Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 28, 2015

အရွယ်တင်ခြင်း နည်းလမ်းကောင်း (၁၀)ချက်ကို ကျင့်သုံးရဲ့လား


          ကိုယ့်အရေပြားတွေ အိုမင်းလက္ခဏာ စတင်ပြသ လာပြီလား။ မျက်နှာ အရေပြားလေးများ တွန့်ခေါက်လာခြင်း၊ နဖူးပေါ်မှာ အမည်းစက် လေးများ ထင်လာခြင်း၊ နှုတ်ခမ်း အရေပြားတွေ ကျုံ့လာခြင်း၊ မျက်ရစ်တွေ တွဲကျ လာခြင်းစသည့် လက္ခဏာများကို မြင် လာရပြီလား။ အိုမင်းမှု ကာကွယ်ဆေးဆိုပြီး ရောင်းနေတာတွေ သောက်မည့်အစား ဘ၀နေမှုစတိုင် နည်းနည်းလေး ပြောင်းကြည့်ပါ လား။ နေပုံထိုင်ပုံ စားပုံသောက်ပုံ နည်းနည်းလောက် ပြောင်းလိုက်ရုံနဲ့တင် အရေပြားများ လတ်ဆတ် ကျန်းမာကာ လူက နုပျိုလာနိုင်သည့် နည်းလမ်းကောင်း (၁၀)ချက်ရှိသည်။
နေရောင်နဲ့ တိုက်ရိုက်ထိချိန် သိပ်မများ အောင် ဂရုစိုက်ပါ။
          နေရောင်နဲ့ များများထိခြင်းသည် အရေပြားများ စောစီးစွာ အိုမင်းစေသည့် အကြောင်းရင်း တစ်ချက်ဖြစ်သည်။ နေအပြင်းဆုံး နေ့လယ်အချိန် များတွင် အမိုးအကာ အောက်မှာနေပါ။ နေရောင်ပြင်းသည့် အချိန်မျိုး မဖြစ်မနေ အပြင်ထွက်ရမည် ဆိုပါ SPF ပမာဏ လုံလောက်စွာ ပါဝင်သော နေရောင်ကာ လိမ်းဆေးများ လိမ်းပါ။ နေရောင်ထဲ မထွက်ခင် မိနစ်(၂၀)၊(၃၀) လောက် ကြိုပြီးလိမ်းပါ။ နေရောင်ထဲ ထွက်နေချိန်တွင်လည်း နှစ်နာရီခြား တစ်ခါလောက် ထပ်လိမ်း ပေးပါ။ သို့ပါမှ နေရောင်ကာ လိမ်းဆေး ခြောက်သွားကာ ကာကွယ်နိုင်စွမ်း ကျသွား မည့် အန္တရာယ်ကို လျှော့ချနိုင်မည်။
ရေဓာတ်ပြည့်နေပါစေ။
          အသက်အရွယ် ထက်ပိုပြီး အရေပြားက အိုမင်းနေပြီဆိုလျှင် မိမိ ရေလုံလောက်အောင် မသောက်သောကြောင့် ထိုသို့ဖြစ်ရ သည်ဟု သတိရပါ။ ခန္ဓာကိုယ် ရေဓာတ် ခန်းခြောက်ခြင်းသည် အရေပြားများ ကျုံ့စေ၊ ခြောက်စေ၊ ကွာစေသည့် အဓိက တစ်ချက်ဖြစ် သည်။ အရေပြားတွေ စိုကာ နုပျိုတင်းရင်း နေဖို့ ဆိုလျှင် ခန္ဓာကိုယ် ရေဓာတ် မပြတ်ဖို့ လိုအပ် သည်။ ရေဓာတ် မလုံလောက်၍ အရေပြားများ ခြောက်ကပ် လာခြင်းသည် မလိုအပ်ဘဲ ပါးရေနားရေ တွန့်ခြင်း အကြောင်းရင်းဖြစ်သည်။ ရေဓာတ်အများစုဖြင့် ဖွဲ့စည်းထားသော လူ့ခန္ဓာကိုယ် လှပရေးတွင် ရေဓာတ် လုံလောက်စွာ ရဖို့အရေးသည် ထိပ်ဆုံး လိုအပ်ချက် တစ်ရပ်ဖြစ်သည်။
ဆေးလိပ်တော့ ဖြတ်ပါ။
