Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 27, 2015

အမှတ်တရနေ့စွဲ(With My Father)D Nyein Lynn

•၂၀၀၇ခုနှစ် အောက်တိုဘာလ ၂၃ရက် ကျနော် အုတ်ကျဉ်းပါရမီတိုက်ခန်းကနေ ဖမ်းဆီးခံလိုက်ရတယ်……တိုက်ခန်းထဲမှာ သူတို့ ထိုးကြိတ် ကန်ကျောက် ဆဲဆိုလို့ဝတော့ ကျနော့်ကို မျက်လုံးအဝတ်စည်း လက်ထိပ်အသေခတ်ပြီး စစ်ကြောရေးစခန်းကိုခေါ်သွားတာပေါ့ဗျာ စစ်ကြောရေးစခန်းရောက်တော့ အခန်းထဲထည့်ပြီး ထပ်မံထိုးကြိတ်ဖို့လုပ်ကျပါလေရော ဒါပေမဲ့ ကျနော်ကံကောင်းတယ်လို့ဆိုရမလားပဲ ကျနော့်ကို ရိုက်မလို့ရွယ်လိုက်ချိန်မှာ အခန်းထဲကို လူတစ်ယောက်ဝင်လာပြီးတော့ ကျနော့်ကို အပြင်ခေါ်ထုတ်သွားပြီးတော့ မေးမြန်းစစ်ဆေးတယ် မေးပြီးတော့ အင်းစိန်ထောင်ကိုပို့မဖို့လုပ်တယ်…အဲ့အချိန်မှာပဲမျက်လုံးအဝတ်စီးပြီး ထပ်ထိုးတယ်
အဲ့ဒီနောက်မှာတော့ နာမည်သာကြားဖူးတဲ့ အင်းစိန်ထောင်ဆိုတဲ့နေရာကို ကျနော်ရောက်လာတယ်ပါ့ဗျာ ဒါပေမဲ့ မျက်စိပိတ်ထားခံရတော့ ဘယ်နေရာမှန်းအစကမသိဘူး ပြီးတော့မှ ဝန်ထမ်းတွေရဲ့ လက်မောင်းတံဆိပ် တွေ့တော့မှ အင်းစိန်ထောင်ဆိုတာသိတာ အဲ့ဒီမှာ စစ်ကြောရေးဝင်ဖို့ အရက်မူးနေတဲ့လူတစ်ယောက် ကျနော့်ကိုလာခေါ်တယ် အဲ့ချိန်မှာအံ့သြဖို့ကောင်းတာတစ်ခုက ကျနော်အဖမ်းခံရတဲ့ အချိန်မှာရော ထောင်ထဲရောက်နေတဲ့ အချိန်မှာပါ ကျနော်လုံးဝမကြောက်မလန့်ဖြစ်နေတာကပဲဗျ……ထားပါတော့အဲ့ဒါတွေ စစ်မေးတဲ့သူက မူးမူးနဲ့ ကျနော့်ကိုရိုက်ရော one by one ဆိုတော့ ကျနော်ကပြန်ကာတော့မထိဘူး အဲ့ဒါကိုကိုယ်တော်ချောက မကျေနပ်ပဲထပ်ရိုက်တယ်ဗျာ ကျနော်လဲသူရိုက်လိုက်တဲ့အချိန်မှာ ရှေ့ကိုတိုးပေးပြီး ဘာညာပြောတော့ ကိုယ်တော်ချောက ရှက်တာလာဒေါသထွက်တာလား မသိဘူး တံခါးသော့ခပ်ပြီး ထွက်သွားရောဗျာ အချိန်ကတော့ နာရီသံချောင်းခေါက်သံမှန်းကြည့်တော့ လေးနာရီကျော်လောက်ထင်တယ် ကျနော့်ကို လုံးဝမအိပ်ခိုင်းပဲစစ်တော့ လူကပင်ပန်းနေတယ် ပြီးတော့ ဘာမှမစားရသေးတော့ ဗိုက်ကဆာနေတယ် သိပ်မကြာပါဘူး အပေါ်ကနေ ဘုရားရှိခိုးသံတွေ လေ့ကျင့်ခန်းလုပ်သံတွေနဲ့ မနက်ခင်းတစ်ခု စတင်လာတယ် ကျီးတွေကလဲ တအာ အာနဲ့ဆူညံနေတာပဲ အဲ့ချိန်မှာ ကျနော်စစဉ်းစားမိတယ် ငါ့ရဲဘော်တွေ ငါ့အကိုတွေ ငါ့အဖေများ ဒီအင်းစိန်ထောင်ထဲမှာရှိနေမလားလို့ စဉ်းစားမိလာတယ် မနက်အပြင်ကနေ ဆံပြုပ်လာမတိုက်ခင် သံတိုင်တွေကြားထဲ လူတစ်ယောက်အရိပ်ပေါ်လာတယ်……ကျနော့် မော့ကြည့်မလို့ရှိသေးတယ် `သား´ဆိုတဲ့ `ကျနော့်ဖေဖေ့´ အသံကို ကျနော် မထင်မှတ်ပဲကြားလိုက်ရတယ် ပြီးတော့ သံတိုင်တွေကြားကနေ အထုပ်တစ်ထုပ် ကျနော့်ကိုထိုးပေးတယ် `ကျနော့်ဖေဖေ´ စကားမပြောနိုင်သလို ကျနော်လဲ ဆို့နင့်နေတယ် ပြီးတော့မှ အရှိန်ယူပြီး `သား´ဘာမှာအားမငယ်နဲ့ `ဖေဖေ´တစ်ယောက်လုံးရှိတယ်ဆိုတဲ့
အားပေးစကားကို ဆို့ဆို့နင့်နင့်နဲ့ပြောတယ် ကျနော် စိတ်မကောင်းဖြစ်ပြီး မျက်ရည်ဝဲလာတယ် ပြီးတော့ ဘာမှပြန်မပြောနိုင်ဘဲ `ဖေဖေ´ပေးထားတဲ့ မုန့်ထုပ်လေးကို ကျစ်ကျစ်စုပ်လို့ ဆို့နင်နေတဲ့ အချိန်မှာပဲ ဝန်ထမ်းကောင်လေးက တခြားလူတွေမြင်မှာစိုးလို့ `ဖေဖေ´ကို အခန်းပြန်ဖို့ပြောတယ် အဲ့ကျမှ ကျနော်`ဟုတ်´ဆိုတဲ့ စကားတစ်လုံးပဲပြန်ပြောနိုင်ခဲ့တယ်……`ဖေဖေ´
ကျနော်မြင်ကွင်းက ပျောက်သွားတော့မှာ သူမစားရက်ပဲပေးခဲ့တဲ့ မုန့်ထုပ်လေးကို ကျနော် အသာထုတ်ပြီး စားမလို့လုပ်တယ်……ဒါပေမဲ့ ကျနော် ဘယ်လိုမှမစားနိုင်ဘူး တစ်ဆို့တစ်ဆို့နဲ့ ကျနော် မျိုချလို့မရဘူး လည်ချောင်းထဲမှာနင်နေတယ်……
သေချာတာက ထောင်ထဲမှာ `ဖေဖေ´ပေးလို့စားလိုက်ရတဲ့ အဲ့မုန့်လေးက ကျနော့် ဘဝမှာ အချိုမြိန်ဆုံး မုန့်လေးပေါ့ဗျာ…

ကျေးဇူးပါ ဖေဖေနဲ့မေမေ

No comments:

Post a Comment