CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 13, 2015
အသက် ၆၀ ကျော် တပ်မတော်သားများ အရပ်ဖက်အုပ်ချုပ်ရေးသို့ မရောက်စေရေး ဝန်ထမ်း သက်ပြည့်ပင်စင်ကို အသက် ၆၀ ထားခြင်းဖြစ်ဟု ဆို
ပြည်ထောင်စု လွှတ်တော်တွင် ဇူလိုင် ၉ ရက်က ဆွေးနွေးအတည် ပြုခဲ့သည့် အသက် ၆၀ ပြည့်လျှင် ပင်စင်ယူရမည်နှင့် ပတ်သက်၍ အသက်ခြောက်ဆယ်ကျော် တပ်မတော်သားများ အရပ်ဘက် မရောက်စေရန် ပင်စင်သက်တမ်းကို ခြောက်ဆယ်အတိုင်းသာ ထားခြင်းဖြစ်နိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
“တပ်မတော်သား ကိုယ်စားလှယ် ဖြေသွားတာ သူတို့ဘက်မှာ စစ်တပ်က အုပ်ချုပ်တဲ့ဟာက တပ်ဥပဒေသီးသန့်ရှိပါတယ်။ အဲဒါနဲ့ အုပ်ချုပ် တယ်ပြော တယ်။ အဲဒါ စစ်တပ်ဘက်မှာတော့ နေပါစေလေ။ အရပ်ဘက်ကို လာတဲ့အခါ စစ်တပ်ကနေပြောင်းလာတဲ့အခါ အသက် ၆၀ ကျော် ရင် ပြောင်းလို့ မရတော့အောင် နောင်ဖြစ် ပေါ်လာမယ့်ဟာတွေ အကုန်လုံး အတွက် လုပ်လိုက်တာ။ ၆၀ ကျော်ရင် နားလိုက်တော့။ တပ်ကနေ အရပ်ဘက်ကိုလည်း လာပြီးတော့ ဝန်ကြီးမလုပ်နဲ့။ ဝန်ကြီးဆိုရင်လည်း အသက် ၆၀ ဆိုနား။ အဲဒါကို ဦးရွှေမန်းက သိတဲ့အခါ ကိုင်တွယ်လိုက်တာ” ဟု လွှတ်တော်ကိုယ် စားလှယ် ဒေါ်စန္ဒာမင်းက The Ladies သို့ပြောသည်။
ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းနှင့် အညီဆိုလျှင် အသက် ၆၀ ပြည့် ပါက မဖြစ်မနေပင်စင်ယူရမည် ဆိုသော်လည်း တပ်မတော်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၁ တွင် တပ်မတော်တွင် ထူးခြားသည့် သဘာဝအခြေအနေအရ တပ်စည်းမျဉ်းစည်းကမ်းကို တပ် ကိုယ်တိုင် ဆုံးဖြတ် လုပ်ဆောင်နိုင်သည်ဟု ပါရှိသည်။
“ဆွေးနွေးသွားတာမှာတော့ အဲဒီဖွဲ့စည်းပုံကို ထောက်ပြီး ဆွေးနွေးသွားတာ မတွေ့ဘူး။ တပ်ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက လိုအပ်ရင် ဆိုတဲ့ ပုံစံမျိုးဆွေးနွေးသွား တာပေါ့။ ဒါပေမဲ့ ဒါက တပ်မှာလည်း တချို့ဆွေးနွေးတဲ့အခါမှာ နုပျိုတဲ့တပ်မတော် ဖြစ်နေရမှာပေါ့နော်။ ၆၀ ပြည့်လို့ သူများယူတဲ့ အချိန်အခါမှာ သူမယူဘူး။ နောက်ထပ်သုံးနှစ် တိုးမယ်ဆိုရင် နောက်က ဝန်ထမ်းတွေ၊ နောက်က ရာထူးတက်မယ့်သူတွေ ရဲ့ လမ်း ကိုပိတ်ထားသလိုလည်း ဖြစ်တယ်။ နောက်တစ်ခါ အလုပ်သစ်တွေ၊ ဝန်ထမ်းအသစ်တွေ သူတို့မှာလည်း နေရာပျောက်တယ် ဆိုပြီး ဆွေးနွေးကြ တာ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက The Ladies သို့ပြောသည်။
အသက် ၆၀ ပြည့်လျှင် ပင်စင်ယူရမည့် ကိစ္စရပ်နှင့် ပတ်သက်၍ တပ်မတော် ဟု မပြောသော်လည်း တပ်မတော်ကို ဦးတည်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။ တပ်မတော်သား ကိုယ်စားလှယ်များကလည်း ပြန်လည်၍ ၎င်းတို့ ဘက်တွင် ထူးခြားသည့် အခြေအနေအရ လိုအပ်လျှင် ထပ်တိုးသင့်သည် ဟု ဆွေးနွေးသွားသည်များရှိကြောင်း ဦးဖေသန်းကဆိုသည်။
“ဒီပွဲတစ်ခုလုံးကို ကြည့်ရတာတော့ မြင်သာပါတယ်။ ဒါ တပ်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ကို ရည်ရွယ်ပြီး ပြောတယ် ဆိုပြီးတော့လေ။ ကာကွယ်ရေး ဦးစီးချုပ်လို့သာ မပြောတာ။ တပ်ကလည်း သူ့အပိုင်းသူ ကာကွယ်တယ်။ ပြီးတော့ ဆွေးနွေးတဲ့အခါမှာလည်း တပ်မတော်ဘက် ကို ညွှန်းပြီးတော့ ဆွေးနွေးကြတယ်။ တပ်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နောက်ထပ်သုံးနှစ် အဲဒီလိုပုံစံမျိုး သတင်းကထွက် နေတာကိုး။ ဒီတော့ ကျွန်တော်တို့ကတော့ သိပ်ပြီး ထဲထဲဝင်ဝင် မပြောချင်ဘူးပေါ့။ ဒါပေမဲ့ အဲလိုဟာကို ကာကွယ်ဖို့လုပ်တယ်ဆိုတာတော့ သေချာတယ်။ သက်သေပြပါဆိုရင် ပြဖို့တော့ခက်တာပေါ့” ဟု ဦးဖေသန်းက ဆက်လက်ပြောသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အဘယ်ကြောင့် အနားယူစေချင်သည် ဆိုသည်မှာ ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားပေါ်တွင် မူတည်သည်။ ယင်းအဆိုကို ပြည်ခိုင်ဖြိုးပါတီက တင်သွင်းပြီး ထောက်ခံဆွေးနွေးသည့် အထဲတွင် ပြည်ခိုင်ဖြိုးပါတီ နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။ မဲခွဲဆုံးဖြတ်သည့် အခါတွင်လည်း တပ်မတော်သား ကိုယ်စားလှယ်များကသာ ကန့်ကွက်ခဲ့ပြီး ကျန် ကိုယ်စားလှယ် များ အားလုံးထောက်ခံခြင်းကြောင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
“ဒါပြည်ခိုင်ဖြိုးပါတီမပါရင် ထောက် ခံလို့မရဘူး။ လွှတ်တော်မှာ အဆိုတွေ က ပြည်ခိုင်ဖြိုးပါတီကတင်ရင် ဦးတည်ချက်နဲ့တင်တာ။ ဥက္ကဋ္ဌ ခွင့်ပြုချက်နဲ့ တင်တာများတယ်။ အဲဒါတွေကလည်း နိုင်ဖို့သေချာတဲ့ ဟာမျိုးကိုပဲတင်တာ။ ပြီးတော့ သူတို့လိုချင်တဲ့ ဥစ္စာမျိုးကို ရွေးပြီးတော့ တင်တာဆိုတော့ ဒါဟာ ရည်ရွယ်ချက်နဲ့ တစ်စုံတစ်ယောက်ကို ၆၀ နှစ်ထက်ပိုပြီးတော့ တာဝန် မထမ်း ဆောင်စေချင်လို့ အရေးကြီးအဆိုတင် တယ်ဆိုတာ ကတော့ သေချာပါတယ်” ဟု ဦးဖေသန်းက ဆက်လက်ပြောဆိုခဲ့သည်။
ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
အသက် ၆၀ ကျော် တပ်မတော်သားများ အရပ်ဖက်အုပ်ချုပ်ရေးသို့ မရောက်စေရေး ဝန်ထမ်း သက်ပြည့်ပင်စင်ကို အသက် ၆၀ ထားခြင်းဖြစ်ဟု ဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 13, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment