Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 21, 2015

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် (၁၆) - ဇာဂနာ


တကယ်တော့ ဒီဆောင်းပါးတွေ အခန်းဆက် ရေးနေရတာဟာ ကျွန်တော်တို့ ဘာတွေကို ဘယ်လိုလုပ်နေရပါတယ်ဆိုတာ သိစေချင်လို့ပါ။ ဒီလိုရေးရင်းကနေ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ရတာမျိုးတွေလည်း ပါသွားရတာပေါ့။ ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းတယ်ဆို ကတည်းက ဖော့ဖော့ဖွဖွလေး ထောင်းရတာပါလေ။ တချို့ကတော့ ကျွန်တော့် ဆောင်းပါးတွေကိုစုပြီး အကွဲအပြဲလိုလိုနဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကို တင်ကြပါသေးတယ်။ ထားပါတော့။

ဂန္ဓီဇာတ်ကားဟာ အိန္ဒိယ တစ်နိုင်ငံထဲမှာတင် ပြီးပါတယ်။ တောင်အာဖရိကအခန်း ဆိုတာလည်း နည်းနည်းလေးပဲပါတာပါ။ ဒါကိုလည်း လိမ်ရိုက်သွားတာပါ။ တကယ့် တောင်အာဖရိကမှာ သွားရိုက်ခဲ့တာ မဟုတ်ပါဘူး။ နောက်ပြီး ဂန္ဓီဟာ သူ့ရဲ့အကြမ်း မဖက်ရေး လမ်းစဉ်အတိုင်း လျှောက်သွားခဲ့သူပါ။

ဗိုလ်ချုပ်ကျတော့ အမယ်စုံပါတယ်။ ကျောင်းသားနိုင်ငံရေး၊ သခင်နိုင်ငံရေး၊ မြေအောက်တော်လှန်ရေး၊ လက်နက်ကိုင် တော်လှန်ရေး စုံနေတော့တာပါ။ ဗိုလ်ချုပ်ဟာ လက်နက်ကိုင် တော်လှန်ရေးကို ခေါင်းဆောင်ဆင်နွှဲခဲ့သူပီပီ မလွဲမသွေ စစ်တိုက်ခန်းတွေ ရိုက်ရမှာပါ။ တစ်ခါ ဂျပန်ပြည်သွားလိုက်၊ ရဲဘော်သုံးကျိပ်နဲ့ စစ်ပညာသင်လိုက်၊ တရုတ်ပြည် သွားလိုက်၊ အိန္ဒိယ သွားလိုက်၊ သီဟိုဠ် သွားလိုက်၊ အင်္ဂလန်ကိုလည်း သွားလိုက် လုပ်ရုံတင်မကဘူး။ မြန်မာပြည်အနှံ့လည်း ခြေဆန့်ခဲ့သူပါ။ တိုတိုပြောရရင် ကျွန်တော်တို့ လိမ်လို့မရနိုင်ပါဘူး။

ကျွန်းပေါ်မှာ စစ်ပညာသင်တဲ့ အခန်းဆိုလည်း တကယ့် ကျွန်းတစ်ကျွန်းပေါ်မှာ အသေအချာ ရိုက်မှ သဘာဝကျတော့မှာပေါ့။ ဗိုလ်ချုပ်တို့ ဂျပန်ပြည်မှာ နေခဲ့တဲ့ ဟကိုနေးဆိုတဲ့ ရွာကလေးဆိုရင် ခုတော့ဖြင့် တိုက်တွေအိမ်တွေ ဖြစ်ကုန်ပါရော။ ဟိုတယ်တွေတောင် မိုးထိတက်ကုန်ပြီ။ အရာရာ ပြောင်းလဲကုန်တဲ့ကာလမှာ ကျွန်တော်တို့ ဘာလုပ်နိုင်မှာတဲ့လဲ။ ခေတ်သစ် နည်းပညာတွေနဲ့ ရိုက်နေချိန်မှာ ကျွန်တော်တို့ မြန်မာတွေက Black Magic ကင်မရာကိုတောင် ထပ်ထပ်နပ်နပ် သုံးတတ်သေးတာ မဟုတ်ပါဘူး။

ဒီလိုနဲ့ ဂျပန်အဖွဲ့ရဲ့ အကူအညီနဲ့ ရိုက်ကူးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဂျပန်အဖွဲ့နဲ့ ကိုဇော်သက်ထွေးတို့ တိုကျိုမှာရော ဘန်ကောက်မှာပါ ဆွေးနွေးခဲ့ကြတာပေါ့။ ဂျပန်တွေ ဘက်ကလည်း အနာတစ်ခု ကြီးကြီးမားမား ရှိထားပါတယ်။ သူတို့ မြန်မာပြည်ကို လာခဲ့တာ ၅ ကြိမ် ရှိပါပြီ။ သူတို့ဖက်က တောင်းဆိုတာလည်း တစ်ခုထဲပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူတို့ကို ဂျပန်ဘက်က ထုတ်လုပ်သူအဖြစ် အသိအမှတ်ပြုတဲ့ စာကလေး တစ်စောင်ပါပဲ။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး သူတို့ကို တရားဝင် တာဝန်ပေးအပ်ဖို့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူတို့နဲ့တွေ့ပါ့မယ်လို့ ကတိပေးထားတာပဲလေ။ ဒါပေမဲ့ သူတို့ ခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးသလို စာကလေး တစ်စောင်လည်း မရသေးပါဘူး။

နေပြည်တော်ကို လာခဲ့ဖို့ခေါ်လို့ သင်္ဂဟဟိုတယ်မှာ သုံးညအိပ် စောင့်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ ခေါ်သွားတဲ့ ဝေဠုကျော် ခမျာလည်း မျက်စေ့ မျက်နှာတွေ တော်တော်ပျက်နေပါပြီ။ သူတို့ဖက်ကလည်း ရှင်းတယ်။ သူတို့က ကူညီရမှာ။ အသားလွတ် ပိုက်ဆံတွေ ထည့်ပေးရမှာ။ ဒါပေမဲ့ သူတို့ကို တာဝန်ပေးအပ်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်း၊ စာလေး တစ်စောင်တောင် မရမှတော့ ဘာလုပ်ရမှာလဲတဲ့။

ကျွန်တော်လည်း တော်တော် မျက်နှာပူနေပါပြီ။ သူတို့ရဲ့ သဘောထားကိုလည်း ကောင်းကောင်း နားလည်ပါတယ်။ ကိုဇော်သက်ထွေးရဲ့ အတွေ့အကြုံအရ ဂျပန်ပြည် ရုပ်ရှင်ထုတ်လုပ်ရေး လောကမှာရော၊ ထိုင်းနိုင်ငံ ရုပ်ရှင်လုပ်ငန်းမှာပါ သူတို့က ဆင်ကြီးတွေပါ။ ကိုဇော်သက်ထွေး ဂျပန်ပြည် ရောက်တုန်းကလည်း ဂျပန်ရုပ်ရှင် စတူဒီယိုတွေ၊ ဂျပန်ရုပ်ရှင် ဒါရိုက်တာတွေနဲ့ ညစာစားပွဲကြီး လုပ်ပြီး ဧည့်ခံခဲ့ကြတာပါ။ ထိုင်းနိုင်ငံ ဘန်ကောက်တုန်းကလည်း ဒီလိုပါပဲ။ နရစွမ်ရိုက်တဲ့ ဒါရိုက်တာတို့၊ ပီးမက်သရဲကားရိုက်တဲ့ ဒါရိုက်တာတို့ကတောင် အရိုအသေပေး ဆက်ဆံနေရတဲ့ ဂျပန်တွေပါ။ ဒါပေမဲ့ မြန်မာပြည်ကျမှ သူတို့ အရှက်ခွဲခံနေရသလို ဖြစ်နေတော့ မခံချိမခံသာ ဖြစ်နေတာပေါ့။

ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်၊ ကြားလူတွေ ခြယ်လှယ်သမျှ လည်စင်းသာခံဖို့ ရှိတော့တာပေါ့။ ဂျပန်ကြီးတွေကတော့ တော်တော်စိတ်ပျက်သွားပါတယ်။ သူတို့ထဲမှာ အသက်အကြီးဆုံး ခေါင်းအမာဆုံးက အသက် ၇၆နှစ် ရှိနေပြီဖြစ်တဲ့ Mr.Mashidaပါ။ သူတို့ မိုင်ပေါင်းများစွာက လာတာကို တစ်မိနစ်တောင် စကားပြောခွင့် မရဘူးလားတဲ့။

နောက်တစ်ယောက်က Mr.Aidaတဲ့။ သူက ၄၅နှစ်လောက် ရှိပါပြီ။ စကားပြောရင် ပြုံးပြုံးပြုံးပြုံးနဲ့ပါ။ ဒါပေမဲ့ မာတယ်။ သူ့ရုံးက ဘန်ကောက်မြို့လယ်ခေါင်မှာ။ သူ့ရုံးခန်းမှာ ၀န်ထမ်း ၁၀၀ကျော်ရှိတယ်။ သူ့ရဲ့ အဓိက အလုပ်က Location coordinatorလို့ ခေါ်ပါတယ်။ ဟောလီးဝုဒ်ပဲဖြစ်ဖြစ်၊ ဘောလီးဝုဒ်ပဲဖြစ်ဖြစ်၊ သူတို့ဂျပန်တွေပဲဖြစ်ဖြစ်၊ ဥရောပ ရုပ်ရှင်သမားတွေဖြစ်ဖြစ် အရှေ့တောင် အာရှမှာ ရုပ်ရှင် ရိုက်ချင်ရင် ဘယ်နေရာက သင့်တော်တယ်၊ ဘယ်စတူဒီယိုက ဈေးသက်သာတယ်၊ ဘယ်ရုပ်ရှင်စက် အဖွဲ့နဲ့ သင့်တော်တယ်စသဖြင့် သူတို့က ရှာဖွေပေးနေကြတာပါ။ ကျွန်တော်တို့ မြန်မာပြည်မှာ တလောက လာရိုက်သွားတဲ့ ဘောလီးဝုဒ် ရုပ်ရှင်တစ်ကား ရှိပါတယ်။ ကျွန်တော်လည်း ကုလားစကား မတတ်တော့ ဘယ်လိုခေါ်တယ် ဆိုတာ မသိပါဘူး။ ဇာတ်လမ်းကတော့ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး အိန္ဒိယနွယ်ဖွားတွေကို တိုင်းပြည်ထဲကနေ ပြန်မောင်းထုတ်ခဲ့ပါတယ်။ ဒီအချိန်မှာ ချစ်သူနှစ်ယောက် တကွဲတပြားစီ ဖြစ်ရတော့မှာစိုးလို့ ပင်လယ်ကူး သင်္ဘောကြီးပေါ်ကနေ ခုန်ချပြီး သေသွားခဲ့ကြတာပေါ့။ နောက်ဘ၀မှာ ပြန်ဆုံမယ်ဆိုပြီး သစ္စာတွေ ဆိုသွားကြပါသေးရဲ့။ တကယ်ပဲ နောက်ဘ၀မှာ ပြန်ဆုံကြတော့ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံရပြီး သေကြပြန်ပါရော။ နောက်တစ်ဘ၀လည်း ရောက်ရော မြန်မာပြည်မှာ လူလာဖြစ်လို့ နောက်ဆုံး ပေါင်းကြလေသတည်းပေါ့။ အဲဒီ့ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကို သူတို့ ဂျပန်ကုမ္ပဏီက တာဝန်ယူတာပါ။ တိုတိုပြောရရင် Mr.Aidaကလည်း ခေသူမဟုတ်ဘူးပေါ့လေ။ သူတို့နှစ်ယောက်ရဲ့ လက်ထောက် တာဟာရှီနဲ့ ရှီမုယတို့ကတော့ MTV ထုတ်လုပ်သူတွေပါ။ အသက်ငယ်ငယ်လေးတွေပေါ့။ ၃၀ မကျော်သေးပါဘူး။ သူတို့ရိုက်ထားတဲ့ MTVတွေကလည်း တော်တော် ကောင်းတာပါ။ သူတို့က Cannon ကုမ္ပဏီ လက်စွဲတွေ။ ကျွန်တော်တို့ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ဖြစ်ခဲ့ရင် Cannon ကင်မရာ အသုံးပြုဖို့ နည်းစနစ်ရော လူပါ သူတို့က အကူအညီပေးဖို့ လိုက်လာတာပါ။

နောက်ဆုံးမှာတော့ မြန်မာပြည်မှာ နေထိုင်ခွင့် ၇ရက်သာ ကုန်ဆုံးသွားတော့တယ်။ သူတို့ ကြားချင်တဲ့ စကား၊ သူတို့လိုချင်တဲ့ စာမရဘဲ ပြန်သွားရှာပါတော့တယ်။ လေဆိပ်ကို ဆင်းခါနီး ကျွန်တော့်ကို လာနှုတ်ဆက်တော့ Mr.Mashidaက ပြောသွားပါသေးရဲ့။

"ဗိုလ်ချုပ်အောင်ဆန်းကတော့ တော်တော် ကတိတည်တဲ့လူပါကွာ"တဲ့။

ဆက်ပါမည်

ဇာဂနာ

No comments:

Post a Comment