Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 24, 2015

EMG ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံရာတွင် ပါဝင်သည့် တတိယတရားခံမှာ သန်းထိုက်အောင် ဖြစ်ကြောင်း ဖမ်းဆီးရမိထားသူ နှစ်ဦး ထွက်ဆို


Eleven Media Group ၏ CEO ဒေါက်တာသန်း
ထွဋ်အောင်အား လုပ်ကြံရာတွင် ပါဝင်သည့် တတိယတရားခံမှာ သန်းထိုက်အောင်ဆို
သူဖြစ်ကြောင်း လက်ရှိတွင် ဖမ်းဆီးရမိထားသူ နှစ်ဦးက ထွက်ဆိုခဲ့သည်ဟု သတင်းရရှိပါသည်။

“ သန်းထိုက်အောင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လက်ရှိမှာ ဆက်လက် စုံစမ်းပြီး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်။ အခုဖမ်းထားတဲ့ ကျူးလွန်သူနှစ်ဦးက သန်းထိုက်အောင်ရဲ့ အစီအစဉ်နဲ့ ကျူးလွန်တာပါလို့ ထွက်ဆိုထားတယ်”ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က ပြောကြားသည်။

ယင်းကဲ့သို့ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ကျူးလွန်ရာတွင် ပါဝင်သူဟု ယူဆရသူမှာ မြောက်ဥက္ကလာမှ သန်းထိုက်အောင်ဆိုသူဖြစ်ကြောင်း စုံစမ်းသိရှိရသော အချက်အလက်များအရ Eleven Media Group က သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။
ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်နှင့် ဗဟန်းမြို့မ စခန်းမှူးဖြစ်သူ ရဲအုပ်အေးမင်းသိန်းထံသို့ ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင် လည်းကောင်း၊ ဇူလိုင် ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်ထံသို့ လည်းကောင်း သတင်းပေးပို့ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ သတင်းပေးပို့ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ဒေါက်တာ သန်းထွဋ်အောင်အား လုပ်ကြံရန်အတွက် သန်းထိုက်အောင်၏ အစီအစဉ်ဖြင့် ကျူးလွန်ရာတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းမိထားသူနှစ်ဦးထွက်ဆိုခဲ့သည်ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်ထံမှ ဇူလိုင် ၂၄ ရက် စုံစမ်းသိရှိရခြင်း ဖြစ်သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ကျူးလွန်ရာတွင် ပါဝင်သောကြောင့် ဖမ်းဆီးထားသူနှစ်ဦးမှာ အခင်းဖြစ်စဉ်က ကျူးလွန်သူများ စီးနင်းထွက်ပြေးသွားသော တက္ကစီယာဉ် 5D/3938 ယာဉ်မောင်း တီကောင်(ခေါ်) ရန်နိုင် (၂၈)နှစ်နှင့် စပိုက်ဒါ(ခေါ်) မျိုးမြင့်အောင်တို့ ဖြစ်သည်။ 5D/3938 Caldina ခဲရောင်ယာဉ် မောင်း တီကောင်(ခ) ရန်နိုင် (၂၈)နှစ်အား ဇူလိုင် ၁၄ ရက် ည ၉ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ မြို့မ(၈) လမ်း၌ ယာဉ်နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ် ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၎င်းအား စစ်ဆေးရာ ကျူးလွန်ရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် စပိုက်ဒါ (ခ) အငယ်လေး (ခ) မျိုးမြင့်အောင်သည် ရန်နိုင်(၂၈)နှစ်၏ ကားကို ငှားရမ်းသဖြင့် ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းရှိ အခင်းဖြစ်နေရာအနီးသို့ ပို့ ဆောင်ပေးခဲ့ကြောင်း ၊ ယင်းနောက်အခင်း ဖြစ်နေရာသို့ အရောက်တွင် ယာဉ်အား စပိုက်ဒါမှ စက်အသင့်နိုးထားရန်ညွန်ကြားခဲ့ပြီး ၎င်းက ဖုန်းဖြင့်ဆက်ကာ လူငယ်နှစ်ဦးအား ထပ်မံခေါ်ဆောင်ပြီးနောက် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်အရ စပိုက်ဒါ (၂၇)နှစ်ကို ဇူလိုင် ၁၅ရက် နံနက်၈နာရီခန့်က မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

“ အခုဖမ်းမိထားတဲ့ နှစ်ဦးက ကျွန်တော့်ကို လုပ်ကြံမှုမှာ ပါလား၊ မပါလား မသိဘူး။ ပြီးတော့ သူတို့ကိုလည်း မြင်လဲမမြင်ဖူးဘူး။ သိလည်း မသိဘူး။ ဒါပေမဲ့ ကျွန်တော့်ကို အသေသတ်ဆိုပြီး အနီးကပ်ပစ်တဲ့သူ နှစ်ယောက်ကိုတော့ ကျွန်တော်မှတ်မိတယ်။
အဲဒီလူနှစ်ယောက်က အခုဖမ်းမိထားတဲ့ သူ နှစ်ယောက် မဟုတ်ဘူး”ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင် က ပြောသည်။

ဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကလည်း “ဒေါက်တာ သန်းထွဋ်အောင်ရဲ့ ကားက လာတယ်။ ဦးချစ်မောင်လမ်းရဲ့ ညာဘက်အခြမ်း မှာ ကားကျပ်တော့ ဖြည်းဖြည်းချင်း မောင်းလာတာပေါ့။ အဲဒီတော့ ဘယ်ဘက်အခြမ်းမှာရှိတဲ့ ယောက်ျားနှစ်ယောက် က လောက်လေးခွနဲ့ ပစ်တယ်။ ပစ်ပြီးတာနဲ့ ချက်ချင်းပဲ ကွမ်းယာဆိုင်ရှေ့မှာ ရပ်ထားတဲ့ တက္ကဆီနဲ့ ချက်ချင်းမောင်းပြေးသွားတယ်။ ဒေါက်တာသန်းထွဋ်အောင်ကားက ဘယ်မောင်းဆိုတော့ သူ့ကိုပစ်မှန်းလည်းသိကော ညာဘက်က ခုန်ဆင်းလိုက်တယ်။ ကောင်လေးတွေက အသက်နှစ်ဆယ်ပါတယ်။ သုံးဆယ်ကျော်ပါတယ်။ ဒရိုင်ဘာအပါအ၀င် အားလုံးပေါင်း ငါးယောက်ပါ”ဟု ပြောပါသည်။ လက်ရှိတွင် နှစ်ဦးအား ဖမ်းဆီးရမိထားပြီး ကျန်ကျူးလွန်ရာတွင် ပါဝင်သည့်သူများအား စစ်ဆေးဖော်ထုတ်ဆဲဖြစ်ကြောင်း သိရသည်။

“ လက်ရှိမှာတော့ ကျူးလွန်သူနှစ်ဦးကို တိုင်းရဲတပ်ဖွဲ့ကပဲ ဆက်လက်စစ်ဆေးနေတယ်လို့ ကြားတယ်။ ဖြစ်စဉ်ထဲမှာ ပါဝင်တဲ့ တခြားကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူး။ အခုဖမ်းဆီးထားတဲ့ နှစ်ဦးကို ပုဒ်မ ၄၄၀ နဲ့ အမှုဖွင့်စစ်ဆေးနေတာ ဖြစ်တဲ့အတွက် ချုပ်ရက်ရမန်က နှစ်ကြိမ်ယူလို့ မရဘူး။ အခုယူထားတဲ့ ရမန် ၁၅ ရက် စေ့ပြီဆိုလို့ ရှိရင်တော့ တရားစွဲဆိုပါလိမ့် မယ်”ဟု ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ဇူလိုင် ၂၄ ရက်က ပြောပါသည်။

စုံစမ်းသိရှိရသော အချက်အလက်များ အရ လက်ရှိ ဖမ်းဆီးရမိထားသော မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါမှာ ရာဇ၀တ်ပြစ်ချက်ဟောင်းများရှိသော နာမည်ကြီးလူဆိုးလူမိုက် စာရင်းဝင်တစ်ဦး မဟုတ်ကြောင်း၊ အပေါင်းအသင်းဝင်ဆံ့များပြားသူတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

“သားကိုတော့ ဖခင်တစ်ယောက်အနေနဲ့တော့ တွေ့ချင်တာပေါ့။ အခုထိတွေ့လို့ မရသေးဘူး။ ဘာမှဆက်သွယ်လို့လဲမရဘူး။ ပြီးတော့ သားကို ဖမ်းဆီးထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်သူကမှလာပြီး ကျွန်တော့်တို့ မိသားစုကို အကြောင်းကြားတာလည်း မရှိဘူး။ ဒီအမှုကိုလည်း အဖြစ်မှန် အမြန်ဆုံးပေါ်ပေါက်စေချင်တယ် ”ဟု မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါ၏ ဖခင်ဖြစ်သူ ဦးအောင်ခင်က The Daily Eleven သို့ ပြောပါသည်။

ဆက်လက်၍ ၎င်းက “ ကျွန်တော့်သား က ဒေါက်တာသန်းထွဋ်အောင်ကို မျက်နှာမပြောနဲ့ ခြေထောက်တောင် မြင်ဖူးတာမဟုတ်ဘူး။ ကျွန်တော့်သားက ဒါမျိုးလုပ်မယ့်လူ မဟုတ်ဘူး”ဟုလည်း ပြောကြားခဲ့ပါသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီခန့်တွင် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်သည် ၎င်း၏ LEXUS ကိုယ်ပိုင်ယာဉ်ဖြင့် ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းအတိုင်း တာမွေအ၀ိုင်းဘက်မှ ရန်ကင်းစင်တာဘက်သို့ မောင်းနှင်လာစဉ် ဦးချစ်မောင်လမ်းမ မင်းလမ်းနှင့် အာဇာနည်လမ်းထောင့်အရောက်၌ လမ်းတစ်ဖက်မှ အမျိုးသားနှစ်ဦးက ယာဉ်အနီးသို့ ရောက်ရှိလာပြီး ကုံးသီးကို လေးခွဖြင့် ခြောက်ချက်ဆင့်ပစ်၍ တစ်ဖက်ယာဉ်ကြောတွင် ရပ်ထားသော 5D 3938 Caldina ခဲရောင် အငှားယာဉ်ဖြင့် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
Eleven Media Group

No comments:

Post a Comment