Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 18, 2015

ဘန်ကောက် ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်-ဘန်ကောက် အပန်းဖြေခရီးစဉ်အများအပြား ဖျက်သိမ်း


 ပြည်ပခရီးသွားများ လည်ပတ်မှုများသည့် ဘန်ကောက်မြို့လယ်နေရာတွင် သြဂုတ် ၁၇ ညက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်-ဘန်ကောက် ဗီဇာမဲ့ အပန်းဖြေခရီးသွားရောက်မည့် မြန်မာ့ခရီးသည် အများအပြား ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြကြောင်း ပြည်တွင်းပြည်ပ ခရီးသွားဝန်းဆောင်မှုလုပ်ငန်းများမှ သိရသည်။

“အဲဒီ ဗုံးပေါက်ကွဲမှုသတင်းကြောင့် ချက်ချင်းပဲ အပန်းဖြေသွားမဲ့ ခရီးသည်တွေက သူတို့ကြိုတင် ၀ယ်ထားတဲ့ လက်မှတ်တွေကို ဖျက်သိမ်းသွားတယ်။ တချို့ခရီးသည်တွေကလည်း စောင့်ကြည့်ဦးမယ်လို့ ပြောတယ်။ ဒါကိုလည်း ကျွန်မတို့ကုမ္ဗဏီက နားလည်ပါတယ်။ ကျွန်မတို့ ကုမ္ဗဏီအနေနဲ့လည်း စောင့်ကြည့်နေပါတယ်။ ခရီးသည်တွေအပေါ်မှာ လုံခြုံမှုကိုကြည့်ပြီး ကျွန်မတို့ကုမ္ဗဏီရဲ့ ခရီးစဉ်ကိုလည်း ဖျက်သိမ်းရင် ဖျက်သိမ်းမှာပါ။ အခု ဗုံးပေါက်သွားတဲ့နေရာကလည်း ခရီးသွားတွေ အများဆုံးလည်ပတ်တဲ့နေရာပါပဲ”ဟု Tango Travel and Tour ပြည်တွင်းပြည်ပ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ကုမ္ဗဏီမှ အုပ်ချုပ်မှုဒါရိုက်တာ မခေါင်ခေါင် က News Watch သို့ ပြောသည်။

ယမန်နေ့ သြဂုတ် လ ၁၇ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ခွဲခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ခရီးသွားများ သွားလာလည်ပတ်မှုများသော ဟိန္ဒူနတ်ဘုရားကျောင်း အပြင်ဘက်တွင် ၀တ်ပြုနေသူများနှင့် ကမ္ဘာလှည့် ခရီးသွားများ စည်းကားနေချိန် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပေါ်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် နိုင်ငံခြားသားများအပါအ၀င် လူ ၁၉ ထက်မနည်း သေဆုံးခဲ့၍ ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ ဗုံးခွဲတိုက်ခိုက်သူများသည် ခရီးသွားလုပ်ငန်း ထိခိုက်စေရန် နိုင်ငံခြားသားများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည့် ထိုင်းကာကွယ်ရေး ၀န်ကြီး ပရာဝတ်ဝေါင်ဆူဝေါင် က ပြောကြားခဲ့သည်။

“သတင်းကြားကြားချင် အစ်မတို့ကုမ္ဗဏီကို ဖုန်းတွေဆက်ပြီးမေးကြတယ်။ ခရီးသည်တွေအနေနဲ့ အရမ်းစိုးရိမ်နေတာကို တွေ့ရတယ်။ စပြီးခွင့်ပြုတုန်းက သြဂုတ် ၁၁ ရက်နေ့ နောက်ပိုင်းမှာတော့ အပန်းဖြေသွားတဲ့ မိသားစုတွေ၊ ဟန်နီမွန်းထွက်တဲ့ စုံတွဲတွေနဲ့ ဈေးဝယ်ထွက်တဲ့သူတွေများတယ်။ အခု ဗုံးပေါက်ပြီးနောက်ပိုင်း လက်မှတ်ရောင်းအား ကျသွားတယ်။ ကြိုတင်ဝယ်ထားတဲ့သူတွေလည်း ဖုန်းတွေခဏခဏ ဆက်နေကြတယ်”ဟု Tour Diamond ခရီးသွားဝန်ဆောင်မှုလုပ်ငန်း မှ အထွေထွေမန်နေဂျာ မနန်းမြတ်သန္ဒာလွင် က News Watch သို့ ပြောသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ နှစ်ပတ်အကြာ အခက်အခဲ အတားအဆီးမရှိ အပြန်အလှန် သွားလာခွင့်ကို နှစ်နိုင်ငံသဘောတူညီမှုအရ သြဂုတ်လ ၁၁ ရက်နေ့တွင် စတင်ရရှိခဲ့ခြင်းဖြစ်သည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment