Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 23, 2015

အလုပ်သမားဆန္ဒဖော်ထုတ်သူများသည် အစိုးရနှင့်အလုပ်ရှင်များက စွဲဆိုသည့် အမှုများ ရင်ဆိုင်နေရသည့်အတွက် အခြားလုပ်ငန်းခွင်သို့ဝင်ရောက်ရန် အခက်အခဲဖြစ်နေ


အလုပ်သမားအခွင့်အရေး တောင်းဆိုသည့်အနေဖြင့် ဆန္ဒဖော်ထုတ်ပြီးနောက် အစိုးရနှင့် အလုပ်ရှင်များ စွဲဆိုသည့် အမှုများရင်ဆိုင်နေရသည့်အတွက် အခြားလုပ်ငန်းခွင်တစ်ခုခုတွင် ဝင်ရောက်လုပ်ကိုင်ရန် အခက်အခဲများတွေ့ရကြောင်း အလုပ်သမားများ ပြောပြချက်အရ သိရသည်။

လစာတိုးပေးရေး တောင်းဆိုပြီး နောက်အမှုရင်ဆိုင်နေရသူ ကောစ တက်အထည်ချုပ်စက်ရုံမှ မအေးစန္ဒာဝင်းက “ကျွန်မတို့ တရားစွဲခံရတဲ့ အလုပ်သမားတော်တော်များများက အဆောင်နေလုပ်ကိုင်သူတွေများတယ်။ အမှုလည်းဖြစ်ရော အလုပ်မရှိဖြစ်ကုန်တော့ ကိုယ့်အိမ်ကိုယ်ပြန်ရတယ်။ ရုံးချိန်းတွေက တစ်ပတ်တစ်ခါချိန်းနေတော့ လုပ်ငန်းခွင်ထဲဝင်လုပ်ဖို့က အဆင်မပြေဘူး။ နောက် ပန်းတနော်၊ ဓနုဖြူကလာတာဆိုတော့ သွားရေးလာရေးအခက်အခဲရှိတယ်” ဟု ပြောသည်။

အလုပ်သမားများ အမှုရင်ဆိုင်ရပါက အလုပ်ရှင်ဘက်မှ အမှုရင်ဆိုင် ရန် အခက်အခဲရှိနိုင်သော်လည်း အလုပ်သမားများအနေဖြင့် စားဝတ်နေရေး ဖြေရှင်းရန်အတွက် အခြားစက်ရုံတွင် ပြောင်းလဲလုပ်ကိုင်ပါကလည်း တစ်ပတ်တစ်ခါ ရုံးချိန်းများရှိသဖြင့် စက်ရုံလုပ်ငန်းများအနေဖြင့် တစ်လလျှင် ခွင့် ၃ ရက်ထက် ပိုပေးနိုင်ခြင်းမရှိခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် မိဘလုပ်ကိုင်သည့် အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် နေ့စားအဖြစ် လုပ်ကိုင်ခြင်း စသည်တို့ လုပ်ကိုင်ရခြင်းများရှိကြောင်း သိရသည်။

ရွှေပြည်သာတွင်နေထိုင်သည့် လက်ရှိအမှုရင်ဆိုင်နေရသည့် အထည်ချုပ်စက်ရုံလုပ်သား မအေးအေးခိုင်က “လစာတိုပေးဖို့အတွက် ဆန္ဒပြတောင်း ဆိုတယ်။ အခု ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရ ပြီး အာမခံနဲ့အပြင်မှာနေရတယ်။ စက်ရုံအလုပ်က ဝင်ဖို့အဆင်မပြေဘူး။ ဒီတော့ ကန်ထရိုက်အဆောက်အအုံတွေမှာ ပန်းရံအကူအနေနဲ့ လိုက်လုပ်တယ်။ အမှုရင်ဆိုင်စဉ်ကာလအတွင်း စားဝတ်နေရေးပြေလည်အောင် ဒီလိုပဲလုပ်ရတယ်” ဟု ပြောသည်။

လက်ရှိအမှုရင်ဆိုင်နေရသူများ အနေဖြင့် ရုံးချိန်းအခက်အခဲရှိခြင်းများရှိပြီး အမှုများ ပြီးဆုံးသွားသည့်အခါတွင်လည်း အလုပ်သမားများဘက်က အနိုင်ရရှိသည့်အခါ အခြားလုပ်ငန်းခွင်တစ်ခုသို့ သွားရောက်လျှောက်ထားလျှင် အဆင်မပြေမှုများကြုံတွေ့ရ ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အလုပ်အကိုင်ရှာပေးသော်လည်း ဝင်ရောက်သည့်အခါ နေထိုင်ရာနေရာနှင့် ကွာဝေးခြင်း၊ လုပ်ငန်းခွင်အတွင်း အခြားသူများနှင့် အဆင်မပြေခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ပြောင်း ရွှေ့လုပ်ကိုင်ခြင်းများရှိကြောင်း သိရသည်။

လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားတစ်ဦးက “ဘယ်သူက ဒီလို ဆန္ဒပြတောင်းဆိုတာမျိုးကို လုပ်ချင်ပါ့မလဲ။ အဆင်ပြေအောင်လုပ်ကြတာပဲ။ စားဝတ်နေရေးကျပ်တည်းလာတော့ ဆန္ဒပြဖြစ်ခဲ့ကြတယ်။ နောက်အလုပ် တစ်ခုကိုပြောင်းလုပ်လည်း ဒီမှာက ဘာမှမထူးဘူးလေ။ ရတဲ့လခတွေက အကြွေးဆပ်တာနဲ့ကုန်တယ်။ တချို့ဆို အကြွေးပေါ်အကြွေးဆင့်နဲ့ အရမ်းဒုက္ခရောက်ကြတယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် အနည်းဆုံးအခကြေးငွေ အမြန်ဆုံးမသတ် မှတ်နိုင်ခြင်း၊ အလုပ်သမားဥပဒေများအား ထိရောက်စွာ ကိုင်တွယ်အရေးယူ ဆောင်ရွက်နိုင်မှု အားနည်းခြင်းများကြောင့် အလုပ်သမားများမှာ အခက်အခဲများကြုံတွေ့ရပြီး မလိုလားအပ်သည့် ဆန္ဒပြတောင်းဆိုမှုများ ပေါ်ပေါက်လာနိုင်ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများက ဆိုသည်။

တစ်ဖက်တွင်လည်း သယ်ယူစရိတ်ကြီးမြင့်ခြင်း၊ မြေနေရာငှားရမ်းခ ကြီးမြင့်ခြင်း ၊ လျှပ်စစ်မီးလုံလောက်စွာ မရရှိခြင်းနှင့် မလိုလားအပ်သည့် ငွေကြေးကုန်ကျမှုရှိနေမှုများကြောင့် လုပ်သားများအား လုပ်ခလစာတိုးပေး ရန်အခက်အခဲတွေ့ရကြောင်း လုပ်ငန်းရှင်များပြောပြချက်အရ သိရသည်။

စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment