CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 20, 2015
ရဲတပ်ဖွဲ့ဝင်များ၏ နေအိမ်လိုင်းခန်း စစ်ဆေးခြင်းနှင့် တရားမျှတမှုမရှိသော ကိစ္စရပ်များ (ပေးစာ)
၁။ နှစ်စဉ် လိုင်းစစ်ကာလ ဇူလိုင်လသို့ ရောက်ပြီဆိုလျှင် ရဲတပ်ဖွဲ့ဝင်များ စိတ်ရောကိုယ်ပါ ဒုက္ခ ရောက်ကြရပါသည်။ လိုင်းစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖြစ် သတ်မှတ်ပေးထားသော လူကြီး ကတော်ဟု ဆိုသူများသည် နေအိမ်လိုင်းခန်းများ သန့်ရှင်းသပ်ရပ်မှုစစ်ဆေးရာတွင် သန့်ရှင်းသပ်ရပ်မှု စစ်ဆေးရုံသာမက မလိုလားအပ်သော အကြောင်းအရာများဖြင့် ပြဿနာရှာပြီး ချစ်ခြင်း၊ မုန်းခြင်း၊ အခန်းထဲ၌ ပစ္စည်းရှိခြင်း၊ မရှိခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ Back Ground ရှိခြင်း၊ မရှိခြင်း၊ အညှိုး အတေးထားခြင်း၊ ရန်လိုခြင်းများဖြင့် အချို့တပ်ဖွဲ့ဝင်များအပေါ် ပြုမူဆောင်ရွက်နေသည်ကို တွေ့ရှိရ ပါသည်။
၂။ အမှန်တကယ် အပြစ်ပြောစရာရှိသော၊ သတ်မှတ်ထားသော စည်းကမ်းများ၏ ကြိမ်ဖန်များစွာ ဖောက်ဖျက်သော တပ်ဖွဲ့ဝင်များ အထက်/အောက် အုပ်ချုပ်၍မရခြင်း၊ အခြားအဆင့်များ၏ ဇနီးများမှ အရာရှိတပ်ဖွဲ့ဝင်များ၏ ဇနီးမယားများအပေါ် နင်တစ်လုံး ငါတစ်လုံးခြင့် မချေမငံဆက်ဆံခြင်း၊ အချို့ သော အခြားအဆင့်များ၏ ဇနီးများသည် ချမ်းသာသောအသိုင်းအဝိုင်းမှ ပေါက်ဖွားလာကြသဖြင့် မိမိခင်ပွန်း၏ အဆင့်အတန်းကို နားမလည်ဘဲ လွန်စွာရိုင်းပြခြင်း၊ ငွေကြေး အရှိန်အဝါဖြင့် ဌာနတွင် ပေါက်မြောက်သော အရာရှိကြီးများ၏ ဇနီးမယားများကို ချင်းကပ်စည်းရုံးကာ တပ်ဖွဲ့၏ စည်းကမ်း ပိုင်းဆိုင်ရာ အနှစ်သာရပျောက်ပျက်အောင် လုပ်ဆောင်နေကြပါသည်။
၃။ သို့ဖြစ်၍ အောက်ခြေအဆင့်ဆင့် အုပ်ချုပ်မှုတာဝန်ယူ ဆောင်ရွက်နေကြရသော လိုင်းမှူးများ၊ လိုင်းကြပ်များအနေဖြင့် မိမိတာဝန်ယူရသော နယ်ပယ်အလိုက် ဖြောင့်မတ်မှန်ကန်စွာ ဝတ္တရားများ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အကြီးအကဲများ၏ ဇနီးမယားများ၏ အခြေအနေပေါ်ကြည့်၍ ပြုမူပြောဆို ရခြင်း၊ ငွေကြေးချမ်းသာသော၊ စီးပွားရေးလုပ်ငန်းကြီးရှိသော၊ ငွေကြေးအရှိန်အဝါကို တလွဲအသုံးချ နေသော အခြားအဆင့်တပ်ဖွဲ့ဝင်များ၏ ဇနီးမယားများကို ပြန်ကြောက်နေရခြင်း စသည့်အခြေအနေ များ ဖြစ်ပေါ်နေပါသည်။
၎။ အထက်ဖော်ပြပါ အကြောင်းချင်းရာများကြောင့် အချို့သော ရဲတပ်ဖွဲ့ဝင်များသည် မတရား သဖြင့် အရေးယူခံရခြင်း၊ နေအိမ်လိုင်းခန်းမှ ဖယ်ရှားခံရခြင်း၊ အချို့သော တပ်ဖွဲ့ဝင်များသည် လင်မယား စကားများရုံမျှ၊ အသံထွက်ရုံမျှဖြင့် အရေးယူခံရခြင်းများရှိနေပါသည်။ လင်/မယားဆိုသည် မှာ စီးပွားဥစ္စာပြေလည်ခြင်း၊ မပြေလည်ခြင်း၊ ကျန်းမာရေး ကောင်းခြင်း၊ မကောင်းခြင်း၊ စသည့် အကြောင်း အမျိုးမျိုးကြောင့် စကားများ၊ အသံထွက်ကြသည်မှာ လောကသဘာဝ တစ်ခုပင် ဖြစ်ပါ သည်။ ဤမျှလောက်ကိစ္စဖြင့် နေအိမ်လိုင်းခန်းမှ ဖယ်ရှားခံရခြင်း၊ အရေးယူခံရခြင်းတို့မှာ တရားမျှတမှု မရှိသော ကိစ္စပင်ဖြစ်ပါသည်။ လူကြီးကတော်ဟု ဆိုသူများအနေဖြင့် ယင်းတပ်ဖွဲ့ဝင်များအပေါ် ကူညီ ဖေးမခြင်း၊ ချို့တဲ့ဆင်းရဲသော နေရာတွင် အချိန်ကြာမြင့်စွာနေရသော တပ်ဖွဲ့ဝင်များအပေါ် စာနာ နားလည်ခြင်း၊ သေလောက်သည့် ရောဂါဝေဒနာဖြင့် ဆေးကုသမှု ခံယူနေရသော တပ်ဖွဲ့ဝင်မိသားစု အပေါ် သနားကရုဏာထားခြင်း မရှိသည့်အပြင် အသက်(၆၀)မပြည့်မချင်း တပ်ဖွဲ့တွင် ကျရာတာဝန် ဖြင့် ထမ်းဆောင်နေကြရသော နေစရာနေရာဆိုလို့ တပ်ဖွဲ့နေအိမ်လိုင်းခန်းကိုသာ မှီခိုအားထားနေ ကြရသော တပ်ဖွဲ့ဝင်များအပေါ် နေအိမ်လိုင်းခန်းမှ ဖယ်ရှားခြင်းမှာ လွန်စွာမတရားသော လုပ်ရပ်ပင် ဖြစ်ပါသည်။
၅။ အချို့သော နေအိမ်လိုင်းခန်း အဆောက်အဦးများ၏ တည်ဆောက်ပုံအရ အခြားအဆင့်၊ အရာရှိ ခွဲခြား၍ နေရာချပေးနိုင်သော်လည်း အခြားအဆင့်နှင့် အရာရှိတပ်ဖွဲ့ဝင်များ ရောနှော၍နေရ ခြင်းမှာ အုပ်ချုပ်မှုဖယိုမရဲဖြစ်စေသော အကြောင်းတစ်ခုဖြစ်၍ အချို့သော အောက်ခြေလိုင်းမှူးများမှ ယင်းကိစ္စအပေါ် ပြုပြင်ပြောင်းလဲပေးရန် လိုလားလျက်ရှိပါသည်။
ရဲတပ်ဖွဲ့ဝင်တစ်ဦး
ရဲတပ်ဖွဲ့ဝင်များ၏ နေအိမ်လိုင်းခန်း စစ်ဆေးခြင်းနှင့် တရားမျှတမှုမရှိသော ကိစ္စရပ်များ (ပေးစာ)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 20, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 20, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment