Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 5, 2015

ကမ္ဘာ့မှတ်ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဂင်းနစ်မှတ်တမ်းဝင် မင်းကွန်းဆရာတော်


မင်းကွန်းဆရာတော်၏ ငယ်အမည်မှာ မောင်ခင်ဖြစ်ပြီး ၁၉၁၁၊ နိုင်ဝင်ဘာလ၊ ၁ရက် နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ကျည်ပင်ရွာနေ သူကြီးဦးဆုံ၊ ဒေါ်ဆင့်တို့မှ မွေးဖွားခဲ့ပါတယ်။ မောင်ခင် ၄နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူမှာ ကွယ်လွန်ခဲ့တယ်။ အသက် ၅နှစ် အရွယ်တွင် ရွာဦးဘုန်းကြီးကျောင်းတွင် ဗုဒ္ဓစာပေများကို လေ့လာသင်ယူခဲ့ပါတယ်။ အသက် ၇နှစ်တွင် မြင်းခြံ မင်းကျောင်းတိုက် ဆရာတော် ဦးသောဘိတ ထံ၌ သာမဏေ ဝတ်ခဲ့ပြီး သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပါတယ်။ အသက် ၇နှစ် အရွယ်မှာပင် ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ် အစရှိသည့် စာပေများကို ဖတ်တတ်နေပြီ ဖြစ်ပါတယ်။ ထို့ကြောင့်ဆရာတော် ဦးသောတိတ က မောင်ခင်အား ရှင်ဝိစိတ္တသာရ ဘွဲ့အမည် မှည့်ခေါ်စေခဲ့ပါတယ်။ အဓိပ္ပါယ်မှာ စာပေတွင် ကျွမ်းကျင်နှံ့စပ်ခြင်း ဖြစ်ပါတယ်။
အသက် ၁၃နှစ်တွင် ဝိနယစာမေးပွဲ၊ ၁၄နှစ်တွင် ပရိယတ္တိစာမေးပွဲ၊ ၁၅နှစ်တွင် ပထမငယ်တန်း၊ ၁၇နှစ်တွင် ပထမလတ်တန်း နှင့် အသက် ၂၀တွင် ပထမကြီးတန်းတို့ကို အဆင့်ဆင့် အောင်မြင်ခဲ့ပါတယ်။ ၁၉၃၃ခုနှစ်တွင် ဖြေဆိုခဲ့သော ပထမကြီးတန်း စာမေးပွဲတွင် အမြင့်ဆုံးအမှတ်ဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုနှစ်တွင်ပင် သကျသီဟ စာသင်တန်းကို အောင်မြင်ခဲ့ပြီး ၁၉၃၄တွင် စာချတန်းကို တစ်ဆက်တည်း အောင်မြင်ခဲ့ပါတယ်။ ၁၉၃၄တွင်ပင် မဟာသံဃသမဂ္ဂီ အဖွဲ့မှ ဘိဝံသ ဘွဲ့ကို ချီးမြှင့်ခဲ့၍ ဆရာတော်၏ဘွဲ့တော်မှာ ဦးဝိစိတ္တသာရာဘိဝံသ တွင်ခဲ့ပါတယ်။ ၁၉၅၃တွင် တိပိဋကဓရ စာမေးပွဲကို အောင်မြင်ခဲ့ပြီး ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်သဖြင့် နိုင်ငံတော်မှ တိပိဋကဓရဓမ္မဘဏ္ဍဍာဂါရိက (တရားဘဏ္ဍာစိုး) ဘွဲ့ကို ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။
ဦးနုအစိုးရလက်ထက် ၁၉၅၄-၁၉၅၆ ခုနှစ်အတွင်း ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏ လှိုဏ်ဂူတော်တွင် ဆဋ္ဌသင်္ဂါယနာတင်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ထိုပွဲတွင် မဟာစည်ဆရာတော် ဦးသောဘနမှ မေးမြန်းသူ မင်းကွန်းဆရာတော် တိပိဋကဓရ ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသမှ ဖြေကြားသူအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ မင်းကွန်းဆရာတော်သည် မေးခွန်းများအား ဖြေဆိုရာတွင် စာမျက်နှာ တစ်သောင်းခြောက်ထောင်ရှိ ကျမ်းဂန်များမှ မည်သည့်ကျမ်းဂန်၊ မည်သည့်စာမျက်နှာ၊ စာကြောင်းရေဘယ်လောက်မှ စသည်ဖြင့် အထစ်အငေါ့မရှိ အလွတ်တန်း ပြန်လည်ဖြေကြားနိုင်ခဲ့ပါတယ်။ ဆရာတော်သည် ၁၉၉၃၊ ဖေဖော်ဝါရီလ၊ ၉ ရက်နေ့ ညနေ ၄ နာရီ ၄၀ အချိန် တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တယ်။
၁၉၈၅ခုနှစ်၌ ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်သည့် ဂင်းနစ်စာအုပ်တွင် မှတ်ဥာဏ်အကောင်းဆုံးလူသားအဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။ ထို့ပြင် ရုရှားနိုင်ငံရှိ ကမ္ဘာ့ယဉ်ကျေးမှုရွာ ပြတိုက်တွင် မင်းကွန်းဆရာတော်ဘုရားရုပ်တုကို ထည့်သွင်းပြသခဲ့ပါတယ်။ မင်းကွန်းဆရာတော် ရုပ်တု ဖွင့်ပွဲကို ၂၀၁၅၊ ဇူလိုင်လ၊ ၂ရက်နေ့တွင် ကျင်းပခဲ့ပြီး သီတဂူဆရာတော် တက်ရောက်ခါ အခမ်းအနားဖွင့်ပွဲ မိန့်ခွန်းဟောကြားခဲ့ပါတယ်။
Stacy Chan (ရိုးရာလေး)

No comments:

Post a Comment