၂၀၁၅ ခုနှစ် ဇွန်လ ၂၅ ရက် မနက်စောစောမှာတော့ နေအဖွဲ့အစည်းအတွင်းက နေနဲ့ အနီးဆုံးဖြစ်တဲ့ မာကျူရီ (ခ) ဗုဒ္ဓဟူးဂြိုဟ်ကို အရှေ့ဘက်ကောင်းကင်ယံမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ လင်းအား -၁.၉ မဂ္ဂနီကျူ့ ရှိတဲ့အတွက် သာမန်မျက်စိဖြင့် ကောင်းကောင်းမြင်တွေ့ နိုင်ပါတယ်..။
ဗုဒ္ဓဟူးဂြိုဟ်ဟာ နေကို တစ်ပါတ်ပတ်ဖို့ အချိန် ၈၈ ရက်သာ ကြာပါတယ်။ ကမ္ဘာ ကတော့ နေကို တစ်ပါတ်ပတ်ဖို့ ၃၆၅ ရက် ကြာမြင့်ပါတယ်။ ကျနော်တို့ ကမ္ဘာ ကနေ ဗုဒ္ဓဟူးဂြိုဟ်ကို မြင်ရဖို့ဆိုတာဟာ အင်မတန်မှ ခက်ခဲလှပါတယ်။
ဒါပေမယ့် ဗုဒ္ဓဟူးဂြိုဟ်ကို အကောင်းဆုံး ကြည့်ရှုနိုင်မယ့်အခွင့်အရေးဟာ တစ်နှစ်မှာ နှစ်ကြိမ်လောက် ရှိပါတယ်။ ဒုတိယ ပုံမှာပြထားသလို နေ၊ ကမ္ဘာ နဲ့ မာကျူရီတို့ တြိဂံ ပုံစံ အနေအထားမှာ အမြင့်ဆုံး ကွာဝေးအမှတ် ရောက်ရှိချိန်မှာတော့ နေရဲ့ အလင်းရောင် ကျရောက်မှုနဲ့ အတူ မာကျူရီကို ကျနော်တို့ ရှာဖွေနိုင်ပါတယ်။ အမြဲတမ်း ၂ ကြိမ် စီဖြစ်ပါတယ်။ အရှေ့ဘက် ရှည်ထွက်ချိန် (Eastern Elongation) နဲ့ အနောက်ဘက် ရှည်ထွက်ချိန် (Western Elongation) ရယ်လို့ အချိန် ၂ ခု သတ်မှတ်ထားပါတယ်။ ယခုမြင်တွေ့ရမှာကတော့ အနောက်ဘက် ရှည်ထွက်ချိန် (Western Elongation) ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ မြင်တွေ့ရမယ့် နေရာ ကတော့ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းရဲ့ အပေါ်နားလေး (၁၄° ခန့်) မှာ ဖြစ်ပြီး ထွက်ပေါ်လာမယ့် အချိန်ကတော့ ၂၅ ရက်နေ့ နံနက် ၄ နာရီ ၅ မိနစ် (နေမထွက်မီ ၁ နာရီ ၂၈ မိနစ် အကွာ) မှာ ဖြစ်ပါတယ်။ နေထွက်လာတာနဲ့ အမျှ တဖြည်းဖြည်းချင်း ကွယ်ပျောက်သွားမှာဖြစ်ပြီး နံနက် ၅ နာရီ ၁၇ မိနစ်မှာတော့ မြင်ရတော့မှာ မဟုတ်ပါ။

ထူးခြားချက်တစ်ခုကတော့ စစ်ထိုးတတ်တဲ့ အင်္ဂါဂြိုဟ် (မားစ်) ဟာ နေနှင့်အတူ ဗုဒ္ဓဟူးဂြိုဟ် အနီးမှာ ရှိနေမှာဖြစ်လို့.. ဗုဒ္ဓဟူးဂြိုဟ်နဲ့ သက်ဆိုင်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များနဲ့ ဆက်ဆံရေး တင်းမာမှုများ ရှိလာနိုင်ပါတယ်။
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:
Post a Comment