Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

နယ်စပ် လူမှောင်ခို တောစခန်းများမှ တူးဖော်တွေ့ရှိသော အလောင်းများ မလေးရှား ပြန်လည် မြှုပ်နှံ

ထိုင်းနိုင်ငံနှင့် နယ်စပ်အနီး တောအုပ်များထဲရှိ လူမှောင်ခို စခန်းများတွင် တူးဖော်တွေ့ရှိသည့် ရွှေ့ပြောင်းအခြေချသူများ၏ ရုပ်အလောင်းများကို ပြန်လည် မြှုပ်နှံသင်္ဂြိုဟ်နေပြီဖြစ်ကြောင်း မလေးရှား အစိုးရက ကြေညာခဲ့သည်။
မြန်မာနိုင်ငံ အနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ထွက်ခွာလာပြီး ဘင်္ဂါလီများဟု ယူဆရသည့် အလောင်းများကို ထိုင်းနှင့် မလေးရှား နယ်စပ်ရှိ ဝမ်ကီလီယန်၊ ပါလစ် သစ်တော ဧရိယာများတွင် တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ သေဆုံးရခြင်းသည် ရောဂါဘယနှင့် ငတ်ပြတ်မှုများကြောင့်အပြင် နှိပ်စက်ညှင်းပန်းမှုနှင့် သတ်ဖြတ်ခံရမှုများကြောင့်ပါ ဖြစ်နိုင်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး ဇာဟစ်ဒ် ဟာမီဒီက ဇွန်လ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ 
ယခုအခါ ရုပ်အလောင်း ၂၁ လောင်းမျှကို သီးခြားသတ်မှတ်ထားသော နေရာတွင် ပြန်လည် မြှုပ်နှံခဲ့ပြီး မှုခင်းဆရာဝန်များ အနေဖြင့် ၎င်းတို့၏ သေမှုသေခင်း စစ်ဆေးချက်များအတွက် လုံလောက်ပြီဟု ယူဆသဖြင့် အလောင်းများကို ပြန်လည် မြှုပ်နှံရန် ခွင့်ပြုလိုက်ကြောင်းလည်း ဇာဟစ်ဒ်က ဆိုသည်။
“အလောင်းတွေကို ပြန်မြှုပ်နှံဖို့ကတော့ အခုလောလောဆယ် ဖြစ်နိုင်ခြေ ရှိလာပါပြီ။ မှုခင်းဆရာဝန် အဖွဲ့က သေမှုသေခင်း စစ်ဆေးမှု ရလဒ်တွေအတွက် ကျေနပ်တဲ့ အတိုင်းအတာထိ ရှိလာပါပြီ”ဟု မလေးရှားလွှတ်တော် အပြင်ဘက်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ဇာဟစ်ဒ်က ပြောကြားခဲ့သည်။ ၎င်းက သေဆုံးရသည့် အကြောင်းရင်းများတွင် ရောဂါဘယ၊ ငတ်ပြတ်မှု၊ နှိပ်စက်ညှင်းပန်းခံရမှုနှင့် သတ်ဖြတ်မှုများ ပါဝင်ကြောင်းလည်း ပြောကြားခဲ့သည်။
လူမှောင်ခို ဂိုဏ်းများသည် ထိုင်းနှင့် မလေးရှား နယ်စပ်တစ်လျှောက် သစ်တောကြီးများအတွင်း လျှို့ဝှက်တောစခန်းများ တည်ဆောက်ကာ ဘင်္ဂါလီ ရွှေ့ပြောင်းအခြေချသူများကို ထိန်းသိမ်း ချုပ်နှောင်ထားလေ့ရှိသည်။ ၎င်းတို့သည် မလေးရှားသို့ ခိုးဝင်ခွင့် ပေးရန်အတွက် ဘင်္ဂါလီများ၏ မိသားစုများကို ဆက်သွယ်ကာ ပြန်ပေးငွေ တောင်းခံလေ့ရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် လပိုင်းက ထိုင်းနှင့် မလေးရှား အာဏာပိုင်များသည် နယ်စပ်ဒေသရှိ တောနက်ကြီးများအတွင်း တောစခန်းများမှ အလောင်းမြှုပ်နှံရာ သင်္ချိုင်းမြေများကို ရှာဖွေတွေ့ရှိပြီးနောက် လူမှောင်ခို ဂိုဏ်းများကို အထူးကြပ်မတ် ဖိနှိပ် နှိမ်နင်းလာခဲ့သည်။ မလေးရှားဘက်ခြမ်း တောနက်များတွင် တွေ့ရှိသော လူမှောင်ခို စခန်းများသည် အကျဉ်းထောင်သဖွယ် တည်ဆောက်ထားပြီး ကျဉ်းမြောင်းပြီး အနေအထား ဆိုးရွားလှသည့် ဝါးလုံးတား အချုပ်ခန်းငယ်များထဲတွင် လူရာပေါင်းများစွာကို ထိန်းသိမ်းထားနိုင်ကြောင်း သိရှိရသည်။
_Ref: CNA

No comments:

Post a Comment