Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 19, 2015

ရန်ကုန်တက္ကသိုလ်ပါချုပ် NLD မှ ရွေးကောက်ပွဲဝင်ရန် ၀န်ထမ်းအဖြစ်မှ ထွက်စာတင်

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ
  ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှတစ်ဆင့် ရွေးကောက်ပွဲ ၀င်ရန်အတွက် ၀န်ထမ်းအဖြစ်မှ နုတ်ထွက်ရန် ထွက်စာတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

  “၀င်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ ကျွန်တော်က နိုဝင်ဘာအထိက ၀န်ထမ်း လစာလည်း စားနေတဲ့အတွက် ၀န်ထမ်း ဖြစ်နေတယ်။ မနေ့ကမှ တရားဝင် စာတင်လိုက်တယ်။ ၀င်ပြိုင်မှာကတော့ သေချာတယ်။ မဲဆန္ဒနယ်ကို ပြောရမယ်ဆိုရင် အခုက ၀န်ထမ်းဖြစ်နေတဲ့အတွက် ရပ်နားခွင့်ကို မနေ့ကမှ တင်တာဖြစ်တဲ့အတွက် ရပ်နားခွင့်ကျပြီးမှ ပါတီနိုင်ငံရေးလုပ်လို့ ရမယ်”ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူက The Messenger Media သို့ ပြောသည်။

 NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ ၀င်မည်ဟု ကြေညာသည့်ရက်မှာပင် ဒေါက်တာအောင်သူထံ ရွေးကောက်ပွဲဝင်ရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကာ ၎င်းအနေဖြင့် ပြီးခဲ့သည့် သောကြာနေ့တွင်မှ ပြတ်ပြတ် သားသား ဆုံးဖြတ်၍ ထွက်စာတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 ဒေါက်တာအောင်သူမှာ လာမည့် နိုဝင်ဘာလတွင် ပင်စင် ပြည့်မည်ဖြစ်ကာ ယခုလကုန်တွင် ပင်စင် ရရှိရန် စာတင်ခဲ့ကြောင်း သိရသည်။

 “ကျွန်မတို့ကတော့ ကျွန်မတို့ပါတီကို လာတဲ့သူတွေကို ကြိုလည်း ကြိုဆိုပါတယ်။ ၀မ်းလည်း သာပါတယ်”ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေး မြင့်က The Messenger Media သို့ ပြောသည်။

 NLD ပါတီသည် လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ လူထုဗဟို ပြုဖြစ်သည့်အတွက် ပါတီဝင် မဟုတ်သူများကိုလည်း ရွေးချယ်သွားမည် ဖြစ်ကြောင်း ပြောကြားထားမှုများ ရှိသည်။

 ဒေါက်တာအောင်သူသည် သင်္ချာ ဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရထား သူတစ်ဦးဖြစ်ကာ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးကို ဦးဆောင်ပြီး လုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်သည်။

 ထို့အတူ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်သင်းလည်း ရွေးကောက်ပွဲဝင်ရန် အစီအစဉ်ရှိနေပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက် အရွေးချယ်ခံနိုင်ဖွယ် ရှိသည်ဟု ပညာရေးလောကတွင် သတင်းများ ထွက်ပေါ်နေသည်။

The Messenger Media
http://messengernewsjournal.com

No comments:

Post a Comment