CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, June 23, 2015
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်း လွှတ်တော် စတင်ဆွေးနွေး
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းပါ ပုဒ်မ ၄ခုကို ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် ၁၅ ယောက်က ဒီနေ့ဆွေးနွေးရာ အန်အယ်လ်ဒီပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက ပုဒ်မ ၄၃၆ မှာ ရာခိုင်နှုန်း လျှော့ချပြင်ဆင်ထားတာကို ထောက်ခံ ဆွေးနွေးကြပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က ပုဒ်မ၄၃၆(က) ပြင် ဆင်ချက်ကို အခုလိုထောက်ခံဆွေးနွေးခဲ့ပါတယ်။
"ပုဒ်မ ၄၃၆(က)နဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြပါမယ်၊ အဆိုပါပြဌာန်းချက်မှာ ပြဌာန်းချက်များကို ပြင်ဆင် လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင် ဆင်ရမယ်ဟု ဖော်ပြထားပါတယ်၊ ၇၅ ရာခိုင်နှုန်းကျော်လို့ သတ်မှတ်ထားခြင်းမှာ တပ်မတော်ကိုယ်စားလှယ် အနည်းဆုံးတစ်ဦးပါဝင်မှသာ ပြင်ဆင်နိုင်မည့် သဘောဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန်မှာ မဖြစ်နိုင်တဲ့ အခြေအနေ ခက်ခဲတင်းကြပ်လွန်းတယ်လို့ ယူဆရပါတယ်၊ ၇ဝ ရာခိုင်နှုန်းအောက်မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်သင့်ပါကြောင်း တင်ပြအပ်ပါတယ်"
ဒီနေ့ ပါဝင်ဆွေးနွေးတဲ့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စန်းနိုင်ကတော့ ပုဒ်မ ၄၃၆ ကို မပြင်ဆင်သင့်ကြောင်း ကန့်ကွက်ဆွေးနွေးသွားပါတယ်။
ပုဒ်မ ၅၉(စ) မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံမယ့်သူရဲ့ ချွေးမနဲ့ သားမက်ဟာ နိုင်ငံခြားသား မဖြစ်ရဆိုတာကို ဖြေလျှော့ပေးထားချက်အပေါ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးခဲ့ပြီး အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေကတော့ ပုဒ်မ ၅၉(စ)တစ်ခုလုံးကို ပယ်ဖျက်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ထံ တင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့မူကြမ်းမှာ ပုဒ်မပေါင်း ၃၄ ခုကို ပြင်ဆင်ထားပါတယ်။ အဲဒီထဲက ပုဒ်မ ၅၉၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၄၁၈ နဲ့ ပုဒ်မ ၆၀ တို့ကို ကိုယ်စားလှယ် ၁၅ ယောက်က ဆွေးနွေးတာဖြစ်ပြီး နောက်ထပ်ကိုယ်စားလှယ် ၂၃ ယောက်က ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်း လွှတ်တော် စတင်ဆွေးနွေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 23, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment