ရန်ကုန်၊ ဇူလိုင် ၅
မြန်မာနိုင်ငံတွင် လုပ်ငန်းကဏ္ဍစုံ အတွက် ပထမဆုံးအကြိမ် အဆိုပြုသတ်မှတ်လိုက်သည့် အနည်းဆုံးလုပ်အားခ ၃၆၀၀ ကျပ်ကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အလုပ်သမားများက ထောက်ခံလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရသည်။
“CTUM အပါအဝင် အလုပ်သမားအဖွဲ့ ခြောက်ဖွဲ့ကနေ ဒီနှုန်းထားကို သဘောတူထောက်ခံတယ်။ ၃၆၀၀ နှုန်းထားအောက်ကိုတော့ လုံးဝလက်ခံစရာ မရှိဘူး။ ၃၆၀၀ အောက် ဆိုရင်တော့ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ညှိနှိုင်းမှု ရှိလာမှာ မဟုတ်ဘူး” ဟု CTUM ဗဟိုကော်မတီဝင် ဦးဝင်းဇော်က ပြောဆိုသည်။
နှုန်းထားထုတ်ပြန်သည့်နေ့မှ စ၍ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းများကို လုပ်ဆောင်နိုင်သဖြင့် လုပ်ငန်းရှင်များကလည်း ဥပဒေအရ မကျေနပ်လျှင် ကန့်ကွက်နိုင်သော်လည်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက စက်ရုံများ၏ ဝင်ငွေ၊ ထွက်ငွေများကို စစ်ဆေးမည် ဖြစ်သဖြင့် အထောက်အထားခိုင်လုံမှသာ ကန့်ကွက်သင့်ကြောင်း ၎င်းက ပြောကြားသည်။
“မပေးနိုင်လို့ စက်ရုံပိတ်မယ် ဆိုတာလည်း လုပ်ငန်းရှင်ရဲ့ဆန္ဒပဲဖြစ်မယ်။ ဒီ ၃၆၀၀ မှာ လုပ်နိုင်တဲ့ လုပ်ငန်းရှင်တွေနဲ့ပဲ လုပ်မယ်။ တိုးပေးတဲ့လုပ်ခနဲ့ ညီမျှတဲ့ ကုန်ထုတ်စွမ်းအား တိုးအောင်မြှင့်ပြီး အလုပ်သမားဘက်က ပေးဆပ်မယ်” ဟု CTUM အဖွဲ့ဝင် မြန်မာမီးရထား အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးမျိုးချစ်က ပြောဆိုသည်။
အနည်းဆုံး လုပ်အားခ ၃၆၀၀ ကျပ်ကို အဆိုပြုနှုန်းထား အဖြစ် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဇွန်လ ၂၉ ရက်က ထုတ်ပြန်ခဲ့ပြီး အကြံပြုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်လိုပါက နှစ်ပတ်အတွင်း ကန့်ကွက်၊ ပြင်ဆင်၊ အကြံပြုချက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီတို့ထံသို့ ပေးပို့ရမည် ဖြစ်ကြောင်း ကြေညာထားသည်။
မြန်မာနိုင်ငံတွင် အဆိုပါ နှုန်းထားကို အတည်ပြုသတ်မှတ်ပါက အလုပ်သမားနှစ်သိန်းခန့် အလုပ်ပေးထားသည့် တရုတ်နှင့် တောင်ကိုရီးယား အထည်ချုပ်လုပ်ငန်း ၉၀ ကျော်ကို ပိတ်သိမ်းသွားမည်ဟု နိုင်ငံခြားသားလုပ်ငန်းရှင်များက ဇူလိုင်လ ၂ ရက်နေ့က ခြိမ်းခြောက်ပြောဆိုထားပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဝင်များကလည်း နှုန်းထား ၃၆၀၀ ကို ပေးနိုင်ခြင်းမရှိသည့် အတွက် ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်သည့် လုပ်ငန်းရှင်များ အစည်းအဝေးတွင် လက်ထောင်၍ ဆန္ဒပြုခဲ့ကြသည်။
The Voice Weekly
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 5, 2015
အနည်းဆုံး လုပ်အားခ ၃၆၀၀ ကျပ်ကို အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ထောက်ခံပြီ
အနည်းဆုံး လုပ်အားခ ၃၆၀၀ ကျပ်ကို အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ထောက်ခံပြီ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment