CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, June 23, 2015
ဘင်္ဂလာနယ်ခြားစောင့်ဗိုလ် လက်ထိပ်ခတ် ဓာတ်ပုံ ဖော်ပြမှု ဘင်္ဂလာဒေ့ရှ့်ကို အမျက်ထွက်စေဟုဆို
ရန်ကုန်၊ ဇွန်လ ၂၃
မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဇွန်လ ၁၇ ရက်နေ့က ဖမ်းဆီးမိခဲ့သော ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်အဆင့်ရှိသူ Nayek Abdur Razzak ကို လက်ထိပ်ခတ်ပြီး ဖမ်းဆီးပစ္စည်းများနှင့် အတူ မီဒီယာများတွင် ဓာတ်ပုံ ဖော်ပြမှုမှာ ဘင်္ဂလာဒေ့ရှ်အား အမျက်ဒေါသ ထွက်စေသည်ဟု CBN (Cox’sbazar News) တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ဖော်ပြခြင်းမျိုးကို မပြုလုပ်သင့်ကြောင်း၊ ယခုကဲ့သို့ ဓါတ်ပုံ ဖော်ပြခြင်းမှာ ၁၆ ကုဋေ ( သန်း ၁၆၀) ရှိသော ဘင်္ဂလာဒေ့ရှ်ပြည်သူများကို အမျက်ဒေါသ ဖြစ်ပေါ်စေကြောင်း ၊ ယခုကဲ့သို့ ချည်နှောင်ထားခြင်းမှာ ဘင်္ဂလာဒေ့ရှ် လူပေါင်း ၁၆ ကုဋေ ကို ချည်နှောင်ထားသလို ခံစားရကြောင်း ဘင်္ဂလီလို ရေးသားထားသော ‘হাতকড়া ১৬ কোটি মানুষের হাতে’ တွင် ဖော်ပြသည်။
ဇွန်လ ၁၇ ရက်နေ့က မြန်မာ နိုင်ငံ အနောက်ဘက်နယ်စပ် နတ်မြစ်အတွင်းရှိ ရေတွင်းကျွန်း (ရေတွင်းပြင်) အနီးတွင် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ပေါ်ပေါက်ခဲ့သည်။
ယင်းဖြစ်စဉ်အတွင်း ဘင်္ဂလာဒေရှ့်မှ ဗိုလ်အဆင့်ရှိသူ Nayek Abdur Razzak ကို လက်နက် ခဲယမ်းများနှင့် အတူ မြန်မာဘက်က ဖမ်းဆီးမိခဲ့ပြီး နောက်ထပ် ဘင်္ဂလာဒေ့ရှ်မှ တပ်သား တစ်ဦး ဖြစ်သူ ဘီးပလု ကူမာရ်တွင် ဒဏ်ရာ ရရှိခဲ့၍ ကော့စ်ဘဇား ဆေးရုံကို တင်ပို့ခဲ့သည်။
မြန်မာနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူများသို့ ဇွန်လ ၁၇ ရက်နေ့က တစ်ကြိမ်၊ ဇွန်လ ၁၈ ရက်နေ့က တစ်ကြိမ် ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်း မပြန်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
မြန်မာ အစိုးရသည် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အား လွဲပြောင်း မပေးသည်သာမက ယခုအခါ တရားမ၀င် ကျူးကျော်ဝင်ရောက်မှုဖြင့် တရားစွဲဆိုရန် စီစဉ်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့အား ဖမ်းဆီးခံထားရသော တပ်ဖွဲ့ တစ်ဦးကိစ္စ ဆွေးနွေးရန် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့အား အကြောင်းကြားရာတွင် မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာမှ အ ကြောင်းကြားစာ မလာသေးဟု ဆိုကာ တွေ့ဆုံရန် ငြင်းဆိုနေကြောင်းဖြင့်လည်း သတင်းတွင် ဖော်ပြထားသည်။
တက်ကနက် အခြေစိုက် ဘီဂျီဘီ တပ်ရင်းမှူးမှ ဖမ်းဆီးခံထားရသူ Nayek Abdur Razzak နှင့် ဖုန်းမှ တဆင့် စကားပြောလိုကြောင်း မြန်မာ နယ်စပ်တာဝန်ရှိသူများအား အကြောင်းကြားရာ တရားခံနှင့် စကားပြောခွင့် မရှိဟု ဆိုကာ မြန်မာဘက်က ငြင်းဆိုခဲ့သည်ဟုဆိုသည်။
တစ်ခြား ဘင်္ဂလာဒေ့ရှ် သတင်းတစ်ပုဒ်တွင် ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်အား ဇွန်လ ၁၈ ရက်နေ့က ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး ရုံးမှ ဆင့်ခေါ်ခဲ့ပြီး ဖမ်းဆီး ခေါ်ဆောင်သွားသော ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ် Nayek Abdur Razzak ကို အမြန်ဆုံး ပြန်လည် လွဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိ အတိုက်အခံ ပါတီ BNP မှ Nayek Abdur Razzak ပြန်လွှတ်ရေးအတွက် လက်ရှိ အစိုးရ၏ သံတမန်နည်းအရ ကြိုးပမ်းမှုမှာ လုံလောက်မှု မရှိဟု ဆိုကာ ပြစ်တင် ဝေဖန်ထားသည်။
နိရဉ္စရာ
http://www.narinjara.com/burmese
ဘင်္ဂလာနယ်ခြားစောင့်ဗိုလ် လက်ထိပ်ခတ် ဓာတ်ပုံ ဖော်ပြမှု ဘင်္ဂလာဒေ့ရှ့်ကို အမျက်ထွက်စေဟုဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 23, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment