CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, June 27, 2015
ကရင်အမျိုးသားတစ်ဦးကို လုယက်သူက ပစ်သတ်
ကရင်မိသားစု၏ နေအိမ်ကို ဝင်ရောက် လုယက်သူနှစ်ဦးက သေနတ်ဖြင့် ပစ်သောကြောင့် သားသမီး လေးဦး၏ ဖခင် ကရင်အမျိုးသား အိမ်ထောင်ဦးစီး သေဆုံးသွားရသော ဖြစ်ရပ်တစ်ခု ဝစ်စကွန်ဆင်ပြည်နယ်၊ မီလ်ဝေါ့ကီးမြို့တွင် ဇွန်လ ၂၅ ရက်၊ ကြာသပတေးနေ့ နံနက်က ဖြစ်ပွားခဲ့ပါသည်။
လူဆိုးများ သေနတ်ဖြင့် ပစ်၍ သေဆုံးရသော ကရင်အမျိုးသား ဂျေရို၏ ဇနီး ကာထရီနာက သားကြီး သီးခုမူးကို လူဆိုးက မည်သို့ ချုပ်ကိုင်၍ လည်ပင်းကို သေနတ်ဖြင့် ထောက်ထားပုံ ပြသနေခြင်း ဖြစ်ပါသည်။လူဆိုးများ သေနတ်ဖြင့် ပစ်၍ သေဆုံးရသော ကရင်အမျိုးသား ဂျေရို၏ ဇနီး ကာထရီနာက သားကြီး သီးခုမူးကို လူဆိုးက မည်သို့ ချုပ်ကိုင်၍ လည်ပင်းကို သေနတ်ဖြင့် ထောက်ထားပုံ ပြသနေခြင်း ဖြစ်ပါသည်။ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ လွန်ခဲ့သော လေးနှစ်က အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့လာသော ကရင်မိသားစုမှ အသက် ၄၈ နှစ်ရှိ ဂျေရိုကို လုယက်သူတစ်ဦးက သေနတ်ဖြင့် ပစ်လိုက်သဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်၏။
ကရင်မိသားစုသည် ဂျေရိုနှင့်ဇနီး၊ အသက် ၅ နှစ်၊ ၇ နှစ်၊ ၉ နှစ်နှင့် ၁၁ နှစ်ရှိ သားသမီး လေးဦး၊ ဂျေရို၏ မိဘနှစ်ဦးတို့ အတူနေထိုင်နေကြသည်။
ထိုနေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် ဂျေရိုနှင့် ဇနီး ကာထရီနာတို့ နံနက်စာ ချက်ပြုတ်နေကြစဉ် လူနှစ်ဦးက အိမ်တံခါး လူခေါ်ဘဲလ်တီးပါသည်။ လူကြီးများက ဘဲလ်သံကို သတိမထားမိသော်လည်း အသက် ၁၁ နှစ်ရှိ သားအကြီးဆုံး သီးခုမူးက တံခါးသို့ သွား၍ မေးမြန်းသည်ဟု သိရသည်။ လူစိမ်းနှစ်ဦးက အိမ်တွင် ပြင်ဆင်စရာရှိ၍ လာခြင်းဖြစ်ကြောင်း ကောင်းမွန်ချိုသာစွာ ပြောကြားသဖြင့် အိမ်ရှင်က စေလွှတ်လိုက်သူများ ဖြစ်မည်ဟု ထင်ကာ ကလေးက တံခါးဖွင့်ပေးလိုက်ပါသည်။
လူစိမ်းများက သီးခုမူးအား ဖမ်းချုပ်ကာ လည်ပင်းကို သေနတ်ဖြင့် တေ့ပြီး ပထမထပ်ရှိ အဖိုးအဖွားများ၏ အိပ်ခန်းကို ဝင်ကြသည်။ အင်္ဂလိပ်စကားမတတ်သော အဖိုးအဖွားများက ဘာမှ မပြောနိုင်ဘဲ ကြည့်နေစဉ်မှာ လုယက်သူများက ပစ္စည်းများကို မွှေနှောက် ရှာဖွေကြသည်။ ထိုအချိန်အထိ မီးဖိုခန်းထဲရှိ လင်မယားနှစ်ဦးသည် အိမ်ထဲတွင် လုယက်သူများ ရောက်နေသည်ကို မသိရှိကြချေ။
ထို့နောက်၊ လုယက်သူများက သီးခုမူး၏ ဦးခေါင်းကို လက်ဖြင့်ချုပ်၍ လည်ပင်းကို သေနတ်ဖြင့် ထောက်ကာ ဧည့်ခန်း၊ ထမင်းစားခန်းတို့ကို ဖြတ်၍ မီးဖိုခန်းထဲသို့ ဆွဲခေါ်သွားပါသည်။ လုယက်သူများက “မန်းနီး၊ မန်းနီး” ဟု ငွေတောင်းခြင်းကို ကာထရီနာက နားလည်သော်လည်း အင်္ဂလိပ်လို ပြန်မပြောတတ်ဘဲ အခက်တွေ့နေသည်။
ထိုအချိန်တွင် လက်တစ်ကမ်းအကွာမှာ ရှိသော ဂျေရိုက လူဆိုးကို ခုန်အုပ်ပြီး သား၏ လည်ပင်းမှ သေနတ်ကို ဆွဲဖယ်ပစ်လိုက်သည်။ လူဆိုးက ၎င်းဖက်သို့ သေနတ်ပြောင်းလှည့်ပြီး တစ်ချက်ပစ်လိုက်ရာ ဂျေရို၏ ရင်ဘတ်ကို ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရပါသည်။
သေနတ်ဖြင့် ပစ်ပြီးသည်နှင့် လူဆိုးနှစ်ဦး ထွက်ပြေးကြရာ ဇနီး ကာထရီနာက နောက်မှ အော်ဟစ်ပြီး ပြေးလိုက်ပါသည်။ လူဆိုးနှစ်ဦးသည် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးကြသည်ဟု ကာထရီနာက ပြောကြားသည်။ သားကြီး သီးခုမူက “ကျွန်တော့ကို အဖေကယ်လိုက်တယ်” ဟု သတင်းဌာနများအား ပြောပြသည်။
ဂျေရိုသည် ကာဂီးလ် အသားထုပ်ပိုးစက်ရုံတွင် အလုပ်လုပ်ကိုင်နေရာမှ ယမန်နှစ်က စက်ရုံပိတ်လိုက်သောကြောင့် မိသားစု ၆ ဦးနှင့် မိဘနှစ်ပါးတို့ဖြင့် အလုပ်လက်မဲ့ ဖြစ်နေရပါသည်။ သေဆုံးသူ ဂျေရိုသည် အမြဲပြုံးရွှင်နေကာ လူတိုင်းနှင့် သင့်မြတ်သော လူကောင်းတစ်ယောက် ဖြစ်သည်ဟု သူတို့မိသားစုကို ကူညီစောင့်ရှောက်ပေးသော ကက်သိုလစ် ကုသိုလ်ဖြစ်အသင်းမှ လူမှုဝန်ထမ်းအမျိုးသား စတီဗင် ရှုန်းက ပြောပြပါသည်။
ကွယ်လွန်သူ ကရင်အမျိုးသား ဂျေရို၏ အောက်မေ့ဖွယ် ဈာပနအခမ်းအနားကို ဇူလိုင် ၄ ရက် (လွတ်လပ်ရေးနေ့ ပိတ်ရက်) တွင် စိန့်မိုက်ကယ်လ် ဘုရားရှိခိုးကျောင်း St. Michael Parish, 1445 N. 24th St မှာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
http://kabarthit.com/index.php?option=com_content&view=article&id=686:2015-06-27-00-28-27&catid=8:2013-10-13-17-09-02&Itemid=214
ကရင်အမျိုးသားတစ်ဦးကို လုယက်သူက ပစ်သတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 27, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 27, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment