Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 15, 2015

သစ္စာဖောက် ရွှေမန်းနဲ့ ပွဲကြီးပွဲကောင်း


ဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ရဲ့ အဖြစ်အပျက်ဟာ စစ်အာဏာရှင်တွေကြားက အာဏာလုပွဲဖြစ်ပါတယ်။ ဖဲစကားနဲ့ ပြောရရင်တော့ ဓားပါတဲ့ကုလားဦးသိန်းစိန်က စားသွားတာပါပဲ။ ဦးသိန်းစိန်ဘက်မှာ ဓားရှိတယ်။ တနည်းပြောရရင် ဦးသိန်းစိန်ဘက်မှာ သေနတ်ရှိတယ်။ နောက်တနည်းပြောရရင် ဦးသိန်းစိန်ဘက်မှာ စစ်တပ်နဲ့ လက်ရှိဗိုလ်မင်းအောင်လှိုင်ရှိတယ်။ ဒါ့ကြောင့် ဦးသိန်းစိန်က စားသွားတာပါပဲ။ ဗိုလ်မင်းအောင်လှိုင်နောက်မှာ အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေရှိမယ်ဆိုတဲ့ခန့်မှန်းချက်ကလည်း သိပ်တော့ မမှားနိုင်ပါဘူး။ ဦးသန်းရွှေ ဘယ်အတိုင်းအတာအထိ သြဇာရှိသေးတယ်ဆိုတာကတော့ နည်းနည်းမှန်းရခက်ပါတယ်။ သိပ်များလှမယ်တော့ မထင်ဘူး။ စစ်အာဏာရှင်ဆိုတာ ရာထူးနဲ့ဝေးရင် အာဏာကလည်း တဖြည်းဖြည်းပါးသွားတတ်တဲ့ သဘောတော့ ရှိပါတယ်။ အဲသလိုပါးသွားလို့လည်း ဦးရွှေမန်းကပြန်လှန်ရဲတာပါ။
အရင်တုန်းက ရာနှုန်းပြည့် စစ်အာဏာရှင်ခေတ်မှာတော့ စစ်တပ်နဲ့ အဝိုင်းခံလိုက်ရပြီဆိုရင် ပွဲပြတ်သွားပါပြီ။ အဝိုင်းခံရတဲ့လူဟာ ရာထူးပြုတ်၊ ထောင်ကျ၊ ဘဝပျက်၊ နိုင်ငံရေးထဲက ထွက်ပေတော့ပဲ။ ခုတော့ ခါတိုင်းလောက် မလွယ်ဘူး။ နည်းနည်း ပွဲရှည်မယ်။ သူတို့မှာ ကိုယ့်ရှူးကိုယ်ပတ်နေပြီ။ ဒီမိုကရေစီပါလို့ တိုင်းသိပြည်သိ၊ ကမ္ဘာသိညာထားလေတော့ ယုတ္တိတန်အောင် လုပ်ပြဖို့လေးတော့ လိုလာပြန်တယ်။ လွှတ်တော်ဥက္ကဌကို အကြောင်းပြချက်မယ်မယ်ရရ မပြနိုင်ဘဲ၊ သွားရော့လဟယ်ဆိုပြီး ကန်ထုတ်လိုက်မယ် ဆိုရင် ၂၀၀၈ ခြေဥလည်း ခွေးဖြစ်ရော့လဟယ်ကိန်းဆိုက်နေပါတယ်။
စစ်အာဏာရှင်သိန်းစိန် - မင်းအောင်လှိုင်ဂိုဏ်းဟာ dilemma ဆိုတဲ့ ရှေ့မတိုးနောက်ဆုတ်သာတဲ့ အကျပ်အတည်းကျနေပါတယ်။ ဦးရွှေမန်းကို လွှတ်ပေးရင် သူတို့ကို ပြန်ဆော်မှာ မုချ။ ဦးရွှေမန်းကို ကန်ချရင်လည်း သူတို့အနှစ်နှစ်အလလ မွေးမြူထားပြီး တနေ့ရွှေဥတလုံးကျနဲ့ တသက်လုံးထိုင်စားဖို့ပြင်ထားတဲ့ ၂၀၀၈ ခြေဥ ငန်းဘဲကြီးဟာ ဘာမှ သောက်သုံးမကျတဲ့ ခွေးသေကောင်ပုပ်စားတဲ့ လင်းတဖြစ်သွားမယ်။
ဘယ်လိုလုပ်မလဲ။
သူတို့မှာ အကြံကတော့ရှိပြီးသားပါ။ သူတို့အကြံတစွန်းတစကို စောစောကတည်းကတွေ့ခဲ့ရပြီးပါပြီ။ ဦးရွှေမန်းကို သူ့အရွေးကောက်ခံဒေသက မဲဆန္ဒရှင်တွေက အယုံအကြည်မရှိအဆိုတင်ပြီး လွှတ်တော်အမတ်အဖြစ်က ရုပ်သိမ်းကြောင်းစာတင်တယ်ဆိုတာ အစီအစဉ်ရဲ့ အစပိုင်းပေါ့။ သူ့မဲဆန္ဒရှင်တွေကလည်း စစ်သားတွေချည်းပဲ။ ညစ်ထားတာလေ။ အခုပြန်အညစ်ခံရပြီပေါ့။ စစ်သားတွေက သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်ရုပ်သိမ်းကြောင်းစာပို့တယ်။
ဒါပေမယ့် ဦးရွှေမန်းကလည်း လူလည်ပန်ကာပါ။ နည်းဥပဒေမရှိသေးလို့ လုပ်လို့ မရဘူးဆိုပြီး ခပ်တည်တည်ပဲ ကိုယ့်ဖာသာ ပယ်ချပစ်လိုက်တယ်။ သူတို့အချင်းချင်း ခွက်စောင်းခုတ်တဲ့ပွဲဆိုတော့ ပြည်သူကလည်း ဘာမှ မပြောဘဲ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေခဲ့တယ်။
တနေ့ကတော့ ကြံ့ဖွံ့ပါတီတွင်း အာဏာသိမ်းပွဲလုပ်ပြီး နောက်တနေ့မနက်မှာတော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက စာထုတ်တယ်။ မဲဆန္ဒရှင်တွေရဲ့ လွှတ်တော်အမတ်ရုပ်သိမ်းခွင့်ကို နည်းဥပဒေပြဌာန်းဖို့ ထပ်ပြီး သတိပေးတဲ့စာဖြစ်ပါတယ်။ ပြန်ကြားရေးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဘွားကနဲချက်ချင်းတက်လာတာပါပဲ။ သဘောကတော့ ဦးရွှေမန်း ကိုယ့်တွင်းကိုယ်တူးပြီး အဝီစိအထိဆင်းပေတော့ဆိုတဲ့ သဘောပဲ။
ဒါပေမယ့် ရွှေမန်းကလည်း လေဖြန်းနေတာ မဟုတ်သေးတော့ ချောင်ထဲကနေ အမောက်ထောင်ပြတယ်။ သူ့ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး သူ့ကို စိုးရိမ်ပူပန်နေတဲ့သူတွေကို ကျေးဇူးတင်ကြောင်းဆိုပြီး ပို့စ်တခုတင်လိုက်တယ်။ ဓာတ်ပုံနဲ့ဘာနဲ့။ သဘောကတော့ ငါမသေဘူး၊ ရေကူးတတ်တယ်ပေါ့။ ဒီအခြေအနေတွေကိုကြည့်ရတာကတော့ ပွဲကြီးပွဲကောင်းတပွဲတော့ မကြာခင်မြင်ရတော့မယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။
စစ်အာဏာရှင်တို့သဘောက လုပ်ပြီဆိုရင် ကျူပင်ခုတ်ကျူငုတ်မကျန်လုပ်တတ်တဲ့ သဘောရှိတယ်။ မီးကြွင်းမီးကျန်ကိုမထားသလို ရန်ကြွင်းရန်စကိုလည်း ဆက်ပြီးကြီးထွားခွင့်ပေးလေ့မရှိဘူး။ ဒါပေမယ့် ဗိုလ်ခင်ညွန့်ကိုလုပ်သလို ဖမ်းပြီးထောင်ချလိုက်ဖို့ကလည်း မလွယ်ဘူး။ သူတို့ခြေဥအရဆိုရင် လွှတ်တော်ကိုယ်စားလှယ်တယောက်ကို ဖမ်းချင်ရင် လွှတ်တော်ဥက္ကဌကို ကြိုပြီး အကြောင်းကြားရ ၊ ခွင့်ပြုချက်ယူရဦးမယ် ဆိုသကိုး။ လွှတ်တော်ဥက္ကဌကို ဖမ်းပြီးထောင်ချလိုက်မယ်ဆိုရင်လည်း သူတို့ ခြေဥက အီးအီးကုန်းတဲ့ စက္ကူလောက်မှ တန်ဖိုးရှိတော့မှာ မဟုတ်ဘူး။
ဒီတော့ ဦးရွှေမန်းကို ဖြုတ်ဖို့ရာ လွှတ်တော်ထဲကနေ အရင်ရှင်းရတော့မှာပဲ။
ဒီတော့ လွှတ်တော်ဥက္ကဌကနေ ဖြုတ်ဖို့ ဆိုရင် နည်းလမ်းက နှစ်နည်းရှိတယ်။ တနည်းကတော့ ပုဒ်မ ၁၁၃ (ခ) အရ လွှတ်တော်ဥက္ကဌအဖြစ်ကနေ ရုပ်သိမ်းလို့ရတယ်။ ဒါပေမယ့် ဘယ်လိုရုပ်သိမ်းရမယ်ဆိုတာ အသေးစိတ် မပါပြန်ဘူး။ နည်းဥပဒေမရှိသေးလို့ မရဘူးလို့ ပြောရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် လွှတ်တော်ထဲမှာပဲ မဲခွဲပြီး ဆုံးဖြတ်လိုက်ရင် ရသလား။ ဒါကတနည်း။ နောက်တနည်းကတော့ စောစောက ပြောတဲ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းတဲ့နည်း။ ရုပ်သိမ်းဖို့ နည်းဥပဒေကို အမြန်ပြဌာန်းဖို့၊ ဦးရွှေမန်းကို ကိုယ့်တွင်းကိုယ်တူးခိုင်းဖို့နည်း။
အဲဒီနှစ်နည်းစလုံးကို လွှတ်တော်ထဲမှာ ကြိုးစားလာတာကို မြင်ရဖွယ်ရှိပါတယ်။ လွှတ်တော်တွင်း တိုက်ပွဲ ပွဲကြီးပွဲကောင်းကို တွေ့ရတော့မှာပါ။
လွှတ်တော်တွင်းတိုက်ပွဲရယ်လို့ ဖြစ်လာရင် မဲခွဲဆုံးဖြတ်တာတွေက အရေးကြီးလာကြတော့မယ်။ ဘယ်သူတွေက ဘယ်သူ့ဘက်ကို မဲပေးကြမလဲ။ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ မဲကတော့ သေချာတယ်။ ဦးသိန်းစိန်၊ ဗိုလ်မင်းအောင်လှိုင်ဘက်ကို သွားကြမယ့်မဲတွေပဲ။ ဒီချုပ်ကဘယ်ဘက်ကို သွားမလဲ။ ဦးရွှေမန်းဘက်ကို သွားဖို့များတယ်လို့ ထင်ရပါတယ်။ ရုတ်တရက်ကြီး ဘက်ပြောင်းဖို့ ခက်ပါတယ်။ ကျန်တဲ့တိုင်းရင်းသားမဲတွေကရော။ လွှတ်တော်တွင်း တိုင်းရင်းသားတွေရဲ့မဲကလည်း ဦးရွှေမန်းဘက်ကို သွားမယ့်မဲက ခပ်များများပဲထင်ပါတယ်။ အရေးကြီးဆုံးမဲက ကြံ့ဖွတ်တွေရဲ့မဲပဲ။ သူတို့ကလူများစု။ သူတို့မဲက အဆုံးအဖြတ်မဲဖြစ်မယ်။ ဦးရွှေမန်းပြုတ်ရေး မပြုတ်ရေးကို သူတို့က အဆုံးအဖြတ်ပေးလိမ့်မယ်။
ကြံ့ဖွတ်ပါတီဝင်အများစုဟာ ဦးရွှေမန်းလူတွေလို့ ယူဆစရာရှိတယ်။ ဒါပေမယ့် ဖွတ်တို့ရဲ့သဘောဆိုတာဟာ ဘာမူမှ ရှိတာမဟုတ်ဘူး။ သာကူးပဲ။ သာတဲ့ဘက်ကူးမှာမုချ။ အခုသာနေတာက ဓားပါတဲ့ကုလားလေးသိန်းစိန်က အထက်စီးကဆိုတော့ ဦးသိန်းစိန်ဘက်ကူးကြမှာ တော်တော် သေချာတယ်။ အဲသလို သေချာအောင်လည်း ဦးသိန်းစိန်တို့က ကြံ့ဖွတ်ညီလာခံတွေကို ဦးရွှေမန်းမပါဘဲ အရေးပေါ်ခေါ်ပြီး သွန်သင်ဆုံးမ၊ ခြိမ်းခြောက် နည်းမျိုးစုံသုံးနေပါတယ်။
ဒါပေမယ့် မဲဘယ်လိုခွဲမလဲဆိုတာက ဦးရွှေမန်းလက်ထဲမှာ။ ဦးရွှေမန်းက လျှို့ဝှက်မဲခွဲစနစ်ကို ကျင့်သုံးမယ်ဆိုတာနဲ့ အခြေအနေက တမျိုးဖြစ်သွားနိုင်တယ်။ လူမသိဘူးဆိုရင် ဖွတ်တွေဟာ စိတ်ရင်းအတိုင်းမဲထည့်ချင်ထည့်ကြတော့မှာပေါ့။ ဒီတော့ ဦးရွှေမန်းကို ဖြုတ်ချရေးဟာ လွယ်မယောင်နဲ့ခက်နေတယ်။
နောက်တနည်းကတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းချင်ရင် နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို မစောင့်သိရင် ရုပ်သိမ်းလို့ ရတယ်။ အကျင့်သိက္ခာ ပျက်ပြားရင်လည်း ရုပ်သိမ်းလို့ရတယ်။ ဒါပေမယ့် ရာဇဝတ်မှု ကျူးလွန်ရင် ၊ မူးယစ်ဆေးဝါး ကုန်ကူးရင် ရုပ်သိမ်းလို့ ရတယ်လို့တော့ မပါပြန်ဘူး။ ဒါပေမယ့် မူးယစ်ဆေးဝါး ကုန်ကူးတာကို နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာမစောင့်သိတာလို့ လိုသလိုဆွဲပြီး ဘာသာပြန်တာမျိုးလည်း လုပ်ချင်လုပ်မယ်။ ဥပဒေကို မလိုတမျိုးလိုတမျိုးလုပ်တာက သူတို့လုပ်နေကျမဟုတ်လား။
ဒီတော့ ဟိုတလောက ဆေးပြားတွေကို ဆယ်ဘီးကားကြီးနဲ့ တစင်းတွေ့ထားတာ ဦးရွှေမန်းတို့ ဦးခင်ရွှေတို့ ခမည်းခမက် လုပ်ထားတာပါဆိုပြီး ချောက်တွန်းဖြုတ်ချ လုပ်လိုက်မလား။ ဒီလိုလုပ်ဖို့ လေသံပစ်ထားတာမျိုးရှိတယ်။ မူးယစ်ဆေးတရားခံကို သိထားပြီးပြီတဲ့။ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ကျော်လုပ်လို့ မရသေးလို့ ပြည်သူကို အသိမပေးသေးတာဆိုပဲ။ ဒီတော့ အကြံကုန်ရင် ဂဠုန်ဆားချက်မယ့်နည်းက အင်္ဂလိပ်အစိုးရလက်ထက်မှာကတည်းကလုပ်ခဲ့တဲ့ ဘိန်းပစ်ဖမ်းတဲ့ ကလီရှေး နည်းဟောင်းကြီးဖြစ်နိုင်တယ်။ ဒါပေမယ့် ဦးရွှေမန်းဘက်က ပြောမယ်ဆိုရင် အဲဒီဥပဒေကလည်း နည်းဥပဒေ မရှိသေးဘူးဆိုရင်ဘယ့်နှယ်လုပ်မလဲ။
အဲ...တနည်းတော့ ကျန်သေးတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ရတဲ့ နောက်တနည်းက သေရင်လည်း ထွက်ရသတဲ့။ အဲဒီတော့ ဦးရွှေမန်းကို စောမောင်ကြီးတုန်းကလုပ်သလို ဆေးထိုးသတ်ပစ်တဲ့ နည်းကတော့ နောက်ဆုံးလုပ်နိုင်တဲ့နည်းပါပဲ။
တကယ်တော့ ဦးရွှေမန်းလည်း အာဏာရှင်၊ ဦးသိန်းစိန်လည်း အာဏာရှင်ပဲ။ အာဏာရှင်ချင်းအတူတူ ဘာလို့များ ဒီလောက်အထိ ခွက်စောင်းခုတ်ကြတဲ့ အဆင့်ရောက်သွားကြသလဲ။ အာဏာရှင်ပီပီ အာဏာလုတာ၊ ခွက်စောင်းခုတ်တာက ဖြစ်တော့ ဖြစ်ရိုးဖြစ်စဉ်ပေါ့လေ။ ဒါပေမယ့် ဒါ့ထက်ပိုတဲ့ တခြားအချက်ကလေးတချို့ကိုလည်း တွေ့ရပါတယ်။ အဲဒါကတော့ အာဏာရှင်ချင်းတူပေမယ့် လုပ်နည်း လုပ်ဟန်မတူကြတဲ့အချက်ပါ။ ဦးသိန်းစိန်က ကွန်ဆာဗေးတစ် အာဏာရှင်။ ဦးရွှေမန်းက နီယိုအာဏာရှင်။ ဦးသိန်းစိန်က ရှေးရိုးအတိုင်း အာဏာရှင်စနစ်ကို သွားချင်တယ်။ စစ်တပ်က အပိုင်ဗိုလ်ကျထားမယ်။ မနိုင်ရင် ညစ်မယ်။ ဦးသန်းရွှေနဲ့ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေအပေါ်မှာ သစ္စာစောင့်သိမယ်။ ဒါက ဦးသိန်းစိန်နည်း။ ဦးသန်းရွှေအကြိုက်နည်း။
ဦးရွှေမန်းရဲ့ အာဏာရှင်စနစ်က ထိုးထွင်းတီထွင်မှုရှိတယ်။ နည်းဟောင်းကြီးအတိုင်းသွားလို့ လူထုက လက်မခံတော့ဘူးလို့ သူကမြင်တယ်။ ဒီတော့ သူက ဆန်းသစ် ချင်တယ်။ စစ်တပ်ကလူတွေကိုလျှော့ချင်တယ်။ ၂၅ ရာနှုန်းလည်း ယူထားပြီးပြီပဲ။ ပါတီကိုယ်စားလှယ်ထဲမှာ သိပ်မထည့်ချင်နဲ့တော့၊ ရုပ်ပျက်လွန်းတယ်။ အဲသလိုယူဆတယ်။ ပြုပြင်ရေးလေသံလှိုင်လှိုင်ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်ဒုန်းယိမ်းကပြချင်တယ်။ စစ်အာဏာရှင်စနစ်တခုလုံးရဲ့ ဆိုးခဲ့ယုတ်ခဲ့သမျှကိုလည်း ဦးသန်းရွှေ့ခေါင်းပေါ်ပဲ ပုံချလိုက်ချင်တယ်။ သူတို့ကလူကောင်းလေးတွေပါ။ လူယုတ်မာကြီး ဦးသန်းရွှေကြောင့် မမိုက်ချင်ပဲ မိုက်ခဲ့ရတာပါဆိုတဲ့အချိုးမျိုးချိုးချင်တယ်။ သူကတော့ ဒီမိုကရေစီသူရဲကောင်းကြီး၊ ကယ်တင်ရှင်ကြီးလုပ်ချင်တယ်။ ဒါမှ များများညစ်စရာမလိုဘဲ မဲလေးဘာလေး နည်းနည်းပါးပါးရမယ်။ အဲဒီနည်းနည်းပါးပါးနဲ့ ၂၅ ရာနှုန်းနဲ့ပေါင်းရင် တိန်တိန်မြည်နေပြီ။ သမ္မတထိုင်ခုံမှာ ဒူးနှံ့ ထိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခိုင်းစားရုံပဲ။
ဒါက ဦးရွှေမန်းရဲ့အကြံ။
ဦးရွှေမန်းက အကြံကြီးတယ်။ သူ့အကြံသာအောင်ရင် နိုဗဲလ်ဆုရနိုင်တဲ့ အကြံမျိုးပဲ။ ဒါကလည်း သူစပြီးကြံတဲ့အကြံမဟုတ်ဘူး။ သူ့အရင် ဒါမျိုးကြံတဲ့သူရှိတယ်။ ခင်ညွန့်။ ခင်ညွန့်တုန်းကတော့ ခံလိုက်ရတယ်။ သူကတော့ လွှတ်တော်ဥက္ကဌလည်း ဖြစ်တယ်။ ဦးသန်းရွှေရဲ့ အာဏာကလည်း တဖြည်းဖြည်းပါးလာပြီဆိုတော့ သူ့ကိုတော့ လုပ်လို့မရလောက်ဘူးလို့ တွက်တယ်။ ဒါပေမယ့် အာဏာရှင်တို့မည်သည်မှာ အာဏာနဲ့ ပတ်သက်လာရင် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘူးဆိုတာကို သူကိုယ်တိုင် အာဏာရှင်ဖြစ်ရက်နဲ့ လျှော့တွက်ခဲ့လေသလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။
ဒါပေမယ့် ပွဲကမပြတ်သေးဘူး။ ဦးရွှေမန်းကလည်း သားသားခုတော့မှားမှန်းသိပါပြီ။ ချမ်းသာပေးပါတော့လို့ လွယ်လွယ်လေးမျက်ရည်ကျပြီး အလျှော့ပေးမယ့်ပုံ သိပ်မပေါ်ဘူး။ ရွှေမန်းသူရ ဘာသွေးကြွလို့ သူရဘွဲ့မည်ခံသနည်းဆိုတာ စောင့်ကြည့်ကြရဦးမှာပလေ။
ဒီတော့....
သစ္စာဖောက်ရွှေမန်းဂိုဏ်းနဲ့ သစ္စာခံအာဏာရှင် သိန်း-လှိုင်ဂိုဏ်းရဲ့ နောက်ဆုံးဗိုလ်လုပွဲကို နေပြည်တော်လွှတ်တော်ကွင်းမှာ ပရိသတ်ကြီးများ မကြာခင်ဆက်ရှုစားကြရဦးမှာဖြစ်ပါတယ်။
ကြည့်ချင်သူတွေ လက်ခုပ်တီးကြပါခင်ဗျား။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

No comments:

Post a Comment