          ဆေးလိပ် သောက်ခြင်းကြောင့် အဆုတ် ကျန်းမာရေးအပါအ၀င် ဆိုးကျိုးများစွာ ရှိရာ ထိုအထဲတွင် အရေပြားများ ပျက်စီးခြင်းလည်း ပါဝင်သည်။ ဆေးလိပ် သောက်ခြင်းကြောင့် အရေပြားများသို့ သွေးနှင့် အာဟာရဓာတ် ပေးပို့မှု အားနည်းသွား ရတတ်ကာ အာဟာရ ပြတ်လပ်သော အရေပြားသည် ယိုယွင်းကာ မြန်မြန် အိုမင်းလာရသည်။ ထိုအခါ အရေပြားသည် စိုစွတ်မှု ပျောက်ဆုံးကာ တင်းတင်းရင်းရင်းလည်း မရှိတော့။ ဆေးလိပ် သောက်နေချိန်တွင် မျက်လုံးထဲ မီးခိုးမ၀င်အောင် မျက်လုံး ကြွက်သားများက ကျုံ့ထားရမှု၊ ပါးစပ်က တဖွာဖွာ လုပ်နေရမှု များကြောင့် မျက်လုံးနှင့် ပါးစပ်တစ်ဝိုက် အရေပြားများ ကျုံ့ခေါက် ကုန်ရတတ်သည်။
အိပ်ရေးဝပါစေ။
          အိပ်ရေးမ၀လျှင် ခန္ဓာကိုယ်က ကော်တီ ဇုန်းဓာတ်တွေ ပိုထွက်သည်။ ကော်တီဇုန်း၏ ဆိုးကျိုးများ အနက် တစ်ခုကား အရေပြားဆဲလ် များကို ဖျက်ဆီးခြင်း ဖြစ်သည်။ အိပ်ရေးဝလျှင်ကား ခန်္ဓာကိုယ်က HGH ဟော်မုန်းများ ထုတ်ပေးသည်။ ထိုဟော်မုန်းသည် အရေပြား များကို စိုစွတ်တင်းရင်း ကျန်းမာစေ နိုင်စွမ်းရှိသည်။ အိပ်ရေးဝလျှင် မျက်နှာသည်လည်း တင်းတင်းရင်းရင်း တောက်တောက်ပပ ရှိနေ တတ်သည်မှာ ထိုဟော်မုန်း သက်ရောက်မှု ဖြစ်သည်။ အိပ်ရေးမ၀လျှင် ဆန့်ကျင်ဘက် သက်ရောက်မှု အဖြစ် မျက်နှာ ချောင်နေတတ်သည် မဟုတ်ပါလား။
မျက်နှာ ယောဂ ကျင့်ပါ။
          ယောဂ ကျင့်စဉ်များသည် စိတ်နှင့်ကိုယ်ကို ကျန်းမာစေသည်။ မျက်နှာအတွက် သီးသန့် ဖော်ထုတ်ထားသော ယောဂကျင့်စဉ် များသည်လည်း မျက်နှာ အသားအရေကို အထူး ကောင်းမွန်စေနိုင်သည်။ မျက်နှာ ယောဂ လေ့ကျင့်ခန်း ပုံမှန်လုပ်သူများသည် အိုမင်းလာသည့်တိုင် ငယ်နုသော မျက်နှာကို ပိုင်ဆိုင် နိုင်ကြမည်။ မျက်နှာ ယောဂလေ့ကျင့် နည်းများဆိုင်ရာ စာအုပ်ကောင်းများ ရှာဖွေ ဖတ်ရှုပါ။ သင်တန်းများနှင့် နီးစပ်ပါက သွားရောက် စုံစမ်းတက်ရောက်ပါ။ အင်တာနက် တွင်လည်း မျက်နှာ ယောဂဆိုင်ရာ နည်းနာ များစွာ လေ့လာနိုင်သည်။ မိမိနှင့် ကိုက်ညီ လိုက်ဖက် အကျိုးရှိမည့် မျက်နှာ ယောဂ လေ့ကျင့်ခန်း တစ်ခုခုကို ရွေးချယ် လိုက်စားပါ။
ကျန်းမာအောင် စားပါ။
          ဟင်းသီးဟင်းရွက်၊ အသီးအနှံများ ကနေ ပရိုတိန်းဓာတ် များများရအောင် စားခြင်းသည် အရေပြားကို လတ်ဆတ် တင်းရင်း ကျန်းမာအောင် စောင့်ရှောက်ခြင်း မည်၏။ အသားစိမ်း ငါးစိမ်းများမှရသော အာဟာရ ဓာတ်များသည်လည်း ခန္ဓာကိုယ် ကျန်းမာ အားရှိဖို့ လိုအပ်သည် မှန်သော်လည်း အရေပြား လတ်ဆတ် ကျန်းမာစေရန်မူကား ဟင်းသီးဟင်းရွက် အသီးအနှံများမှရသော ပရိုတိန်းဓာတ်သည် အကောင်းဆုံးဖြစ်သည်။ လေကောင်းလေသန့်လည်း ရှူပါ။ လေသန့် လတ်လတ်ဆတ်ဆတ် ရနိုင်သည့် နေရာများမှာ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ခြင်းသည်လည်း အရေပြားများ တင်းရင်း ကျန်းမာဖို့ နည်းလမ်းကောင်းဖြစ်သည်။
စိတ်ဖိစီးမှု နည်းအောင် နေပါ။
          စိတ်ဖိစီးလျှင် ကော်တီဇုန်းဓာတ် ထွက်သည်။ ကော်တီဇုန်းသည် ခန္ဓာကိုယ် ခုခံအား စနစ်ကိုပါ အားနည်းသွားအောင် လုပ်ပစ်နိုင်သည်။ အရေပြားဆဲလ် များကိုလည်း ဖျက်ဆီး ပစ်နိုင်စွမ်း ရှိ၏။ စိတ်ဖိစီးမှုကြောင့် ကော်တီဇုန်း များများ ထွက်သော ခန္ဓာကိုယ်သည် အရေပြား အပါးမြန်ကာ အရေပြား အားမရှိ ခြောက်ကပ် တွန့်ကျုံ့မှု ပိုဖြစ်ပွားသည်။ အကောင်းမြင်စိတ် မွေးခြင်းသည် စိတ်ဖိစီးမှု နည်းအောင် ကြိုးပမ်းခြင်းမည်၏။ တရားထိုင်ခြင်း သည်လည်း စိတ်ကို ခွန်အားဖြစ်စေကာ စိတ်ဖိစီးစေသည့် အခြေအနေများ အောက်မှာပင် မတုန်မလှုပ်သည့် စိတ်ဓာတ်ကို ပိုင်ဆိုင်ကာ ကိုယ်စိတ် ကျန်းမာအောင် ကူညီပေးနိုင်သည်။
အရေပြား အစိုဓာတ်ထိန်းရည် သုံးပါ။
          ယနေ့ အမျိုးသမီးထုသည် အိုမင်းမှု အရှိန်နှေးစေမည့် ပစ္စည်းများဟု ကြော်ငြာသည့် အမျိုးမျိုး အထွေထွေသော အလှကုန် များကိုသာ အာရုံစိုက် မဲနေကြသည်။ ပကတိရိုး ရှင်းပြီး အန္တရာယ်လည်းကင်း၊ ထိလည်း ထိရောက်သော အရေပြား အစိုဓာတ်ထိန်း အရည် ပုံမှန်လိမ်းပေးရုံနဲ့တင် အရေပြား စိုစွတ် တင်းရင်း စေမည်ကို မေ့နေကြသည်။ စိုစွတ် ပျော့ပြောင်းသော အရေပြားသည် အက်ကွဲခြင်း ကင်းသလို၊ ကျုံ့ခြင်း ခေါက်ခြင်းလည်း ကင်းကာ ပကတိ စိုပြည် တင်းရင်းနေလိမ့်မည်။
မျက်နှာ အလွန်အကျွံ သစ်ခြင်း မလုပ်ရ။
          ခန္ဓာကိုယ်ထဲ သောက်သွင်းလိုက်သော ရေဓာတ်သည် အရေပြားစိုပြည် ကျန်းမာအောင် ထောက်ကူ နိုင်သော်လည်း ထိုရေကို သုံးကာ အလွန်အက၊ွံ မျက်နှာသစ်ခြင်းသည်ကား အရေပြား ပျက်စီးစေမည့် အကြောင်းရင်း တစ်ချက်ဖြစ်သည်။ ပုံမှန် ဘုံဘိုင်ခေါင်းက လာသော ရေသည် အသားအရေကို စိုပြည်၊ ပါးရေ နားရေ မတွန့်အောင် ထိန်းပေးသည့် အဆီဓာတ်၊ အစိုဓာတ်များကို မျက်နှာမှ ဖယ်ရှားပစ်သဖြင့် မျက်နှာ အသစ်များပါက မျက်နှာ အရေပြားများ ခြောက်သွေ့အက်ကွဲမှု ဖြစ်ပွား ရတတ်သည်။
အရေပြားဆရာဝန်နဲ့ ဆွေးနွေးပါ။
          အရေပြားဆိုင်ရာ ခရင်မ်တွေ၊ လိုးရှင်းတွေ၊ အခြား ဓာတုပစ္စည်း အရည်တွေ သုံးချင်ရင် အရေပြား ဆရာဝန်နဲ့ ဆွေးနွေးပြီး မိမိ အသားအရေနဲ့ ကိုက်ညီမှု ရှိမရှိ အကြံဉဏ် တောင်းခံပါ။ အရေပြားကို လွှာခြင်း၊ လေဆာ နဲ့ ထိုးခြင်းစသဖြင့် အရေပြားကို တစ်ခုခု လုပ်ကာ အလှပြင်မည့် အစီအစဉ်ရှိပါကလည်း တတ်ကျွမ်းနားလည်သော အရေပြား ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီးမှ ဆက်လုပ် ခြင်းသည် အကောင်းဆုံး ဖြစ်သည်။
Ref: Are you following these 10 anti-ageing tips? By Sunisha Amol Naik (thehealthsite.com)
http://www.messengernewsjournal.com/news/Health/detail.php?id=35411

No comments:

Post a Comment