ရန်ကုန် ဇွန် ၁၉
မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ခြင်းကြောင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသည့် မြန်မာကြယ်လိပ်များကို လောကနန္ဒာ ဘေးမဲ့ ဥယျာဉ်တွင် ထိန်းသိမ်း မွေးမြူထားရာ လက်ရှိတွင် ကြယ်လိပ်အကောင်ရေ တစ်ထောင်ခန့် တိုးတက်ပွားများလာပြီ ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ သိရသည်။
လောကနန္ဒာဘေးမဲ့ဥယျာဉ်တွင် ကြယ်လိပ် အရွယ်စုံ ၁၈၅၅ ကောင်ရှိပြီး အထီး ၁၁၄ ကောင်၊ အမ ၉၉ ကောင်၊ မခွဲခြား ရသေးသည့် ကြယ်လိပ် ၁၆၄၂ ကောင်ကို မွေးမြူစောင့်ရှောက်လျက်ရှိရာ၂ဝ၁၄ ခုနှစ် အောက်တိုဘာလမှ ယခုနှစ် ဇွန်လလယ်ပိုင်းအထိ ကြယ်လိပ်ငယ် တစ်ထောင်နီးပါး ပေါက်ပွားလာခဲ့ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် စက်တင်ဘာလတွင် အရွယ်ရောက် လိပ်မ ၇၈ ကောင်မှ ဥအလုံးရေ ၁၆၅၄ လုံး ဥထားခဲ့ရာ ဥကျင်းနှစ်ကျင်းမှ ကြယ်လိပ်ကောင်ရေ ၁၄ ကောင်ခန့် စတင်ပေါက်ပွားလာခဲ့ပြီး ယခုလ ၁၇ ရက်တွင် ဥကျင်း ၁၉၈ ကျင်းမှ ကြယ်လိပ်ငယ် ၉၆၅ ကောင် ပေါက်ပွားလာခြင်းကြောင့် စုစုပေါင်း ကြယ်လိပ်ငယ် ၉၇၉ ကောင် ခန့် ထပ်မံတိုးပွားလာကြောင်း သိရသည်။
အဆိုပါ ကြယ်လိပ်(ခ)ပင့်ကူလိပ် အင်္ဂလိပ်အမည် Burmese Star Tortoise သိပ္ပံအမည် Geochelone platynota ကို ထိန်းသိမ်းကာကွယ်မှု အဆင့်မှာ IUCN-Critically Endanger မျိုးသုဉ်းရန် အလွန်နီးနေသော အဆင့်သို့ရောက်ရှိနေသည်။
ရခိုင်တောင်လိပ်၊ စင်းချောလိပ်၊လေးကွက်လိပ်၊ စင်းကျားလိပ်၊တိုက်လိပ်၊ ဆောက်လိပ်တို့သည် မျိုးသုဉ်းပျောက်ကွယ်ရန် အခြေအနေကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းလိပ်များ ဖြစ်ကြောင်း သိရသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောနှင့်သဘာဝ ထိန်းသိမ်းရေးနယ်မြေ ဝန်ထမ်းများသည် နိုင်ငံအတွင်းရှိ ရှားပါးမျိုးစိတ်များ ကာကွယ်စောင့်ရှောက်ရန်နှင့် အန္တရာယ်ရှိသည့် မျိုးစိတ်များကို သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက်ရန် ဘေးမဲ့တောဥယျာဉ်များ အတွင်း မွေးမြူထိန်းသိမ်း ကာကွယ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Mandalay Media Group
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 21, 2015
မျိုးသုဉ်းနိုင်သည့်ကြယ်လိပ်များ မွေးမြူထားရာ လောကနန္ဒာ ဘေးမဲ့ဥယျာဉ်တွင် အကောင်ရေ တစ်ထောင်နီးပါး ပေါက်ပွားလာ
မျိုးသုဉ်းနိုင်သည့်ကြယ်လိပ်များ မွေးမြူထားရာ လောကနန္ဒာ ဘေးမဲ့ဥယျာဉ်တွင် အကောင်ရေ တစ်ထောင်နီးပါး ပေါက်ပွားလာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 21, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 21, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment