Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 24, 2015

ကြုံခဲ့ရတဲ့ အခက်အခဲတွေထဲက တစ်ခုက မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်သေးတာလို့ဆိုတဲ့ First Runner Up ဆုရှင် ကချင်တိုင်းရင်းသူလေး မိုရိန်လုစံ



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ မော်ဒယ်ပိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားလွန်းတာကြောင့် ရန်ကုန်ကိုလာပြီး Miss Myanmar World 2015 ပွဲကို အတွေ့အကြုံ လိုချင်လို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မိုရိန်လုစံက မမျှော်လင့်ပဲ First Runner Up ဆုကို ရရှိခဲ့တဲ့အပြင် ရှေ့ဆက်ပြီးလဲ အနုပညာလမ်းကြောင်းမှာ ဆက်လက်လျှောက်လှမ်းဖို့အတွက် အားအင်တွေဖြစ်ခဲ့ရတယ်လို့ သူမ နဲ့တွေ့ဆုံမေးမြန်းခဲ့တဲ့ အင်တာဗျူးမှာ ခုလို ဖွင့်ဟသွားပါတယ်။
-Miss Myanmar World 2015 ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။
ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာက ညီမ အတွေ့အကြုံလိုချင်လို့ပါ။ ဆုရကို ရရမယ်ဆိုတဲ့ စိတ်လဲ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ညီမက အနုပညာနဲ့ပတ်သက်တဲ့ အတွေ့အကြုံ ဘာတစ်ခုမှမရှိဘူး။ ရန်ကုန်ကိုရောက်လာတောင် ၂ လလောက်ပဲ ရှိပါသေးတယ်။ ဒီပြိုင်ပွဲကို ပြိုင်ချင်လို့ မြစ်ကြီးနားကနေ ရန်ကုန်ကို တက်လာတာပြီးတော့ ဖောင်တင်လူတွေ့စစ်ဆေးပြီး တစ်ခါတည်း ၀င်ပြိုင်ဖြစ်သွားတာပေါ့။ ပြီးတော့ ပိုဆိုးတာက ညီမ မြန်မာ စကားကို ရေရေ လည်လည် ကျွမ်းကျွမ်း ကျင်ကျင် မပြောတတ်ဘူး။ အဲ့ဒီ အခက်အခဲလဲရှိတယ်။ ပြိုင်ပွဲတွေထဲမှာလဲ ဒီပြိုင်ပွဲကို စိတ်ဝင်စားတယ်။  Modelling ပိုင်းကိုတော့ ညီမအရမ်းစိတ်ဝင်စားတယ်။ အိမ်ကလူတွေကလဲ ဆုရရ ၊ မရရ အတွေ့အကြုံရတယ် သွားပြိုင်ကြည့်ဆိုပြီး အားပေးတာနဲ့ဝင်ပြိုင်ဖြစ်တာပါ။
-ပြိုင်ပွဲတောက်လျှောက် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ အခက်အခဲတွေ ဗဟုသုတတွေအနေနဲ့ ဘာတွေရရှိခဲ့လဲ။
အတွေ့အကြုံတွေကတော့ အများကြီးပါပဲ။ ညီမက အိမ်မှာလဲ အေးအေးဆေးဆေးပဲ နေတတ်တဲ့အခါကျတော့ စစချင်းမှာ လူအများကြီးနဲ့ပြောဆိုဆက်ဆံရတဲ့ အခက်အခဲတွေတော့ ရှိတယ်။ ဒါပေမဲ့ အဲ့ဒီလိုမပြောတတ် မဆိုတတ်ကနေပဲ သင်ယူသွားတာကနေ နောက်ပိုင်းမှာ အဆင်ပြေသွားတယ်။ ကိုယ်က ရန်ကုန်ကိုလဲ အခုမှရောက်ဖူးတာဆိုတော့ သွားတာ၊ လာတာ၊ စားတာ၊ သောက်တာကအစ အခက်အခဲ ရှိတယ်။ နယ်မြေ အပြောင်းအလဲတွေ၊ ပတ်ဝန်းကျင် အပြောင်းအလဲလေးတွေကြောင့် အခက်အခဲတော့ဖြစ်တယ်။ နဂိုကတည်းကလဲ ညီမက စကားကလဲ နည်းတယ်။ မြန်မာစကားကလဲ သေချာမပြောတတ်ဆိုတော့ အခက်အခဲတွေတော့ရှိတယ်။ အိမ်ကလဲ ညီမကို ဒီပြိုင်ပွဲကို ပြိုင်ခိုင်းတာ ဆုအတွက်မဟုတ်ဘူး။ Modelling ပိုင်းကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ အစိမ်းသက်သက်ဖြစ်တဲ့အတွက် အတွေ့အကြုံတစ်ခုရအောင် ၀င်ပြိုင်ခိုင်းတဲ့သဘော ဒါပေမဲ့ မမျှော်လင့်ပဲ ဆုပါရခဲ့တယ်။ အဲ့ဒီအတွက် အရမ်းလဲ ပျော်ရွှင်မိတယ်။ ညီမကနေတာက ကချင်မှာနေတာပါ။ အခုဆုရသွားတဲ့အတွက် ဒီမှာ ဆက်နေပြီး ညီမ၀ါသနာပါတဲ့  Modelling ပိုင်းကို ဆက်လေ့လာသွားမယ်။ ကြိုးစားသွားပါမယ်။ ဗဟုသုတပိုင်းနဲ့ပတ်သက်ပြီးက ဘန်ကောက်မှာ Camp သွား သွင်းရတယ်။ ညီမတစ်ခါမှ သူငယ်ချင်းတွေနဲ့ မသွားဖူးဘူး။ သူငယ်ချင်းတွေနဲ့ဆိုတော့ အရမ်းလဲပျော်ဖို့ကောင်းတယ်။ ဗဟုသုတတွေလဲ အများကြီးရပါတယ်။ ပထမ မရလို့စိတ်ဓာတ်ကျတာမျိုးလဲ မရှိပါဘူး။ ပရိသတ်တွေကတော့ ဖေ့စ်ဘုတ်မှာ winner ရစေချင်ကြတယ်။ ဒါပေမဲ့လဲ ပထမဆိုတာ အဖက်ဖက်ကပြည့်စုံနေမှဖြစ်မှာလေ။ ညီမမှာလဲ အားနည်းချက်တွေရှိလို့ ဒုတိယပဲ ရတယ်လို့မြင်မိပါတယ်။ ညီမကိုယ်တိုင်ကလဲ ခုမှ အစိမ်းသက်သက်ဆိုတော့ လေ။ ပရိသတ်တွေကလဲ ညီမကိုချစ်လို့ ပထမရစေချင်ကြတာပါ။ ဒီပွဲမှာ ပထမ မရပေခဲ့ပေမဲ့ အခြေအနေပေးရင် နောက်ပွဲတွေမှာတော့ ပရိသတ်တွေလိုချင်တဲ့ ပထမကိုရအောင်ယူပေးပါ့မယ်။
-မိသားစုအကြောင်းလေးနဲ့ပညာအရည်အချင်းကို လဲပြောပြပေးပါဦး။
အဖေ၊ အမေအပါအ၀င်ဆို ၈ယောက်ပေါ့။ မောင်နှမက ၆ ယောက်ပါ။ ညီမက ဒုတိယမြောက်ပါ။ ပညာရေးကတော့ ဒဿနိကနောက်ဆုံးနှစ်ပါ။
-လက်ရှိမှာ ပွဲပြီးကတည်းက Modelling ပိုင်းနဲ့ပတ်သက်ပြီး ဘာတွေလေ့လာဖြစ်နေလဲ။
ခုက ဖက်ရှင်ရှိုးတွေကြည့်ဖြစ်တယ်။ ဖက်ရှင်စာအုပ်တွေ ဖတ်ဖြစ်တယ်။ အခြားဗဟုသုတရတဲ့ စာအုပ်တွေကိုလဲ ရှာဖွေပြီးဖတ်ဖြစ်နေတယ်။ ပြီးတော့ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်အောင် လေ့လာနေပါတယ်။ ညီမ မော်လ်ဒယ်တွေထဲမှာ အွန်ဆိုင်းနဲ့ M ဆိုင်းလုကို အရမ်းကြိုက်တယ်။  
-ရတဲ့ ဆုထဲကရော ပရဟိတပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုလေး လုပ်သွားဦးမလဲ။
ညီမ ဆယ်ဖို့ တစ်ဖို့တော့ ထည့်ဖို့ စဉ်းစားထားတယ်။ ညီမတို့ ကချင်ပြည်နယ်မှာ စစ်ဘေး ဒုက္ခသည်တွေကိုလှူချင်တယ်။ စစ်ဘေးကြောင့် ကျောင်းမတက်ရတဲ့ ကလေးတွေလဲ အများကြီးပဲ။ အဲ့ဒီလိုမျိုးတွေမြင်တွေ့နေရတာလဲ စိတ်မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့လူမျိုး တူတူပဲ။ သူတို့ဖြစ်တာကိုယ်ဖြစ်နေသလိုပဲ ခံစားရတယ်။ ကိုယ့်မျက်စိရှေ့မှာကို ဖြစ်နေတာဖြစ်တဲ့ အတွက်ပိုပြီးတော့ စိတ်မကောင်းဘူး။ ဒီစစ်ကြီးကိုလဲ အမြန်ဆုံး ပြီးစေချင်ပါပြီ။
-အားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။
ညီမကိုပြိုင်ပွဲအစအဆုံးအားပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူးအရမ်းတင်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေထဲမှာ ညီမပြင်လို့ရတဲ့အရာတွေဆို အတတ်နိုင်ဆုံးကြိုးစားပြီးပြင်သွားပါ့မယ်။ အားလုံးပဲ ညီမကို ဆက်လက်အားပေးကြပါဦးလို့ပြောချင်ပါတယ်။
http://www.trend.com.mm/2015/07/22/yollywood-7228

No comments:

Post a Comment