Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

မြန်မာလူငယ်သေဆုံးမှု တရားခံနှစ်ဦးကို ထောင်ဒဏ်ချမှတ်



လတ်စ်ဗေးဂတ်စ်မြို့တွင် မြန်မာလူငယ် တက္ကသိုလ်ကျောင်းသား သေဆုံးခဲ့ရသော မှုခင်းနှင့် ပတ်သက်၍ ရဲက ဖမ်းဆီးအရေးယူထားသော တရားခံ နှစ်ဦးကို ဇွန်လ ၁၈ ရက်၊ ကြာသပတေးနေ့တွင် တရားရုံးက ထောင်ဒဏ်အသီးသီး စီရင်ချက်ချမှတ်လိုက်ပါသည်။မွေးနေ့ပါတီပွဲတွင် အသက် ၂၅ နှစ်ရှိ မြန်မာလူငယ် မောင်ရာပြည့် ခေါ် William Parke ကို လက်သီးဖြင့် ထိုးသောကြောင့် သေဆုံးမှုဖြင့် ဖမ်းဆီးထားသော အဲလက်စ် ဗွန်ဆိုပန် (၂၁ နှစ်) အား ထောင်ဒဏ် ၁၉ လမှ ၄၈ လ၊ ၎င်း၏ အပေါင်းပါ မင်းနောက်စ် ခေါ် ရစ်ကီ ကလိုင်း-လိုပက်ဇ် (၂၂ နှစ်) အား ထောင်ဒဏ် ၁၆ လမှ လ ၄၀ အသီးသီး အပြစ်ပေးလိုက်ပါသည်။ တရားခံများကို ပြစ်ဒဏ်စီရင်ချက်မချမီတွင် သေဆုံးသူ ကိုရာပြည့်၏ မိခင် ဒေါ်စိုးစိုးအေး ခေါ် ဂရေ့စ်အေး ကိုယ်တိုင် ရင်တွင်းခံစားချက်ဖြင့် လျှောက်လဲချက်ပေးခဲ့ရာတွင် အမျိုးသမီး တရားသူကြီး အပါအဝင် အမှုလာရောက်နားထောင်သူ အများအပြား မျက်ရည်ကျခဲ့ရကြောင်း သိရသည်။ တရားရုံးတွင် အဓိက လက်သည်တရားခံ အဲလက်စ် ဗွန်ဆိုပန်သည် နောင်တရရှိကြောင်းနှင့် ကိုရာပြည့်၏ မိခင်ကို တောင်းပန်စကား ပြောဆိုခဲ့ပါသည်။ သို့သော်၊ ပူးတွဲတရားခံ ရစ်ကီ လိုပက်ဇ်သည် ဝမ်းနည်းနောင်တ တစ်စုံတစ်ရာ မဖော်ပြသည့်အတွက် မူလက လျာထားသည့် ထောင်ဒဏ် ၆ လမှ တရားသူကြီးက အပြစ်ဒဏ်ကို တိုးမြှင့်လိုက်ခြင်း ဖြစ်၏။ တရားခံများသည် အကျဉ်းထောင်တွင် စည်းကမ်းလိုက်နာ၍ ကောင်းမွန်စွာ ပြုပြင်နေထိုင်လျှင် အနည်းဆုံး ပြစ်ဒဏ်ကျခံပြီးနောက် ခံဝန်ချုပ်ဖြင့် လွတ်နိုင်သော်လည်း ကောင်းစွာ နေထိုင်ခြင်း မရှိလျှင် ပြစ်ဒဏ်ကို အပြည့်ကျခံရမည် ဖြစ်သည်။ တရားခံနှစ်ဦးကို မူလက လူသတ်မှု၊ ကြံစည်မှု၊ ထိုးကြိတ်ရိုက်နှက်မှု စသည့်အမှုများဖြင့် စွဲချက်တင်ထားရာမှ ထောင်ဒဏ် ၁၂ လ မှ ၄၈ လအထိ အပြစ်ပေးနိုင်သော ဆန္ဒမပါဘဲ လူသေစေမှုသို့ လျှော့ချခဲ့ကြောင်း ခရိုင်လက်ထောက်အမှုစစ်ရှေ့နေချုပ် ဖရန့် ကိုမိုက ပြောကြားသည်။ သို့သော် တရားသူကြီးက ၎င်းတို့သည် သေစေလိုသော ဆန္ဒမရှိစေကာမူ ယခုအမှုသည် မတော်တဆ ဖြစ်ရပ်မဟုတ်ကြောင်း၊ ကိုရာပြည့်ကို ရန်မူရန် ကြိုတင်စီစဉ်ခဲ့ပြီး ထိုးကြိတ်ခံရ၍ လဲကျနေသော ကိုရာပြည့်၏ ကိုယ်ပေါ်မှ မိုးကာ အော်ဟစ် ဆဲဆိုခြင်း၊ ဓာတ်လှေကားထဲတွင် အောင်ပွဲခံကာ ထိုးကြိတ်ပုံများ ပြန်လုပ်ပြခြင်းတို့ကို ရိုက်ကူးထားသည့် လုံခြုံရေးကင်မရာ ဗီဒီယိုများအား တရားခွင်တွင် ပြသခဲ့သည်။ အမှုလိုက်ဥပဒေအရာရှိသည် အမှုနှင့်ပတ်သက်၍ အသေးစိတ် စနစ်တကျ ပြင်ဆင်ထားပြီး အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း တရားရုံးသို့ တက်ရောက်နားထောင်ခဲ့သော ဦးဆန်နီက ကမ္ဘာသစ်မီဒီယာသို့ ပြောကြားသည်။ ကိုရာပြည့်သည် ဦးဆန်နီ၏ ဆန်နီဆူရှီးလုပ်ငန်းတွင်လည်း လက်ထောက်မန်နေဂျာအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။ အမှုဖြစ်ပွားပုံမှာ၊ နီဗားဒါးပြည်နယ်တက္ကသိုလ် ဇီဝဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုရာပြည့်သည် ဒီဇင်ဘာ ၂၇ ရက်ညက ဗနီရှန်ဟိုတယ်တွင် အခန်းတစ်ခုငှား၍ ကျင်းပသော ရည်းစားဟောင်းဖြစ်သူ ဖိလိပိုင်အမျိုးသမီး ခရစ်ဇန် နိကိုလ် ဖွန်တာနီလာ၏ ၂၁ နှစ်ပြည့် မွေးနေ့ပွဲသို့ သွားရောက်ခဲ့ရာမှ တရားခံနှစ်ဦးက ကိုရာပြည့်ကို ရန်စ ထိုးကြိတ်ခဲ့ပါသည်။ အရပ် ၅ ပေ ၁၁ လက်မနှင့် ကိုယ်အလေးချိန် ပေါင် ၂၂၀ ရှိသော ဗွန်ဆိုပန်က အားဖြင့် ထိုးလိုက်သော လက်သီးဒဏ်ကြောင့် ကိုရာပြည့်၏ ဦးခေါင်းသည် လက်ယာဖက်သို့ စောင်းကာ လည်ပင်းရိုးကျိုးပြီး ကျောက်ပြားခင်း ကြမ်းပေါ်သို့ လဲကျရာမှ သတိပြန်မလည်တော့ဘဲ ဒီဇင်ဘာ ၂၉ ရက်တွင် ကွယ်လွန်သွားခဲ့ရပါသည်။ လေထဲမှာလွင့်မျောခဲ့ရသော အနာဂတ်ရည်မှန်းချက်များ ဘွဲ့ရရန် လအနည်းငယ်အလိုတွင် မမျှော်လင့်ဘဲ သေဆုံးသွားသော မြန်မာလူငယ် ကိုရာပြည့်သည် ဆရာဝန်ဖြစ်ရန် ရည်မှန်းချက်ဖြင့် ဇီဝဗေဒဘာသာ နောက်ဆုံးနှစ် ပညာသင်ကြားနေသူ ဖြစ်သည်။ ထို့အပြင်၊ အိမ်မြေရောင်းဝယ်ရေးလုပ်ငန်းတွင်လည်း အောင်မြင်မှု ရနေသော လိုင်စင်ရ ပွဲစားတစ်ဦးလည်း ဖြစ်၏။ ကိုရာပြည့်သည် တက္ကသိုလ်တစ်ဖက်က တက်နေရင်းမှာပင် အိမ်မြေရောင်းဝယ်ရေးလုပ်ငန်းမှ တစ်လလျှင် ဒေါ်လာ ၈,၀၀၀ မှ ၁၀,၀၀၀ အထိ ဝင်ငွေရှိနေသော လူတော်လေးတစ်ဦး ဖြစ်ကြောင်း ၎င်း အလုပ်လုပ်သော ကီးရီယယ်လ်တီမှ တက်ဒီ ဖက်ဒါဝစ်ဇ်က ပြောကြားပါသည်။ မြန်မာနိုင်ငံတွင် ရှိစဉ်က ကိုရာပြည့်သည် ဆိုကရေးတီးပြိုင်ပွဲ ရွှေတံဆိပ်ရ မြန်မာ့ရိုးရာ အကမင်းသားလည်း ဖြစ်၍ မိခင် ဒေါ်စိုးစိုးအေး ခေါ် ဂရေ့စ်အေးနှင့် သားအမိနှစ်ဦးတည်း နေထိုင်ရင်း အနာဂတ်မျှော်မှန်းချက်ဖြင့် ကြိုးစားအားထုတ်နေသူ ဖြစ်၏။ ကိုရာပြည့်၏ ဖခင်မှာ လတ်စ်ဗေးဂတ်စ်မြို့တွင် သာသနာ့ဘောင်သို့ အပြီးအပိုင် ဝင်ရောက်သွားကာ ရဟန်းဘဝဖြင့် တရားဘာဝနာ အားထုတ်လျက်ရှိသည်။ “သားတစ်ယောက်လုံး ဆုံးရှုံးခဲ့ရပြီး ပြစ်မှုကျူးလွန်သူတွေက ဒီလောက် ပြစ်ဒဏ်လေးပဲ ကျတာတော့ အမှန်အတိုင်း ပြောရရင် စိတ်ထဲမှာ ဘယ်ကျေနပ်နိုင်ပါမလဲ၊ fair ဖြစ်တယ်လို့လည်း မထင်ဘူး၊ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ တရားနဲ့ပဲ ဖြေရမှာပေါ့ရှင် ” ဟု မိခင်က ကမ္ဘာသစ်မီဒီယာသို့ ပြောကြားပါသည်။

http://kabarthit.com/index.php?option=com_content&view=article&id=680:2015-06-20-23-10-38&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment