Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 17, 2015

အသက် ၃၀ မပြည့်ခင် ဒါတွေကို စမ်းလုပ်ကြည့်ပါ….. ဘဝတလျှောက် ကျေနပ်နေပါလိမ့်မယ်

အသက် ၂၀ နဲ့ ၃၀ ကြားဆိုတာ ဘဝမှာ စွန့်စားရဆုံးအခိုက်အတန့်ဖြစ်ပါတယ်။ လူအများစုက ဒီအရွယ်မှာ အလုပ်တစ်ခုရဖို့၊ ဘွဲ့တစ်ခုရဖို့ အသည်းအသန်ကြိုးစားနေကြပါတယ်။ ဒါပေမယ့် တစ်သက်မှာ တစ်ခါပဲရတဲ့ လူငယ်ဘဝလေးမှာ မမေ့နိုင်တဲ့ အမှတ်တရတွေ ကျန်ခဲ့အောင် သည်အရာတွေကို ကြိုးစားဖြည့်ဆည်းသင့်ပါတယ်။ ပြန်တွေးတိုင်း ဂုဏ်ယူနေမှာပါ။

(၁) တိုက်ကြီး ၇ တိုက်ထဲက ကိုယ်မရောက်ဖူးတဲ့နေရာရောက်အောင် သွားကြည့်ပါ။ တစ်ခါမှမကြုံဖူးတဲ့အတွေ့အကြုံဆန်းက တစ်သက်မမေ့စရာဖြစ်ပါလိမ့်မယ်။

(၂) နိုင်ငံ ၂၀ ထက်မနည်း သွားနိုင်အောင် ကြိုးစားပါ။ မတူညီတဲ့ယဉ်ကျေးမှုတွေ၊ လူတွေကိုနားလည်ရင်း ကိုယ့်အကြောင်းလည်း ကိုယ်ပိုသဘောပေါက်နိုင်ပါမယ်။

(၃) သွားခဲ့တဲ့နိုင်ငံတိုင်းမှာ သူငယ်ချင်း အနည်းဆုံးတစ်ယောက်ဖွဲ့ပါ။ အဲသည်နိုင်ငံကို ပြန်သွားချင်ရင် စရိတ်စကပိုသက်သာပါမယ်။

(၄) ခရီးစဉ်မဆွဲ၊ မပြင်မဆင်ဘဲ ခရီးထွက်ကြည့်ပါ။ တစ်ခါတလေ ဗရုတ်သုက္ခအခြေအနေတွေမှာ ကိုယ့်အစွမ်းအစဘယ်လောက်ထွက်လာသလဲ သိနိုင်ပါမယ်။

(၅) ဘာသာစကားအသစ်တစ်ခုကို လေ့လာပါ။ ဥာဏ်ရည်ထက်မြက်တာ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းတာ စတဲ့ကောင်းကျိုးတွေ အများကြီးရပါမယ်။

(၆) လေထီးခုန်ကြည့်ပါ။ ကြောက်စရာအကောင်းဆုံးတွေကို သည်းခံနိုင်လာပါလိမ့်မယ်။

(၇) ကိုယ့်စိတ်ထဲမှာ အကြောက်ဆုံးဆိုတဲ့အရာကို ရင်ဆိုင်ကြည့်ပါ။ တော်ရုံတန်ရုံ ဘာကိုမှမကြောက်တတ်တော့ပါဘူး။

(၈) တောင်ထိပ်ပေါ်မှာ မတ်တပ်ရပ်ကြည့်ပါ။ လောကကြီးနဲ့နှိုင်းယှဉ်ရင် ကိုယ်ဟာ ပမွှားဆိုတာ သဘောပေါက်လာပါမယ်။

(၉) ငွေကြေးအကျပ်မရိုက်အောင် ကြိုးစားပါ။ အသက် ၃၀ မတိုင်ခင် မိဘပိုက်ဆံတစ်ပြားမှမပါဘဲ ကိုယ့်ခြေပေါ်ကိုယ်ရပ်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံး အကြွေးမပိအောင်၊ ပိုက်ဆံအသုံးအစွဲမကြမ်းအောင် ဂရုစိုက်ပါ။

(၁၀) အရေးပေါ်အတွက် ငွေဖယ်ထားပါ။

(၁၁) အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခု စတင်ထားပါ။

(၁၂) နေ့စဉ်လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်လေး လုပ်ထားပါ။

(၁၃) ကျန်းမာရေးနဲ့ညီညွတ်တာကို အကျင့်လုပ်ပြီး စားကြည့်ပါ။.

(၁၄) တစ်သက်လုံးမှာ ကြည့်အကောင်းဆုံးခန္ဓာကိုယ်ရအောင် ကြိုးစားပါ။

(၁၅) စည်းနဲ့ကမ်းနဲ့ နေတတ်သူဖြစ်အောင် ကျင့်ပါ။

(၁၆) မနက်စောစောထနိုင်အောင် ထပါ။

(၁၇) စာအုပ် ၁၀၀ အုပ်ထက်မနည်း ဖတ်ပါ။

(၁၈) စာအုပ်တစ်အုပ် ရေးပါ။ လူ ၈၁ ၇ာခိုင်နှုန်းက စာအုပ်တစ်အုပ်တော့ ရေးနိုင်တယ်လို့ ယူဆကြပေမယ့် တကယ်တမ်းရေးဖြစ်တဲ့သူက လက်တစ်ဆုပ်စာတောင် မရှိပါဘူး။ တစ်နေ့ကို မိနစ် ၃၀ လောက်အချိန်ပေးရုံနဲ့ တစ်နှစ်လောက်အတွင်း စာအုပ်တစ်အုပ်တော့ ပြီးအောင် ရေးဖြစ်မှာပါ။

(၁၉) အနာဂတ်မှာရှိတဲ့ သင်ကိုယ့်သင် စာပို့ထားပါ။ ကိုယ့်အိပ်မက်တွေ၊ ဖြစ်ချင်တာတွေ၊ ရည်မှန်းချက်တွေကို စာထဲမှာ ထည့်ရေးပါ။ အချိန်တန်လို့ စာကိုဖွင့်ဖတ်တဲ့အခါ ကိုယ့်ရည်မှန်းချက် ဘယ်လောက်အကောင်အထည်ပေါ်လာသလဲ ကိုယ့်ဘာသာ ပြန်အကဲဖြတ်နိုင်ပါမယ်။

(၂၀) တစ်လလောက် အင်တာနက်မသုံးဘဲ နေကြည့်ပါ။ မိသားစုတွေနဲ့ အချိန်ကုန်ဖို့၊ စာဖတ်ဖို့ အချိန်ဘယ်လောက်ရတာ သိနိုင်ပါမယ်။

အသက် ၃၀ မတိုင်ခင် ဖြည့်ဆည်းသင့်တယ်ဆိုပေမယ့် ဘဝတလျှောက် အခွင့်အရေးကြုံတဲ့အခါ သည်ရည်မှန်းချက်တွေကို ဖြည့်ဆည်းမယ်ဆိုရင်လည်း မေ့မရတဲ့အမှတ်တရတွေကို သေချာပေါက်ဖန်တီးပေးပါလိမ့်မယ်။
Credit: စုပြည့်စုံ

No comments:

Post a Comment