွယ်ရှိ တင်မြင့်သည် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာတွင် မွေးဖွားခဲ့သူဖြစ်ပြီး ဆယ်ကျော်သက်အရွယ်တွင် ရန်ကုန်ဘူတာကြီးရှိ ခိုး၊ ဆိုး၊ လု၊ နှိုက် အဖွဲ့များနှင့် ပူးပေါင်းကာ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြောင်း၊ ၁၉၉၀ ခုနှစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးကာ လုယက်မှု ကျူးလွန်ခဲ့ပြီး ၎င်း၏ဇာတိ မြစ်ကျိုးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်စဉ် လိုက်လံဖမ်းဆီးသော ဝေါမြို့နယ်မှ ရဲအရာရှိတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“တရားခံဖမ်းတဲ့ ရဲအရာရှိရဲ့ လည်ပင်းကို ဓားနဲ့ထိုးသတ်ပြီး သူ့မိန်းမနေတဲ့ ရန်ကုန်က သာကေတမြို့နယ်ကို တိမ်းရှောင်ခဲ့တယ်။ သာကေတနဲ့ မင်္ဂလာတောင်ညွန့်က ရဲတပ်ဖွဲ့တွေပေါင်းပြီး ဝိုင်းဖမ်းပြီး ပဲခူးစစ်ခုံရုံးက သူ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း အမိန့်ချခဲ့တယ်” ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ တစ်သက်တစ်ကျွန်း အမိန့်ချခံထားရသူကို မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျူးလွန်ခဲ့သော ဓားထိုးလုယက်မှုဖြင့် ရုံးထုတ်စစ်ဆေးစဉ် တရားရုံး၌ သံခြေချင်းဖြုတ်ကာ အစောင့်ရဲကို ရိုက်နှက်ထွက်ပြေးခဲ့ကြောင်း၊ လိုက်လံဖမ်းဆီးခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းတွင် ပြန်လည်ဖမ်းမိခဲ့ကြောင်း၊ ယင်းနောက် ၎င်းကို အင်းစိန်၊ မြင်းခြံနှင့် အိုးဘိုအကျဉ်းထောင်တို့တွင် ထိန်းသိမ်းခဲ့ရာမှ ၂၀၀၈ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပြန်လည်လွတ်မြောက်ခဲ့သူ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“ပြန်လွတ်လာပြီးနောက် သာကေတက မိန်းမအိမ်မှာ ပြန်နေတယ်။ မယားပါ သမီးကို မုဒိမ်းကျင့်ဖို့ ကြံစည်မှုနဲ့ ထွက်ပြေးတိမ်းရှောင်ရင်း သင်္ဃန်းကျွန်း၊ တာမွေနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တွေမှာ လုယက်မှုတွေ ထပ်မံကျူးလွန်ခဲ့တယ်။ တောင်ဒဂုံမှာ သူ့ကို လက်နက်ကိုင်ဆောင်မှု ၁၉ (င) နဲ့ ဖမ်းမိခဲ့ပြီး စစ်ဆေးခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ တရားရုံးက သူ့ကို ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချလိုက်တယ်” ဟု ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းလင်းပြောကြားသည်။
ယင်းသို့ ထောင်ဒဏ် နှစ် ၂၀ ကျော် ပြစ်ဒဏ်ကျခံနေရသူကို မြင်းခြံမြို့နယ်ရှိ ရဲဘက်စခန်းတွင် ထိန်းသိမ်းထားစဉ် သံခြေချင်း ဖျက်ဆီးကာ ထွက်ပြေးရန် ကြံစည်ခဲ့သောကြောင့် ပြစ်ဒဏ်လေးလ ထပ်မံတိုးမြှင့်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် မေလတွင် သန်လျင်မြို့နယ်၌ အမျိုးသားတစ်ဦးကို သေစေနိုင်လောက်သည့် ဓားထိုးမှု ထပ်မံကျူးလွန်ခဲ့သောကြောင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က တရားခံပြေးအဖြစ် ကြေညာထားသည့် ၎င်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ဓားနှစ်ချောင်းဖြင့် ပြန်လည်ခုခံခဲ့သောကြောင့် နယ်ထိန်းရဲအရာရှိ အပါအဝင် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“ဒီလူက အတ္ထုပ္ပတ္တိ ရာဇဝင် လူဆိုးလူမိုက် တစ်ယောက်ပါ။ ဒီလိုလူမျိုးကို ဖမ်းဆီးတုန်းက သာလွန်တဲ့ အင်အားအသုံးပြုရုံတင် မရဘူး။ ပြန်လည်ခုခံနိုင်တာကြောင့် လက်နက်အပြည့်အစုံနဲ့ ဖမ်းဆီးရမယ်။ တရားခံကို လျှော့တွက်ပြီး သေနတ်မပါဘဲ ဖမ်းဆီးလို့ ရဲနှစ်ဦး သေဆုံးခဲ့ရတာ။ ဥပဒေပုဒ်မ ၁၀၀ မှာ ကိုယ့်အသက်ကို ရန်ပြုလာရင် သေစေနိုင်တဲ့အထိ ပြန်လည်ခုခံပိုင်ခွင့် ရှိတယ်” ဟု ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လေးနှစ်ကျော် ကာလအတွင်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ၁၇ ကြိမ်မှ အကျဉ်းသား ၄၆၀၀၀ ကျော် လွတ်မြောက်ခဲ့ရာ ခိုး၊ ဆိုး၊ လု၊ နှိုက်များအပြင် ရာဇဝင် လူဆိုးလူမိုက်များပါ ပါဝင်ခဲ့သောကြောင့် လွတ်ငြိမ်းချမ်းသာခွင့်အတွက် အကျဉ်းသားများကို စိစစ်ထောက်ခံပေးရသည့် အကျဉ်းဦးစီးဌာန၏ စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment