Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 26, 2015

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ပွဲသတင်းတွင် ဘာသာရေးအရ အထင်အမြင် လွဲမှားစေနိုင်သည့် ဓာတ်ပုံဖော်ပြခြင်း အတွက် The Voice သတင်းစာ တရားဝင်တောင်းပန်



 မတ်လ ၁၁ ရက်ထုတ် The Voice Daily သတင်းစာ၌ ““ရိုက်နှက် ဖမ်းဆီးမှုကြောင့် အခြေမလှ ထွက်ပြေးခဲ့ရသည့် ကျောင်းသားသပိတ် ဦးဆောင်အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်း””၊ ““ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးလွှားခဲ့ရသည့် သပိတ်မှောက် ကျောင်းသား များနှင့် ၀န်းရံသူများ”” စသည်ဖြင့် ဓာတ်ပုံပုံစာများ ရေးထိုးဖော်ပြခဲ့ခြင်း အပေါ် သတင်းစာကျင့်ဝတ်နှင့် မညီကြောင်း ဝေဖန်ခံခဲ့ရ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဧပြီ ၂၃

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုပွဲသို့ တက်ရောက် လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းဓာတ်ပုံ များထဲတွင် ဘာသာရေးအရ အထင်အမြင် လွဲမှားစေနိုင်သော သတင်းဓာတ်ပုံအား The Voice သတင်းစာ၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာ မျက်နှာဖြစ်သော The Voice Weekly ၌ ဧပြီလ ၂၁ ရက်က ဖော်ပြ ခဲ့ပြီးရာ ဝေဖန်မှုများ ထွက်ပေါ် ခဲ့သည့်အတွက် ဧပြီလ ၂၃ ရက်ထုတ် The Voice Daily သတင်းစာ၌ ““သစ္စာတိုင် တောင်းပန်ဖြေရှင်းခြင်း”” အမည်ဖြင့် တရားဝင် ပြန်လည် တောင်းပန်လိုက်ပြီ ဖြစ်သည်။

ဟံသာဝတီဦးဝင်းတင် တစ်နှစ်ပြည့် အခမ်းအနားကို ဧပြီလ ၂၁ ရက် မနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့ရာ ယင်းပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်က အခြားဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်များကို လက်အုပ်ချီကာ နှုတ်ဆက်နေသည့် ပုံကို ဖော်ပြထားရာ ယင်းမှာ ဘာသာရေးအရ ထိခိုက် စေသည်ဟု ဆိုကာ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ပြီးနောက် ယခုကဲ့သို့ တရားဝင် တောင်းပန်လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ တရားဝင် တောင်းပန်ခြင်းနှင့် ပတ်သက်၍ The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေထံ ဧပြီလ ၂၂ ရက်နေ့ ညပိုင်းနှင့် ဧပြီလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းအထိ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ဖုန်းဝင်သွားသော်လည်း ဖုန်းကိုင် ဖြေဆိုခဲ့ခြင်း မရှိပေ။

ယင်းနောက် The Voice Daily သတင်းစာ Editorial Secretary ဦးအောင်စိုးထံသို့ ဧပြီလ ၂၃ ရက်က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ဦးကျော်မင်းဆွေထံ ဆက်သွယ်ရန်သာ ပြန်လည် ဖြေကြားသည်။

ယင်းသို့ ဘာသာရေးအရ ထိခိုက်စေနိုင်သည့် သတင်းဓာတ်ပုံ အား ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ The Voice Daily သတင်းစာ၌ တရားဝင် တောင်းပန်စာ ထည့်သွင်းထားရာတွင် ““အွန်လိုင်း အယ်ဒီတာအဖွဲ့၏ ပေါ့ဆမှုကြောင့် အပြန်အလှန် လက်အုပ်ချီနေသည့် ပုံမတင်မိဘဲ လက်အုပ်မချီခင်ပုံကို တင်မိခြင်း သာဖြစ်ပါသည်”” ဟုလည်းကောင်း၊ ““ထိုသို့အပြန်အလှန် လက်အုပ်ချီ နှုတ်ဆက်နေသည့် ထူးခြားပုံကို အွန်လိုင်း အယ်ဒီတာအဖွဲ့က ကြည်နူးစိတ်ဖြင့် အများဆင့်ပွား ကြည်နူးနိုင်စေရန် တင်ပေး လိုက်ခြင်းဖြစ် သော်လည်း လက်ရှိ အချိန်မျိုးတွင် ဘာသာရေးဗန်းပြ အစွန်းရောက် အမြင်ရှိသူများက အလွဲအသုံးပြု သွားနိုင်သော ဓာတ်ပုံဖြစ်သောကြောင့် မတင်သင့်သော ဓာတ်ပုံဖြစ်ကြောင်း အွန်လိုင်းပေါ်မှ မှတ်ချက်များကို ကြည့်ပြီးနောက် သတိပြုမိပါသည်””ဟု ပါရှိသည်။

ထို့ပြင် ““အွန်လိုင်း အယ်ဒီတာအဖွဲ့၏ ပေါ့ဆမှုကြောင့် အများအထင်အမြင် လွဲမှားစေနိုင်သည့် အငြင်းပွား ဖွယ်ရာ ဓာတ်ပုံတစ်ပုံပါ ၀င်သွားခဲ့ခြင်းအတွက် သက်ဆိုင်သူများကို အနူးအညွတ် လေးလေးစားစား တောင်းပန် အပ်ပါသည်”” ဟူ၍ ယင်း““သစ္စာတိုင် တောင်းပန် ဖြေရှင်ခြင်း”” တောင်းပန်စာ၌ ဖော်ပြထားသည်။

အဆိုပါ တောင်းပန်စာနှင့် ပတ်သက်၍ The Voice Daily သတင်းစာတိုက်သို့ ထပ်မံ ဆက်သွယ်မေး မြန်းခဲ့ရာ ““ကျွန်တော်တို့က အွန်လိုင်း တင်ခဲ့တဲ့ အခါကျတော့ ဓာတ်ပုံတင်တဲ့အခါ ဓာတ်ပုံက Photo အယ်ဒီတာကနေ ပြီးတော့ Folder အလိုက်လုပ်ပြီး တင်လိုက်တာလေ။ ဓာတ်ပုံတွေကို ရွေးပြီးစုပြီး တင်လိုက်တဲ့ သဘောပဲဗျ။ ဓာတ်ပုံတွေကို အထူးတလှယ် သတိမထားမိ လိုက်တာပေါ့။ ဘာသာရေးခေါင်းဆောင် တစ်ယောက်ကို ဂါဝရပြုတဲ့ သဘောမျိုးပဲရှိတဲ့ အခါကျတော့ အဲဒါကို သာမန်ပဲဆိုပြီး၊ စဉ်းစားပြီး တင်လိုက်တဲ့ သဘောမျိုးပါဗျ။ သူတို့လည်း သတိနည်းနည်း လွတ်သွားတာပေါ့””ဟု ဖုန်းကိုင်ဖြေဆိုသော အမည်မဖော်လိုသူ အယ်ဒီတာ တစ်ဦးက ပြောသည်။

တောင်းပန်စာအား ““သစ္စာတိုင် တောင်းပန်ဖြေရှင်းခြင်း”” ဟု အမည်တပ်ထားရခြင်းနှင့် ပတ်သက်၍လည်း ““အဲဒါက ကျွန်တော် သေချာမသိဘူး။ အဲဒီအချက်က ကျွန်တော် သေချာမသိတော့ ဖြေရတာ နည်းနည်း ခက်မယ်။ အဲဒါတော့ ဦးကျော်မင်းဆွေပဲ သိလိမ့်မယ်””ဟုဆက်လက် ပြောဆိုသည်။

ယင်းသို့ အငြင်းပွားဖွယ်ရာ ဓာတ်ပုံဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်ကလည်း The Voice Daily သတင်းစာ၏ တရားဝင် လူမှုကွန်ရက် ဖေ့စ်ဘုတ်ဖြစ်သည့် The Voice Weekly ၌ နှစ်ကြိမ်တိုင် တောင်းပန် ခဲ့သေးပြီး ဒုတိယအကြိမ် တောင်း ပန်သော တောင်းပန်စာ မှာ သတင်းစာတွင် တရားဝင်ဖော်ပြ တောင်း ပန်ထား သော ““သစ္စာတိုင် တောင်းပန်ဖြေရှင်းခြင်း””တောင်းပန် စာဖြစ်သည်။

““မြန်မာနိုင်ငံမှာက ဘာသာရေးနဲ့ ပတ်သက်ရင် လူတိုင်းသည် အရမ်း Sensitive ဖြစ်တယ်။ ဒီလိုပုံကြီး တက်လာတာက ဘယ်လို အယူအဆနဲ့ပဲ တက်တက် နောက်ဆုံး အဲဒီပွဲကို တက်တဲ့သူတွေ အကုန်သိတယ်။ နောက် ဆုံး ဆရာတော်ကြီးတောင် သွားပြီးမေးလို့ရတယ်။ အခု ဖြေရှင်း တဲ့ ဖေ့စ်ဘုတ်ဆိုတာ ဖေ့စ်ဘုတ်ကြည့် တဲ့ လူတန်းစားဆိုတာ မြန်မာနိုင်ငံ အတိုင်းအတာနဲ့ ကြည့်ရင် လူနည်းစုပဲရှိတယ်။ မီဒီယာမှာ ပြန်ပြီး ကျယ်ကျယ် ပြန့်ပြန့် ပြောစေချင်တယ်။ ဒီဓာတ်ပုံနဲပတ်သက်ပြီး မီဒီယာ အရောက်အပေါက်နည်းတဲ့ ဒေသတွေထိကို ပျံ့သွားနိုင်တယ်။ အစကတည်းကိုက မတင်သင့်တဲ့ ကိစ္စပေါ့။ မဟုတ်တဲ့အရာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်တဲ့ အသွင်းမျိုးနဲ့တော့ မတင်သင့်ဘူးပေါ့။ စာမျက်နှာပေါ်မှာ ပြန်ပြီးတော့ မဖော်ပြရင် မီဒီယာကိုမေးရင်လည်း အဆင်မပြေဘူး။ အစ်မတို့ရဲ့ သတင်းလည်းမတင်ဘူး။ ဖတ်လည်း မဖတ်ဘူး”” ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မတ်လ ၁၀ ရက်က လက်ပံတန်းတွင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် သပိတ် တိုက်ပွဲဝင် နေသည့် ကျောင်း သား၊ ကျောင်းသူနှင့် ၀န်းရံသူများအား ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် နှိမ်နင်းခဲ့သည့် သတင်းဓာတ်ပုံများကို မတ်လ ၁၁ ရက်ထုတ် The Voice Daily သတင်းစာ၌ ““လက်ပံတန်း ကျောင်းသား သပိတ်ဖြိုခွဲမှု မြင်ကွင်းများ””ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့စဉ်ကလည်း ဝေဖန်ခံခဲ့ရဖူးသည်။

ယင်းသတင်းဓာတ်ပုံများကို ““ရိုက်နှက် ဖမ်းဆီးမှုကြောင့် အခြေမလှ ထွက်ပြေးခဲ့ရသည့် ကျောင်းသားသပိတ် ဦးဆောင်အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်း””၊ ““ဖနောင့်နှင့်တင်ပါး တစ်သားတည်း ကျအောင် ပြေးလွှားခဲ့ရသည့် သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံသူများ””စသည်ဖြင့် ဓာတ်ပုံပုံစာများ ရေးထိုးဖော်ပြခဲ့ရာ သတင်းစာ ကျင့်ဝတ်နှင့် မညီဟုဆိုကာ ဝေဖန်ခံခဲ့ရခြင်း ဖြစ်သည်။

The Voice Daily သတင်းစာ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေမှာ သမ္မတဦးသိန်းစိန် ဖွဲ့စည်းပေး ထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တွင် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူ လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်။ စာနယ်ဇင်းကောင်စီ (ယာယီ)သည် သမ္မတက ငွေကျပ် သိန်း ၅၀၀ ပေးအပ်ခြင်းကို လက်ခံခဲ့သည့်အတွက် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ဝေဖန်ခဲ့ကြသေးသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment